ဝါလကင်းလွတ် သီတင်းကျွတ်

“ဝါလကင်းလွတ် သီဟင်းကျွတ်"ဟူသည့် စကားနှင့်အညီ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် အစဉ်အလာများကို မြင်တွေ့ရမှာ စိတ်ကြည်နူး ချမ်းမြေ့ဖွယ်ဖြစ်သည်။ ဤရာသီကာလတွင် မြန်မာတို့အဖို့ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည့် ကောင်းသောအစဉ်အလာတို့ ကိုပြုလုပ် ကြသည်။

 

ဝါလကင်းလွတ်သည်ဆိုရာ၌ ရဟန်းသာမဏေများအဖို့ ဝါဆို၊ ဝါခေါင်၊ တော်သလင်းတည်းဟူသော ဝါတွင်းသုံးလ ကာလပတ်လုံး ရဟန်းသံဃာ တော်များ သီတင်းသုံးရာကျောင်းတိုက်၌ပင် ဝါဆိုဝါကပ်တော်မူ ကြပြီး နောက် ထိုသုံး လတာကာလ ပြီးဆုံးခြင်း၊ လွတ်မြောက်ခြင်း ဖြစ်သည်။ ရာသီကာလအားဖြင့် မိုးလေကင်းစင်သည့် ပွင့်လင်းရာသီ ကာလဖြစ်ပြီး စပါးကောက်နှံများလည်း ပေါက်ပွားထွက်ထောင်လာသောကာလ ဖြစ်သည်။

 

အများပြည်သူတို့အဖို့ သီတင်းကျွတ်ကာလကို မီးထွန်းပွဲတော်ကာလ ဟုသာ အကြမ်းဖျင်း သိရှိနားလည်ထားသည်ထက် သီတင်းကျွတ်၏ အနှစ် သာရနှင့် အဓိပ္ပာယ်ကို ပိုမိုသိရှိ နားလည်ထားမည်ဆိုပါက ကောင်းသောအကျိုးများ တိုးပွားနိုင်မည် ဖြစ်သည်။ သီတင်းကျွတ်ရာသီကာလတွင် ရဟန်းသံဃာတို့နှင့် စပ်လျဉ်း၍ ထူးခြားသောပွဲတော်မှာ ပဝါရဏာပွဲတော် ဖြစ်သည်။ ပဝါရဏာဟူသည်မှာ ပါဠိအားဖြင့် “ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း” ဟု အဓိပ္ပာယ်ရသည်။

 

သီတင်းကျွတ်လပြည့်နေ့ သင့်လျော်သောအချိန်အခါ၌ ရဟန်းသံဃာတော်များ သိမ်သာသနိက အဆောက်အအုံ၌ စုရုံးကာ ပဝါရဏာပြု ကြသည်။ သိက္ခာအကြီးဆုံးမထေရ်က "တပည့်တော်သည် သံဃာကို ဖိတ်ကြားပါ၏။ တပည့်တော်၏အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း၊ သံသယရှိသော်လည်းကောင်း တပည့်တော်အား သနားသောအားဖြင့် ပြောဆို သတိပေးကြပါ။ အပြစ်ကိုရှု၍ ကုစားပါမည်” ဟု သုံးကြိမ်တိုင်တိုင် သံဃာအား ဖိတ်ကြားတိုက် တွန်းသည်။

 

ထို့နောက် မထေရ်စဉ် ဝါစဉ်အလိုက် သံဃာကုန်သည်အထိ သုံးကြိမ်စီ ရိုသေစွာဖိတ်ကြားကြသည်။ ဖိတ်ကြားပြီးတိုင်း သံဃာတော်များက သာဓုသုံးကြိမ် ခေါ်ကြသည်။ ဤသို့ ရဟန်းတော်အချင်းချင်း အပြန်အလှန် ဖိတ်ကြားတိုက်တွန်းသောပွဲကို ပဝါရဏာပွဲဟုခေါ်သည်။ အပြစ်ရှိက ပြုပြင်ပေးရန်အတွက် ဖိတ်ခေါ်သောပွဲလည်းဖြစ်သည်။

 

ဗုဒ္ဓဘာသာဝင် မြန်မာတို့အနေဖြင့် ဝါလကင်းလွတ် သီတင်းကျွတ်တွင် ဘိုးဘွားမိဘ၊ ဆရာသမား များနှင့် အထက်လူကြီး အကြီးအကဲများ၊ သက်ကြီးဝါကြီးများအား ရဟန်းသံဃာတို့ တောင်းပန်မှု ပြုလုပ်သကဲ့သို့ ပူဇော်ကန်တော့ကြသည်။ ဤကဲ့သို့ ပူဇော်ကန်တော့ခြင်းသည် ဝန်ချတောင်းပန် သည့်သဘော၊ အပြစ်ကြီးငယ်တို့ ပပျောက်စေသည် သဘောများ ပါဝင်နေသဖြင့် မြန်မာ့ယဉ်ကျေးမှု မင်္ဂလာရှိသော ကောင်းမွန်သည့် ထုံးတမ်း စဉ်လာဖြစ်သည်။

 

များထိုလူတို့ ဆီမီးထွန်းညှိပူဇော်သည့် သီတင်းကျွတ်ပွဲတော်သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်တော် မူလာသည်ကို အကြောင်းပြုသည့် ပွဲတော်ဖြစ်သည်။ တာဝတိံသာ နတ်ပြည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူလာသည်ကို ကြိုဆိုပူဇော်သောအားဖြင့် မီးမြင်းမိုရ်ပွဲ။ ဆီမီးမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပ ခြင်းလည်းဖြစ်သည်။ မြတ်စွာဘုရားရှင်ကို ရည်မှန်း၍ မီးရှူး မီးပန်းများ၊ မီးပုံများ၊ ဆီမီး ရောင်စုံများ၊ လျှပ်စစ်မီးလုံး၊ မီးဆိုင်းအသွယ်သွယ်တို့ဖြင့် ပူဇော်မှုပြုလာကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် အား ရည်မှန်း၍ မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။

 

သို့ဖြစ်ရာ ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယတွင် ရဟန်း သံဃာတော်များနှင့် ပြည်သူ ပြည်သားများ အစဉ်အလာ ကောင်းများ ပြုလုပ်ကြရာ၌ ဘုရား၊တရား၊ သံဃာ၊ မိဘ၊ ဆရာသမား၊ သက်ကြီးဝါကြီးများအား မွန်မြတ်သော စိတ်ထားဖြင့် ရည်းမှန်းပူဇော် နိုင်ပါစေကြောင်း။      ။

(ကြေးမုံ)