YBS ယာဉ်စီးရေ ၃၅၀၀ ခန့်ဖြင့် နေ့စဉ်ခရီးသည် ၅ သိန်း ၈ သောင်းကျော် ပို့ဆောင်ပေးလျက်ရှိ

ရန်ကုန် ၄ ဇွန်

ဇွန် ၁ ရက်နေ့မှစတင်ကာ အစိုးရရုံးများနှင့် ရုံးအချို့ ပုံမှန်ပြန်လည်ဖွင့်လှစ်လာမှုကြောင့် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) လက်အောက်ရှိ YBS ယာဉ်လိုင်းများမှ တစ်နေ့လျှင်ယာဉ်အစီးရေ ၇၅ ရာခိုင်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ပြေးဆွဲရာတွင် ရုံးတက်ရုံးဆင်းချိန် ခရီးသည်စီးနင်းမှုများပြားခြင်းကြောင့် YBS ယာဉ်တစ်စီးနှင့် တစ်စီး ချိတ်ဆက်ပြေးဆွဲနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ယာဉ်တစ်စီးနှင့်တစ်စီး ထွက်ခွာချိန်များကို အချိန်ကြာမြင့်စွာ မခြားဘဲ ထွက်ခွာနိုင်ရန်နှင့် ရုံးတက်ရုံးဆင်းချိန်တွင် ဂိတ်မှစတင်ထွက်ခွာသည့် ပထမယာဉ်တွင် ခရီးသည်များပြည့်ကြပ်နေပါက ယာဉ်နောက်တစ်စီး တွဲလွှတ်သည့်စနစ်ကိုပါ ဆောင်ရွက်ရန် ယာဉ်လိုင်းများအားလုံးကို ပေါင်းစပ်ညှိနှိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

 

ရန်ကုန်မြို့နေ ပြည်သူများအတွက် ဇွန် ၁ ရက်တွင် YBS ယာဉ်လိုင်း ၁၂၆ လိုင်းမှ ယာဉ်အစီးရေ ၃၃၀၀ ကျော်ဖြင့် ခရီးသည် ၅ သိန်း ၆ သောင်းကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ပြီး ဇွန် ၂ ရက်တွင် ယာဉ်အစီးရေ ၃၅၀၀ ဖြင့် ခရီးသည် ၅ သိန်း ၈ သောင်းကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့သည်။ နေ့စဉ်ပြေးဆွဲနေသည့် ယာဉ်လိုင်းအရေအတွက်နှင့် ယာဉ်အစီးရေမှာ ခရီးသွားပြည်သူများ အခြေအနေနှင့် ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေပေါ်မူတည်ကာ ပြေးဆွဲနေရခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်သူရ