ဝိန်းဂျွန်ဆင်ကို Fast & Furious 10 မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်တဲ့ ဗင်ဒီဇယ်

အောင်မြင်တဲ့ ဇာတ်လမ်းတွဲရုပ်ရှင်တွေဖြစ်တဲ့ Fast & Furious ရုပ်ရှင်တွေမှာ တွဲဖက်ပါဝင်ခဲ့တဲ့ မင်းသားတွေဖြစ်ကြတဲ့ ဝိန်းဂျွန်ဆင်နဲ့ ဗင်ဒီဇယ်တို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆက်ဆံရေး အဆင်မပြေ မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လတ်တလောမှာ ဗင်ဒီဇယ်က Fast & Furious 10 မှာ ဝိန်းဂျွန်ဆင်ကို ပါဝင်သရုပ်ဆောင်ပေးဖို့အတွက် သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေတစ်ဆင့် ဖိတ်ခေါ်ခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဝိန်းဂျွန်ဆင်နဲ့ ဗင်ဒီဇယ်တို့ဟာ ၂၀၁၁ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ ငါးကားမြောက် Fast & Furious ရုပ်ရှင်မှစတင်ပြီး အတူတွဲဖက်ပါဝင်ခဲ့တာပါ။ အတွဲညီလှတဲ့ သူတို့နှစ်ဦးကို ပရိသတ်တွေကလည်း အားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်အတွင်း ဝိန်းဂျွန်ဆင်က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာ ပေါ်မှာ ဗင်ဒီဇယ်ကို ရည်ရွယ်ရေးသားထားတယ်လို့ သိနိုင်တဲ့ စာသားအချို့ ရေးသားကာ သူတို့နှစ်ဦး ဆက်ဆံရေးအဆင်မပြေဖြစ်နေတာကို လှစ်ဟပြခဲ့ပါတယ်။ သူရေးသားဖော်ပြခဲ့တဲ့ စာသားတွေကို နောက်ပိုင်းမှာ ပြန်လည်ဖျက်ပစ်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Fast & Furious 8 မှာ သူတို့နှစ်ဦး အတူတွဲကာ ရိုက်ကူးထားတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်ခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။

လတ်တလောမှာ ဗင်ဒီဇယ်က Fast & Furious 10 မှာ ဝိန်းဂျွန်ဆင်ကို ပါဝင်သရုပ်ဆောင်ပေးဖို့အတွက် လူသိရှင်ကြားဖိတ်ခေါ်ခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ဝိန်းဂျွန်ဆင်က သူ့အနေနဲ့ Fast & Furious ရုပ်ရှင်သစ်မှာ ပါဝင်မှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးအကြား ဆက်ဆံရေးအဆင်ပြေကာ ရုပ်ရှင်သစ်မှာ အတူတွဲဖက်မြင်တွေ့ရဖို့အတွက် ပရိသတ်တွေကတော့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အေးပြည့်