ဝူဟန် (Corona Virus) ရောဂါ ကူးစက်ခြင်းမှ ကာကွယ်ရန် အသိပညာပေး လှုပ်ရှားမှုများ မန့်ဟီးရိုး၌ ဆောင်ရွက်

မန့်ဟီးရိုး    ၂၆   ဇန်နဝါရီ 

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်မှုရှည်လျားပြီး နှစ်နိုင်ငံ နယ်စပ်တွင် နေထိုင်ကြသော ပြည်သူများ နေ့စဉ်ကူးလူးဆက်ဆံ ဝင်ထွက်သွားလာလျက်ရှိသော ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် တရုတ်နိုင်ငံတွင် လတ်တလောဝူဟန် (Corona Virus) ရောဂါဖြစ်ပွားလျက် ရှိနေရာ မိမိတို့ ရပ်ရွာဒေသအတွင်းသို့ ရောက်ရှိပြန်နှံ့မှုမရှိစေရေးနှင့် ပြည်သူများ ကူးလူးဆက်ဆံနေမှုများမှ ရောဂါကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ဌာနဆိုင်ရာများ၊ မြို့မ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ကျန်းမာရေး ဉီးစီးဌာနမှ ဒေါက်တာစိုင်းယီအောင်နှင့် အဖွဲ့က ဇန်နဝါရီ ၂၅ ရက်နေ့မှ စတင်ပြီး ပြည်သူများအား အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်တွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရွက်ကာ Mask တပ်ဆင်အသုံးပြုစေရန်အတွက် Mask များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုများကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မန့်ဟီးရို့းမြို့နှင့် ကပ်လျက်ရှိသော တရုတ်နိုင်ငံရှိ မောင်နှမကျေးရွာ(နှစ်ပြည်တစ်ရွာ)အတွင်းရှိ ပန်းခြံ၊ ပြတိုက်၊ အရောင်းဆိုင်ခန်းနှင့် ပျော်ပွဲရွှင်ပွဲများသို့ လာရောက်သည့် ခရီးသွားဧည့်သည်များ ဝင်ရောက်မှုအား ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပိတ်ထားကြောင်းလည်း သိရှိရသည်။

ဉာဏ်မင်း(နမ့်ခမ်း)