ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူများကို မဟာဗျူဟာနှင့်အညီ ပြန်လည်နေရာချထားရေး စီမံချက်လမ်းညွှန် ရေးဆွဲရန်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ၂၀   ဖေဖော်ဝါရီ

 

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ စခန်းများပိတ်သိမ်းနိုင်ရေးအတွက် စီမံချက်များ စနစ်တကျ ရေးဆွဲအကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန် လမ်းညွှန်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဆက်နွယ်ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ UEHRD မှ ကိုယ်စားလှယ်များ၊ ဆွစ်ဇာလန်နိုင်ငံမှ International Consultant, Professor Walter Kaelin တို့ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့်  IDP စခန်းများ ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ စခန်း (၁၂၈) ခု ဖွင့်လှစ်ထားပါကြောင်း၊ အဆိုပါစခန်းများမှာ ယာယီသာ ဖြစ်သင့်သည့်အတွက် စခန်းနေသူများကို ပြန်လည်နေရာချထားရေးနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ပေးရန် မိမိတို့အစိုးရ၏ တာဝန်ဖြစ်ပါကြောင်း၊ ထို့အတွက် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီး IDP စခန်းများရှိသည့် ပြည်နယ်များတွင် ရှင်းလင်းဆွေးနွေးပြီး ဖြစ်ပါကြောင်း။

 

အဆိုပါ မဟာဗျူဟာနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စခန်းများအလိုက် စီမံချက် (Action Plan) များရေးဆွဲကြရမည်ဖြစ်ရာ လမ်းညွှန် (Guideline) ရှိရန် အရေးကြီးပါကြောင်း၊ လက်ရှိစခန်းများအနက်မှ မည်သည့်စခန်းများကို ဉီးစားပေးနေရာ ပြန်လည်ချထားရန် ရွေးချယ်ခြင်း၊ ဆောင်ရွက်ချိန်တွင် စခန်းတွင်း နေထိုင်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကိုပါ အလေးထား ဆောင်ရွက်မှသာ ရေရှည်တည်တံ့မည် ဖြစ်ပါကြောင်း၊ မဟာဗျူဟာနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စခန်းတွင်နေထိုင်သူများ၏ ဆန္ဒများ ရယူဆွေးနွေးပြီး လက်တွေ့မြေပြင် အခြေအနေများကိုပါ ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဖြစ်ရပ်စီမံခန့်ခွဲမှု အဖွဲ့များဖွဲ့စည်း၍ ကွင်းဆင်း ဆန်းစစ်မှုများ ဆောင်ရွက်ရန် လျာထားပါကြောင်း၊  ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ကော်မတီများကို အမျိုးသားအဆင့်၊ ပြည်နယ်အဆင့်များအနေဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လမ်းညွှန်ရေးဆွဲရာတွင် လူမှုရေးအဖွဲ့အစည်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့များ၊ စခန်းတာဝန်ခံများနှင့် ဒေသခံ လူထုများအကြား ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအမံများ စနစ်တကျ ထည့်သွင်းရေးဆွဲနိုင်ရေး အလေးထား ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မဟာဗျူဟာ ရေးဆွဲစဉ်ကပင် နိုင်ငံတော်၏ ဉီးဆောင်မှုအောက်တွင် ဝန်ကြီးဌာနနှင့်အတူ ပံ့ပိုးကူညီခဲ့သည့် ဆွစ်ဇာလန်နိုင်ငံမှ International Consultant, Professor Walter Kaelin က မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မြေပြင်အခြေအနေ သိရှိစေရန် ရှမ်းပြည်နယ်ရှိ IDP စခန်းများသို့ ကွင်းဆင်းသွားရောက်ခဲ့သည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြည်နယ်အသီးသီး၌ ယခင်ကဆောင်ရွက်ခဲ့သည့် ပြန်လည်နေရာချထားမှုများမှ ရရှိသည့် အတွေ့အကြုံများအား ပြန်လည်ရည်ညွှန်း အသုံးပြုနိုင်ကြောင်း၊ လတ်တလောတွင်လည်း ကချင်ပြည်နယ်အတွင်း ပြန်လည် နေရာချထားမှုများအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြန်လည် နေရာချထားရေးအတွက် ဆွေးနွေးကြရာတွင် ဒေသအလိုက် မတူညီကြသည့် လူမှုအသိုက်အဝန်းများအကြား ဉီးစားပေး ဖြေရှင်းရမည့်ကိစ္စများ၊ မတူကွဲပြားသော်လည်း အကောင်းဆုံး ဆောင်ရွက်နေမှု အခြေအနေများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ရာတွင် ဒေသအခြေအနေနှင့် ကိုက်ညီမှုရရှိမှသာ အကျိုးရရှိမည်ကို လက်တွေ့လုပ်ငန်း ဆောင်ရွက်ခဲ့မှုများမှ ရရှိသည့် အတွေ့အကြုံများနှင့် နှိုင်းယှဉ်ရှင်းလင်း ဆွေးနွေးသည်။

           

ထို့နောက် ကရင်ပြည်နယ်လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်များက IDP စခန်းများတွင် နေထိုင်သူများအတွက် ပြန်လည်နေရာချထားရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းအစီအမံများ လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် UEHRD မှ  တက်ရောက်လာသူများက ကဏ္ဍအလိုက် အကြံပြုမေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 (သတင်းစဉ်)