ယခုဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူ နှိုင်းယှဉ်ပါက သန်း ၂၀ဝ ကျော် ပိုမိုဝင်ရောက်

ရန်ကုန်  ၂၀  ဇန်နဝါရီ

ယခုဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက သန်း ၂၀ဝ ကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ  ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ဇန်နဝါရီ  ၁၀ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၇ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၇၀ ဒသမ ၈၀ဝ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၆ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၅၄ ဒသမ ဝ၀၂ သန်းသာ ရရှိခဲ့သည်။

ထိုသို့ ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ပြီးခဲ့သည့်နှစ်ကာလတူထက် လျော့နည်းသော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏ များလာခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့်လုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

"ယခင်နှစ်ကာလတူထက် များပါတယ်၊ အခု ကျွန်တော်တို့ သုံးလအပြီးမှာ ၁ ဒဿမ ၅ ဘီလီယံရနေပြီ၊ ကျွန်တော်တို့ တစ်လကို သန်း ၅၀ဝ နှုန်းလောက် ရတယ်လို့ တွက်လို့ရပါတယ်၊ ဆိုတော့ သန်း ၅၀ဝ နှုန်းနဲ့သွားရင် တစ်နှစ်ကို ၆ ဘီလီယံ ရောက်ရှိသွားမှာပါ၊ ကျွန်တော်တို့ Target က ၅ ဒသမ ၈ ဘီလီယံပါ၊ နည်းနည်း ကြိုးစားပြီး ဆောင်ရွက်နေပါတယ်၊ ဒါပေမယ့်လည်း တာဝန်ယူမှု တာဝန်ခံမှု ရှိတာကိုတော့ ဉီးစားပေးပါတယ်၊ ကျွန်တော်တို့ MIC ကို တင်ပြလာတိုင်း မပေးပါဘူး"ဟု  ဦးသန့်စင်လွင် က ပြောသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ တာထွက်ကောင်းပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသည့် လုပ်ငန်းများ ဆက်လက်ဝင်ရောက်ရန် အလားအလာရှိကြောင်း ဦးသန့်စင်လွင် က ပြောကြားထားသည်။

ထို့ပြင် ကမ်းလွန်ရေနံလုပ်ကွက်နှင့် ဓာတ်သတ္ထု ရှာဖွေတူးဖော်ရေးလုပ်ငန်းများကို စိစစ်ခွင့်ပြုပါက လက်ရှိ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ ဝင်ရောက်ရန် အလားအလာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း က ပြောကြားထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်လည်း လက်ရှိ ဘဏ္ဍာနှစ်တွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံမျှော်မှန်းထားသည်။ 

Nyein Nyein