ဝက်လက်မြို့နယ်၌ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကိုက်လံအဖြူ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ဝက်လက်၊ ၂၁ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ခေါတောကျေးရွာတွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကိုက်လံအဖြူ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေကာ အပိုဝင်ငွေများရရှိကြောင်း သိရသည်။

ကိုက်လံအဖြူ စတင်စိုက်ပျိုးတော့မည်ဆိုလျှင် ထယ်ရေးကို မြေများမွလာသည်အထိ ညက်အောင်ထွန်ရကြောင်း၊ ကိုက်လံအဖြူမျိုစေ့ကို ပျိုးခုံပေါ်တွင် ပျိုးထောင်ပြီး ၁၅ ရက်သား အရွယ်တွင် ပျိုးပင်ကလေးများကို အတန်းလိုက်ချကာ  စိုက်ရကြောင်း၊ စိုက်ပြီး ၁ လအကြာတွင် ချိုးယူရောင်းချရကြောင်း၊ မြေသြဇာအဖြစ် မြေဆီ ၁ လုံး ကို ကျပ် ၅၀၀၀ ဖြင့် ဝယ်ယူကာ တစ်ဧကလျှင် ၄ လုံးခန့် ပတ်ဖျန်းပေးရကြောင်း၊ ဆောင်းရာသီ ဖြစ်သောကြောင့် ၂ ရက်ခြားလျှင်တစ်ခါ ရေလောင်းပေးရကြောင်း၊ ရေလောင်းပေးရာတွင် မော်တာကို အသုံးပြုသောကြောင့် လျှပ်စစ်မီတာခအဖြစ် ၁ လ ကျပ် ၁၅၀၀၀ ခန့် ကုန်ကြကြောင်း၊ ကိုက်လံအဖြူ တစ်ဧကခွဲ စိုက်ပျိုးထားရှိရာ  အရင်းနီးမှာ ကျပ် ၃ သိန်းခန့် ကုန်ကြကြောင်းနှင့် အလုပ်သမားမငှားဘဲ မိသားစုဝင်များဖြင့်သာ စိုက်ပျိုးကြကြောင်း သိရသည်။

ဝက်လက်မြို့သို့ သွားရောက်ကာ နေ့စဉ်ရောင်းချရာတွင်လည်း ထန်းရွက်လျှော်ဖြင့်စည်း၍ အပင်ကြီးလျှင် ၁ ပင်ကို ကျပ် ၂၀၀ ဖြင့်ရောင်ရပြီး အပင်သေးလျှင် ၂ ပင်ကို ကျပ် ၂၀၀ ဖြင့် ရောင်းချရကြောင်း၊ တစ်ရက်လျှင် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ထိ နေ့စဉ် ပုံမှန်ဝင်ငွေရရှိကာ ၆ လအတွင်း  ကုန်ကျစရိတ်နုတ်ပြီး ကျပ် ၂၅ သိန်းခန့် အမြတ်ငွေရှိကြောင်း ကိုက်လံအဖြူ စိုက်ပျိုးထားသူ ခေါတောကျေးရွာနေ ဒေါ်ညိမ်းချမ်း၏ ပြောကြားချက်အရ သိရှိရသည်။

စိုးစိုးလှိုင်(ဝက်လက်)