ယခုဘဏ္ဍာနှစ် ​ ဆယ်လအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၅၀၀ ဘီလီယံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက ငွေကျပ် ၃၀၀ ဘီလီယံခန့် ပိုမိုဝင်ရောက်

ရန်ကုန်  ၇ သြဂုတ်

ယခုဘဏ္ဍာနှစ် ​ ဆယ်လအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၅၀၀ ဘီလီယံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက ငွေကျပ် ၃၀၀ ဘီလီယံခန့် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။

 

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၃ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၅၄၃၃၈၃ ဒသမ ၄၀၆ သန်း ရရှိထားသည်။

 

ပြီးခဲ့သည့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃၈ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၂၆၀၃၆၆ ဒသမ ၄၃၅ သန်းသာ ရရှိခဲ့သည်။

 

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ပြီးခဲ့သည့် နှစ်ကာလတူထက် လုပ်ငန်း ၂၅ ခု လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏ များလာခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် လုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။

 

လက်ရှိ ဘဏ္ဍာနှစ် ​ဆယ်လအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများအနက် စက်မှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဒုတိယအများဆုံး ရင်းနှီးမြုပ်နှံမှုမှာ အိမ်ရာအဆောက်အအုံ တည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍ၊ တတိယအများဆုံးရင်းနှီးမြုပ်နှံမှုမှာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့ဖြစ်ကာ အခြားဝန်ဆောင်မှုကဏ္ဍ၊ လယ်ယာကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ငြိမ်းငြိမ်း