ဝါးခယ်မမြို့နယ်၌ ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

mdn

ဝါးခယ်မ    စက်တင်ဘာ        ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းပြိုကျေးရွာအုပ်စု၊ ကမ်းပြိုကျေးရွာတွင် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက ရွှေလောင်းမြစ်ရေ တိုက်စားသဖြင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအလျား ပေ ၅၀၊ အနံ ၂၅ ပေခန့် ပြိုကျခဲ့ပြီး လူ၊ တိရစ္ဆာန်နှင့် အဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများက မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြစ်ကမ်းပါးအနီးတွင် သာသနာ့လင်းရောင်ခြည်ကျောင်းတိုက်တည်ရှိပြီး ဆရာတော်ဘဒ္ဒန္တ စန္ဒိမာနှင့် ရဟန်း သုံးပါး သီတင်းသုံးလျက်ရှိကာ လူနေအိမ်များမရှိကြောင်း သိရှိရသည်။

မြစ်ကမ်းပါးပြိုကျမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/တိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရေအရင်းအမြစ်ဦးစီး ဌာနသို့တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ကမ်းပြိုကျေးရွာ အုပ်စုတွင် ကမ်းပြို၊ ရေ ကျော်၊ ထုံးဝိုင်းကြီးနှင့် ပုဇွန်ချောင်းကျေးရွာ လေးရွာရှိကြောင်း၊ ကျေးရွာအုပ်စုအတွင်း အိမ်ခြေ ၅၈၂ လုံး၊ အိမ်ထောင်စု ၇၆၄ စု၊ လူဦးရေ စုစုပေါင်း ၂၂၀၃ ဦးနေထိုင်လျက်ရှိပြီး ကမ်းပြို ကျေးရွာတွင် အိမ်ခြေ ၁၂၅ လုံး၊ အိမ်ထောင်စု ၁၇၄ စု၊ လူဦးရေ စုစုပေါင်း ၅၄၃ ဦး နေထိုင်ကြောင်း သိရသည်။

ဝါးခယ်မ(ပြန်/ဆက်)