ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ ဆေးဝါးစက်ရုံ တည်ဆောက်နိုင်ရေး လာရောက်တွေ့ဆုံ

ပဲခူး ၁ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ပဲခူးမြို့နယ်အတွင်း  ဆေးဝါးစက်ရုံ တည်ဆောက်နိုင်ရေး MNO Limited မှ ဇွန်လ ၃၀  ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ် ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံခဲ့သည်။

 

ရှေးဦးစွာ MNO Limited မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းထွန်းဝင်းက ပဲခူးမြို့နယ်အတွင်း နိုင်ငံတကာ အဆင့်မီ ဆေးဝါးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တည်ဆောက်မည့် ဆေးဝါးစက်ရုံတွင် လုပ်သားအင်အား ၃၀ဝ၀ ကျော်ခန့်အား အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်မည်ဖြစ်ပြီး အခြေခံလစာ(၅)သိန်းမှ စတင်မည်ဖြစ်ကြောင်း၊ လူနေအိမ်ရာ များနှင့် အလှမ်းကွာဝေးသည့် နေရာတွင်သာ လိုအပ်ကြောင်းနှင့် ပြည်တွင်းလုပ်ငန်းရှင်အနေဖြင့်သာ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းပါကြောင်း ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြစ်၍ ပိုမိုကြိုဆိုကြောင်း၊ တိုင်းပြည် အတွက်လည်း ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း၊ သင့်တော်သည့် မြေနေရာရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ ညွှန်ကြားချက် ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၊ MNO Limited မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)