ဝါးတန်း-ဒလ ဇက်ရေယာဉ်မှ တစ်ရက်လျှင် ကျပ်(၁၅)သိန်းကျော် ဌာနအတွက် ဝင်ငွေရရှိလျက်ရှိ

ရန်ကုန် ၄ ဇူလိုင်

ရန်ကုန်ဆိပ်ကမ်း ဝါးတန်းတံတားနှင့် ဒလဘက်ကမ်းသို့ ပြေးဆွဲလျက်ရှိသည့် မောင်းတက်၊ မောင်းဆင်း ဇက်ရေယာဉ်(၂)စီးဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်လွယ်ကူစေရန်ဝန်ဆောင်မှု ပေးလျက်ရှိရာ တစ်ရက်လျှင်ကျပ်( ၁၅)သိန်းကျော်ဌာနအတွက် ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

“မိုးရာသီမှာခရီးသည်၊ မော်တော်ယာဉ်၊ ရေယာဉ်အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ပါတယ်။ တစ်ရက်ကို ခေါက်ရေ(၁၄)ခေါက် ပြေးဆွဲပြီးတော့ ကားရှိရင်တော့ (၁၅)ခေါက်ထိ ပြေးဆွဲပေးပါတယ်။ ပုံမှန်ကတော့(၁၄)ခေါက်ပါ။ ကားဖြတ်သန်းမှုများတဲ့အတွက် ဇက်နှစ်စီးပြေးဆွဲပေးနိုင်တာကြောင့် ဌာနအတွက်လည်း ဝင်ငွေတိုးတက် ရရှိပါတယ်။ တစ်ရက်ကျပ်(၁၅)သိန်းကျော်ရပြီးတော့ ခေါက်ရေများ ရင်များသလို ဝင်ငွေပိုရပါတယ်”ဟု ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က ပြောသည်။

ဇက်ရေယာဉ်တစ်တန်အောက် အိမ်စီးကားနှင့် ခြောက်တန်မှ(၁၂)တန်ကြားယာဉ်များကို ရိုယို(၂ )၊ ရိုယို(၃)၊ မောင်းတက်မောင်းဆင်း ဇက်ရေယာဉ်ဖြင့် တစ်ရက်လျှင် ခေါက်ရေ(၁၄)ခေါက်ကို နံနက်(၆)နာရီမှ ည(၇)နာရီထိ၊ ယာဉ်တစ်စီးလျှင် ကျပ်(၂၅၀ဝ)မှ ကျပ်(၆၀ဝ၀)၊ ခရီးသည်တစ်ဦးလျှင် ကျပ်(၁၀ဝ)၊ နိုင်ငံခြားသားတစ်ဦးလျှင်ကျပ်(၂၀ဝ၀ဝ)နှင့် စက်ဘီး၊ ဆိုက်ကား၊ မော်တော်ဆိုင်ကယ်၊ နောက်တွဲယာဉ်(၃)ဘီး၊ (၄)ဘီးယာဉ်များကို နေ့စဉ်ဝန်ဆောင်မှု ပေးလျက်ရှိရာ ဇက်ရေယာဉ်တစ်စီးလျှင် အစီးရေ(၂၀)ကျော်မှ (၃၀)ကျော်ထိ သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။

 

mdn

 

ပွင့်လင်းရာသီဖြစ်သော အောက်တိုဘာလမှမတ်လထိ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများသော လများဖြစ်၍ ဌာနအတွက် ဝင်ငွေတိုးမြှင့်ရှာဖွေပေးလျက်ရှိပြီး ပန်းဆိုးတန်း ကူးတို့ရေယာဉ်နှင့် ဝါးတန်း-ဒလဇက် ရေယာဉ်ပြေးဆွဲမှုသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ အဓိကဝင်ငွေရရှိရာ ဝန်ဆောင်မှုလုပ်ငန်းလည်း ဖြစ်ရာ မောင်းတက်မောင်းဆင်း ဇက်ရေယာဉ်(၃)စီးတွင် ရိုယို(၄)မှာ ရေ ယာဉ်ပြင်ဆင်မှု ဆောင်ရွက်လျက် ဇက်ရေယာဉ်(၂)နှင့်(၃)ကို ရန်ကုန်မြစ်ကူး ဇက်ရေယာဉ်(၂)စီးဖြင့် ဝန်နေ့စဉ် ဝန်ဆောင်မှုပေးလျက်ရှိသည်။

ပုံမှန်အားဖြင့် မြစ်ကူးတံတား စီမံကိန်းများပြီးစီးပါက ကူးတို့နှင့်ဇက်ရေယာဉ်ဝန်ဆောင်မှု ရပ်နားလေ့ရှိတတ်ရာ သံလျင်တံတား၊ ပြည်နဝဒေးတံတား၊ ညောင်တုန်း-စက်ကော့တံတားများ တည်ဆောက်ပြီးချိန်တွင် ခရီးသွားနှင့် ဇက်ရေယာဉ်ပြေးဆွဲမှု ပိတ်သိမ်းခဲ့ပြီး ရန်ကုန်-ဒလတံတားတည်ဆောက်ချိန်၌ (၂၀၂၁-၂၀၂၂)ထိ အချိန်ရသောကြောင့် ဌာနအတွက် ဝင်ငွေဆက်လက် ရှာဖွေနိုင်လျက်မြစ်ကူး တံတားကြီး ပြီးစီးခဲ့ပါက ခရီးသွားပြည်သူတို့၏ လိုအပ်ချက်အရ ဇက်ရေယာဉ်ပြေးဆွဲမှုကို လည်းဆက်လက် ဝန်ဆောင်မှုပေးရန် အသင့်ရှိကြောင်းနှင့် ဇက်ရေယာဉ်နှစ်စီးဖြင့် တစ်ရက်လျှင်ကျပ်(၁၅)သိန်းကျော် ဌာနအတွက် ဝင်ငွေရရှိလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။

ဓာတ်ပုံ-သန်းစိုး
သန်းထိုက်