ဝမ်းတွင်းမြို့နယ် သနပ်ခါးတောကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေရန် မြေသားရေကန်တူးဖော်ပြုပြင်ခြင်းနှင့် လက်နှိပ်ပန့် တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်

မိတ္ထီလာ၊ စက်တင်ဘာ ၁၅

             

ဝမ်းတွင်းမြို့နယ် သနပ်ခါးတောကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် သန်း ၃၀ ကျော်ဖြင့် မြေသားရေကန် တူးဖော်ပြုပြင်ခြင်းနှင့် လက်နှိပ်ပန့် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

           

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ အဆင်ပြေစေရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၃၀.၅၃၅ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် A & A Star Co.,ltd မှ တာဝန်ယူ၍ သနပ်ခါးတောကျေးရွာတွင် အလျား ပေ ၁၆၀၊ အနံ ပေ ၁၅၀၊ အနက် ၅ ပေရှိ မြေသားရေကန် တူးဖော်ပြုပြင်ခြင်းနှင့် လက်နှိပ်ပန့် နှစ်စုံ တပ်ခြင်းလုပ်ငန်းများကို သြဂုတ်လ ၁၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ၎င်းမြေသားရေကန် တူးဖော်ပြုပြင်ခြင်းနှင့် လက်နှိပ်ပန့်တပ်ဆင်ဆောင်ရွက်မှု အခြေအနေကို မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်မိုးဦး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦဝင်းနိုင်ဦးနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ စက်တင်ဘာလ ၁၄ ရက်နေ့က  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ ၎င်းကျေးလက်ရေ ရရှိရေးလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ရေရရှိလုပ်ငန်းများဖြစ်သည့် မြေသားရေကန်တူးဖော်ပြုပြင်ခြင်းနှင့် လက်နှိပ်ပန့် နှစ်စုံ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ သနပ်ခါးတောကျေးရွာရှိ အိမ်ခြေ ၁၅၀ ကျော်   လူဦးရေ ၇၉၈ ဦးတို့မှာ သောက်သုံးရေကို ရာသီမရွေး အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

                

သိန်းမြင့်ကျော်(မိတ္ထီလာ)