ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်တရားပွားများသူများနှင့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြား

ရန်ကုန် ၁၃ အောက်တိုဘာ

 

ဝါလကင်းလွတ် သီတင်းကျွတ်တွင် ဝါကျွတ်ပွဲတော်ကျင်းပလေ့ရှိသည်။ မြတ်စွာ ဘုရားရှင်၏ ပညတ်တော်အရဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ပုရိမဝါဆိုတော် မူကြသော သံဃာတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် ဝါဆိုသည့် ကာလကုန်ဆုံးကာ မိမိတို့ကျောင်းအရပ်အတွင်း၌သာ သီတင်းသုံးနေထိုင်ခြင်းမှ လွတ်မြောက်တော်မူကြ သည်။ ထို့ကြောင့် သီတင်းကျွတ်လဟု ခေါ်ဆိုကြသကဲ့သို့ သံဃာတော်များ ဝါဆိုဝါကပ်ခြင်းမှ ကျွတ်လွတ်ပြီး မီးထွန်းပွဲတော် ကျင်းပခြင်းကြောင့် ဝါကျွတ်မီးထွန်း ပွဲတော်ဟုလည်း ခေါ်ဆိုကြသည်။

 

မဟာသက္ကရာဇ် ၁၀၉ ခုနှစ် ဝါဆိုလပြည့်နေ့ညနေပိုင်းတွင် သာဝတ္ထိပြည်၌ ဂေါတမမြတ်စွာဘုရားသည် ဒိဌိတို့ကို နှိမ်နင်းတော်မူရန် ရေအစုံ၊ မီးအစုံ ယမိုက်ပြာဋိဟာ ကို ပြတော်မူပြီး တာဝတိံသာနတ်ပြည်သို့ ကြွတော်မူကာ သတ္တမဝါကပ်တော်မူသည်။

 

4

 

တာဝတိံသာနတ်ပြည်၌ သန္တုသိတမည်သော မယ်တော်မိနတ်သားကို အမှူးထား ကာ နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောတော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့၌ အဘိဓမ္မာတရားဟောကြား၍ ပြီးဆုံးတော်မူသည်။ ထိုနေ့တွင်ပင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ သိကြားမင်းဖန်ဆင်းပေးသော ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတို့မှ မြတ်စွာဘုရားသည် ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ အလယ်၌ရှိသော ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်ရာ နတ်အပေါင်းက လက်ယာဘက် ရွှေစောင်းတန်း ဖြင့်လည်းကောင်း၊ ဗြဟ္မာကြီးအပေါင်းက လက်ဝဲဘက် ငွေစောင်းတန်းဖြင့်လည်းကောင်း ဆင်းသက်လိုက်ပါပြီး မာတလိနတ်သားက ပန်းမန် အမွှေးအကြိုင်တို့ဖြင့် ပူဇော်၍ လိုက်ပါခဲ့သည်။

 

သာဝတ္ထိပြည်၌ရှိကြကုန်သော လူပရိသတ်အပေါင်းသည်လည်း သင်္ကဿသို့ ရောက်ရှိကာ မြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုကြိုဆိုကြကုန်သည်။ ဤပူဇော်ပွဲကို အစွဲပြု၍ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာ ဘုရားကို ရည်မှန်းကာ ဆီမီးများဖြင့် ရှေးယခင်မှ ယနေ့ထက်တိုင် ဗုဒ္ဓဘာသာဝင်များက ပူဇော်ကြခြင်းဖြစ်သည်။

 

ရွှေတိဂုံစေတီတော်၏ ၁၃၈၁ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ ရင်ပြင်တော်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပကြသည်။

 

1

 

ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက နံနက် အရုဏ်တက်ချိန်တွင် ရင်ပြင်တော်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် ဝါတွင်းသီလခံယူပွဲနှင့် ဆွမ်းသိမ်းအောင်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အနုမောဒနာတရားနာယူခြင်းနှင့် ရေစက်သွန်းလောင်း အမျှပေး ဝေခြင်းတို့ကို ဆောင်ရွက်ကြသည်။ ညပိုင်းတွင် ဘာသာရေးအသင်းအဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများက စေတီတော်ရင်ပြင်၌  ဆီမီးများဖြင့် ထွန်းညှိပူဇော်ကြ သည်ကို တွေ့ရသည်။

 

အလားတူ မဟာဝိဇယစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ ယနေ့ အရုဏ် တက်ချိန်တွင် စေတီတော်အား ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဘာသာရေးဝတ်အသင်းအဖွဲ့များက အဘိဓမ္မာတရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။ ညပိုင်းတွင် စေတီတော်ရင်ပြင်၌ ဂေါပကအဖွဲ့၊ ဘာသာရေးဝတ် အသင်းအဖွဲ့များနှင့် အလှူရှင်များက ဆီမီး ၅၀ဝ၀ ထွန်းညှိပူဇော်ကြသည်။

