ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေး

ဟားခါး ၉  အောက်တိုဘာ

 

ချင်းပြည်နယ်အတွင်း အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ ရည်မှန်းကလေးများအားလုံး ရာနှုန်းပြည့် တိုက်ကျွေးပေးနိုင်ရေး သက်ဆိုင်ရာ ဆရာ ဆရာမများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများသို့ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစီအစဉ်အရ ဟားခါးမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က ကာကွယ်ဆေး တိုက်ကျွေးခဲ့ခြင်းသမိုင်းနှင့် လက်ရှိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၁၄) နိုင်ငံတွင် ကလေးငယ်များ ကာကွယ်ဆေး တိုက်ကျွေးနေမှု အခြေအနေတို့ကို လည်းကောင်း၊ ချင်းပြည်နယ်တွင် အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပြည်နယ်တစ်ခုလုံးကို အပိုဆောင်း ကာကွယ်ဆေး တိုက်ကျွေးသွားမှာ ဖြစ်သည့်အတွက် ဟားခါးမြို့နယ်အနေဖြင့် မြို့ပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများရှိ ကလေးငယ်များအားလုံးကို မကျန်ရအောင် တိုက်ကျွေးနိုင်ရေး အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

 

5

 

ထို့နောက် တက်ရောက်လာကြသူများက ကာကွယ်ဆေးတိုက်ကျွေးမည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခဲ့ကြပြီး သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

 

ချင်းပြည်နယ်အနေဖြင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်း(ပထမ) အကြိမ်ကို သြဂုတ်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့နယ် (၈)မြို့နယ်နှင့် စက်တင်ဘာလ ပထမပတ်တွင်  ပလက်ဝမြို့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း၊ အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်း (ဒုတိယ)အကြိမ်ကို အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ပြည်နယ်တစ်ခုလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟားခါးမြို့နယ်အနေဖြင့် အသက် ၅ နှစ်အောက် ကလေးငယ်ပေါင်း (၆၂၄၈)ဦး၊ အသက်(၉)လအောက် ကလေးငယ်ပေါင်း (၅၄၁၂)ဦးရှိပြီး ရည်မှန်းကလေးငယ်များ အားလုံးကို အပိုဆောင်းကာကွယ်ဆေး တိုက်ကျွေးနိုင်ရေး နှိုးဆော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)