ဝမ်းတွင်းမြို့နယ် အင်းကန်းကုန်းကျေးရွာတွင် လယ်ယာမြေဧက ၁၀၀ ကို အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်

မိတ္ထီလာ၊ ဒီဇင်ဘာ ၉

            

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အင်းကန်းကုန်းကျေးရွာတွင် လယ်ယာမြေဧက ၁၀၀ ကို အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

              

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုနှစ် ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းမူလရန်ပုံငွေကျပ် ၅၃.၀၇၂၃ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် TNT Myanmar Construction Co;Ltdမှ တာဝန်ယူပြီး အင်းကန်းကုန်းကျေးရွာ အရှေ့ဘက် ကွင်းအမှတ်(၁၂၅၂/၂၀၆၁)သို့ သွားသော ကုန်ထုတ်လမ်း အရှည် ၀/၂.၃၃ မိုင် ကို မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်း ၊ ၁/၀.၆၇ မိုင်ကို ဂျင်းခင်းခြင်းလုပ်ငန်းနှင့် Slab Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျှက်ရှိရာ ၎င်းကျေးလက်ကုန်ထုတ်လမ်း ခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလအကုန်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

                                                                                

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက အင်းကန်းကုန်းကျေးရွာရှိ အိမ်ခြေ ၃၄၄ ၊ လူဦးရေ ၁၇၅၃ ဦးတို့၏ လယ်ယာမြေ ဧက ၁၀၀ မှ ထွက်ရှိလာမည့် ဒေသထွက်ကုန်များ သယ်ယူ ပို့ဆောင်ရာတွင် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