ဝိုင်းစုခိုင်သိန်းက အောက်တိုဘာလကုန်တွင် တစ်ကိုယ်တော်ခွေသစ် ထွက်နိုင်ရန် ပြင်ဆင်နေ

၁၆  အောက်တိုဘာ

တစ်ကိုယ်တော်တေးစီးရီး ခြောက်ခွေထွက်ရှိခဲ့သည့် အဆိုတော် ဝိုင်းစုခိုင်သိန်း က နောက်ထပ် တစ်ကိုယ်တော် စီးရီးသစ်ကို အောက်တိုဘာလကုန်ခန့်တွင် ထွက်နိုင်ရန် ပြင်ဆင်နေကြောင်းသိရသည်။ ယင်းစီးရီးသစ်အတွက် ကြိုးစားနေမှုအခြေအနေနှင့်အတူ ဂီတနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်သွားမည့် အချက်များကို ဝိုင်းစုခိုင်သိန်းက ယခုလိုပြောပြခဲ့သည်။

"လောလောဆယ်တော့ သီချင်းတွေ အသံသွင်းပြီးပေမယ့် ပျက်သွားတယ်၊ ဒါကြောင့် အသစ်ပြန်ပြီး အသံသွင်းနေတာ သုံးပုဒ်လောက် ပြီးပါပြီ၊ ဝိုင်းစုရဲ့ အခွေသစ်မှာ စုံတွဲသီချင်းအနေနဲ့ ကိုအောင်လတော့ မပါပါဘူး၊ တခြား အဆိုရှင် တစ်ယောက်ပဲ ပါမှာပါ၊ ဝိုင်းစု နှစ်စဉ် ပရိသတ်ကို ခွေသစ်လေးတွေထုတ်ပေးပေမယ့် ဒီကြားထဲမှာ ခွေမထွက်ဖြစ်တာ ကြာသွားတယ်၊ အခက်အခဲလေးတွေရှိလို့ပါ၊ သီချင်းတွေလည်း အပြောင်းအလဲ ဖြစ်နေတာကြောင့်ပါ၊ နောက်ကျသွားတဲ့အတွက်တော့ ခွင့်လွှတ်ပါလို့၊ သိပ်မကြာခင် ပရိသတ်အတွက် သီချင်းကောင်းတွေကို ဂီတသံစဉ်ကအစ တစ်မျိုးဆန်းသစ်ပြီးတော့ ပရိသတ်ဆီ အရောက်ပို့ပေးမှာပါ"ဟု ဝိုင်းစုခိုင်သိန်းက ပြောသည်။

အဆိုတော်တစ်ယောက်အဖြစ် အနုပညာအလုပ်များ လုပ်ကိုင်ရာတွင် အသံပိုင်းကိုသာမက ခန္ဓာကိုယ်ပိုင်းကိုပါ ဂရုစိုက်နေရပြီး အဆိုနှင့် ဖက်ရှင် တွဲဖက်နေသော ယနေ့ခေတ်တွင် ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းပုံနှင့် ဖက်ရှင်အတွက် ပြင်ဆင်ပုံနှင့် ပတ်သက်၍လည်း ဝိုင်းစုခိုင်သိန်းက ယခုလို ဆက်ပြောပြသည်။

"ဝိုင်းစုက အရင်ကတည်းက အစားမက်တယ်၊ တစ်နေ့ကို သူများက လေးနပ်စားရင် ဝိုင်းစုက ခြောက်နပ်စာလောက် စားတယ်၊ အခု ဝလာတော့ အစားတွေ မရပ်နိုင်တော့ဘူးဖြစ်နေတယ်၊ ခုတော့ နည်းနည်း ဝိတ်ကို ပြန်ထိန်းပြီးတော့ စားသောက်နေထိုင်နေပါတယ်၊ ဝိုင်းစုက နည်းနည်းအစာမစားတာနဲ့ ချက်ချင်း ပြန်ကျသွားတယ်၊ ဝိုင်းစုခန္ဓာကိုယ်က တက်လွယ်ကျလွယ်ပါတယ်၊ ဝိုင်းစုအနေနဲ့တော့ ပိန်တာကို ကြိုက်ပါတယ်၊ ပိန်တာမှ ပါးပြီး ကပ်နေတာကို ကြိုက်တာပါ၊ သူများတွေ ပိန်တာတွေ့ရင်လည်း သဘောကျတယ်၊ ပိန်တော့ ဘာဝတ်ဝတ် အဆင်ပြေတယ်လေ၊ ဝတော့ ဝတ်ဆင်ရတာ ခက်တယ်၊ လေးလံသလို ခံစားရတယ်၊ ကိုယ့်ကိုကိုယ်တော့ ဝနေတယ်လို့ ထင်မိပါတယ်၊ ပိန်လည်း ဝနေတယ်ပဲ ထင်တယ်၊ အခုဆို ပြည့်လာတာကို မကြိုက်ပြန်တော့ ပြန်ပြီးဝိတ်ချနေပါတယ်"ဟု ပြောသည်။

ကိုလင်း