 

8

 

ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်ကြီး၌ အဘိဓမ္မာအခါတော်နေ့ကို ကျင်းပရာ ဝတ်အသင်းအဖွဲ့များက အဘိဓမ္မာအခါတော်နေ့ ဓမ္မပူဇာများဖြင့် ရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျဂေါပက ဦးမောင်လှိုင်က အဘိဓမ္မာ အခါတော်နေ့အကြောင်း ဓမ္မပူဇာမင်္ဂလာထောပနာကို မြွက်ကြားပြီး အလှည့်ကျ ဂေါပကအဖွဲ့ဝင် ဦးအုန်းကြိုင်က အဘိဓမ္မာအခါတော်နေ့အမျှဝေစာတမ်းကို ရွတ်ဆို ပူဇော်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ အရုဏ်တက်အချိန်တွင် ရင်ပြင်တော်ပေါ်ရှိ ဘုရားသုံးဆူတန်ဆောင်း၌ ဆွမ်းတော်ကြီးတင်ကပ်လှူခြင်း၊ စေတီတော်၏ အောင်ဓမ္မာရုံ တွင် ၁၄ ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ ကျင်းပခြင်း၊ ကျိုက်ဝိုင်းဖြူး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရာဇဓမ္မ က နံနက် ၁၀ နာရီခွဲတွင် သီလပေးတရားချီးမြှင့်ပြီး မွန်းလွဲ ၁ နာရီတွင် နိဗ္ဗာန်ရောက်ကြောင်းတရား ဟောကြားခြင်းနှင့် ညပိုင်းတွင် စေတီတော်ရင်ပြင် တော်၌ ဆီမီး(၁၁၀ဝ၀)ထွန်းညှိပူဇော်ကြသည်။

 

သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ ယနေ့ မွန်းလွဲ ၁ နာရီတွင် အာရုံခံတန်ဆောင်းအပေါ်ထပ်၌ ဝတ်အသင်းအဖွဲ့များက အဘိဓမ္မာအခါတော်နေ့ ဓမ္မပူဇာတရားတော်များကို ရွတ်ဆိုပူဇော်ကြပြီး အလှည့်ကျသဘာပတိ ဦးထွန်းဝင်း က အဘိဓမ္မာအခါတော်နေ့အကြောင်း ဓမ္မပူဇာမင်္ဂလာထောပနာ စကားကို မြွက်ကြားကာ ညပိုင်းတွင် စေတီတော်ကြီးအား လျှပ်စစ်မီးရောင်စုံများဖြင့် ထွန်းညှိပူဇော်ကြသည်။

 

ဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဂေါပကအဖွဲ့က ကြီးမှူး၍ ၂၂ ကြိမ်မြောက် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပရာ ကန်ဦးဇေတဝန် စာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာမီဘိဝံသ ထံမှ ဂေါပကအဖွဲ့နှင့် ပရိသတ်က ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်း လောင်းအမျှပေးဝေကြသည်။ ထို့နောက် ဝတ်အသင်းအဖွဲ့များက အဘိဓမ္မာအခါတော်နေ့ နှင့်စပ်လျဉ်းသည့် တရားတော်များကို ရွတ်ဆိုပူဇော်ကြသည်။

 

အလားတူ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီး ဘုရားစေတီများ၊ မြို့နယ်ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများ၊ လမ်းများ၌ စတုဒိသာ ကျွေးမွေးခြင်း၊ ကုသိုလ်ကောင်းမှုပြုကြခြင်း၊ အဘိဓမ္မာအခါတော်နေ့ ပူဇော်ပွဲများ ကျင်းပခြင်း၊ သက်ကြီးဝါကြီးမိဘဘိုးဘွား၊ဆရာသမားများအား ကန်တော့ခြင်း၊ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များ၏ ပဝါရဏာပွဲများ၊ ဥပုသ်သီလဆောက် တည်ကြသူများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက စေတီတော်များအား ပန်း၊ သစ်သီး၊ ဆီမီး၊ ရေချမ်း၊ ရွှေသကင်္နးများ ကပ်လှူပူဇော်ကြခြင်း၊ ရုံးများနှင့် လူနေအိမ်များ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်များဖြင့် ထွန်းညှိပူဇော်ကြ ခြင်းများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

 

သတင်း-ရီရီမြင့်၊ ဥမ္မာသန့်

ဓာတ်ပုံ-ဇော်မင်းလတ်