ဝိဇယပူရ (ပင်းယ)

Thiha, the Traveller @ သီဟလုလင်

(ယခင်အပတ်မှအဆက်)


ဂူကြီးသုံးလုံးဟာ ထုထည်ကြီးမားကြပြီး ပုံစံလည်း တူပါတယ်။ တစ်ဂူနဲ့ တစ်ဂူကို ပေ ၁၂၀ အကွာမှာ တောင်မြောက်တန်းပြီး တည်ဆောက်ထားပါတယ်။ အလယ်ဂူက တော့ အကြီးဆုံးပါ။ ဘေးနှစ်ဂူမှာက လိုဏ်ဂူပတ်လမ်းတွေပါပြီး ဂူပေါ်တက်ဖို့ လှေကားတွေ ပါပါတယ်။ အခုအခါမှာတော့ တက်ဖို့ကို မတက်ကြဖို့ သတိပေးစာများ ကပ်ထားတာလည်း တွေ့ခဲ့ရပါတယ်။ လေးဘက်မုခ်ရှိကြပြီး မုခ်တိုင်းမှာ ဘုရား ဆင်းတုတစ်ဆူစီ ရှိကြပါတယ်။ နံရံဆေးရေး ပန်းချီတွေ ရှိခဲ့တယ်လို့ဆိုပေမယ့် အထောက်အထားက အတော်ရှာရမယ့်ပုံ တစ်ခုတလေတောင် ရေးရေးကျွန်တော်မတွေ့မိ။ (စဉ့်ခွက်) စဉ့်ကွင်းအရုပ်တွေတော့ နည်းနည်းပါးပါး ကျန်ရစ်နေတုန်းပဲ။ ဒါတောင် ပုံကဘာပုံမှန်း မှန်းဆရခက်နေပြီ။ ဓာတ်ပုံရိုက်ဖို့တော့ အတော်လှတဲ့နေရာတစ်ခု ဖြစ်ပါတယ်။


ပင်းယနန်းတော်ရာ
အတော်ကို ရှာရပါတယ်။ ရွာဥက္ကဋ္ဌအိမ် ပါရောက်ပြီး မေးခဲ့ရတာ အမှတ်တရပါပဲ။ ဂူကြီးသုံးလုံးကို မြောက်ဘက် နဂါးမောက် စိုက်ကွင်းဘေးက လှည်းလမ်းလေးအတိုင်း တစ်ဖာလုံလောက်လျှောက်မှ တွေ့ရပါတယ်။ အရင်ဆုံးတွေ့ရတာက ဘုရားပြိုကျနေပြီး ကုန်းလို ဖြစ်နေတဲ့တစ်ဆူပါ။ ဘေးက လမ်းလေးအတိုင်း ဆက်လျှောက်ရင် နန်းတော်ရာရှိကြောင်း မှတ်တမ်းတင် စိုက်ထူ ထားတဲ့ မှတ်တိုင်ပဲ ရှိပါတော့တယ်။ ဘယ်နား မှာ ဘာရှိနိုင်မလဲ ကျွန်တော်လည်း အနီး ဝန်းကျင် လိုက်ကြည့်ပေမယ့် စိုက်ခင်းတွေပဲ တွေ့ပြီး မှန်းဆရခက်ခဲပါတယ်။ ရှေးဟောင်း သုတေသနအဖွဲ့ကတော့ ပင်းယနန်းတော်ရာ ကို ၁၉၉၄ ခုနှစ်က နှစ်လတာ တူးဖော်မှတ်တမ်း တင်ခဲ့တယ်လို့ မှတ်တိုင်မှာ စာထိုးထားပါ တယ်။ နန်းတော်ကြီးဟာ ဧရိယာစတုရန်းပေ ၁၂၀၀၀၀ ကျော် ကျယ်ပြန့်ကြီးမားတယ် ဆိုပါတယ်။ ရှေးမြန်မာမင်းတွေ တည်ဆောက် တဲ့အတိုင်း အဆောင်များစွာကို စမုခ်ဆောင် စနုဆောင်တို့နဲ့ ပေါင်းကူးဆက်စပ်ထားပြီး အဆောင် ၁၀ ဆောင်မက ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။


နန်းဦးစေတီ
နောက်မှ သိရတာက နန်းတော်ရာ မှတ်တိုင်ရဲ့ဘေးက ဘုရားပြိုလေးတစ်ဆူဟာ နန်းဦးစေတီပါတဲ့။ နန်းဦးစေတီရဲ့ မူလပုံစံကို ခန့်မှန်းမရလောက်အောင် ဖြစ်နေပါပြီ။


ရတနာမြစည်းခုံစေတီ
ပင်းယမှာ ရတနာမြစည်းခုံ နာမည်တူ နှစ်ခုရှိပါတယ်။ နောက်တစ်ခုက ပဉ္စမာလိန္ဒ ရတနာမြစည်းခုံပါ။ ကျွန်တော် ရှာမရခဲ့ဘူး။ အခု ရတနာမြစည်းခုံစေတီကတော့ တံတားဦးဘူတာသွားတဲ့ လမ်းကနေ ဒေသခံတွေကို အနည်းငယ် မေးမြန်းသွားခဲ့ရပါတယ်။ စေတီကြီးက သဲကျောက်တွေနဲ့ တည်ဆောက်ထားပုံရတယ်။ ပဲ့ကျနေတဲ့ နေရာတွေမှာ သဲတွေဖြစ်နေတာ သတိထားမိလို့ပါ။ အဝင်က ဘုန်းကြီးကျောင်းလေးဆီ တက်တဲ့ လှေကားလေးကတော့ ဓာတ်ပုံရိုက်ချင်စရာလေး ဖြစ်ပါတယ်။

 

ရန်အောင်မြင်စေတီ
တံတားဦးမြို့ သဲမောင်းကန်ရွာမှာ ရှိပါတယ်။ ပင်းယခေတ်မှာ တည်ဆောက် ထားလို့များ ပင်းယထဲ ထည့်ထားသလား ထင်မိပါတယ်။ အတော်ဝေးဝေး သွားရသလိုပါပဲ။ လေဆိပ်သွားတဲ့လမ်းကနေ အမြန်လမ်းကို အနောက်လမ်းအတိုင်း ဆက်သွားရတာပါ။ အင်းဝဘုရင် မင်းခေါင်ကြီးက ရန်အောင်မြင်အရပ်မှာ စည်းခုံကြီးတည်ထားပြီး ရန်အောင်မြင်စည်းခုံကြီးလို့ ခေါ်စေတယ်လို့ မှတ်သားရပါတယ်။ တချို့ အထောက်အထားတွေအရလည်း မင်းခေါင်ကြီးက ပြန်ပြုပြင်သူဖြစ်ပြီး အနော်ရထာမင်းစော (အနိရုဒ္ဓမင်း)က စတင်တည်ခဲ့တာလို့ ဆိုပါသေးတယ်။

 

ပင်းယအောင်စည်းခုံစေတီ
အောင်စည်းခုံစေတီကတော့ မင်းကြီးစွာစော်ကဲ တည်ခဲ့တာပါ။ စကားအင်းရွာမှာပဲ တည်ရှိတာမို့ စကားအင်းအနီးအနားပတ်ပြီး ဘုရားဖူးနိုင်ပါတယ်။ ဘုရားပေါ်တက်ပြီး လမ်းပတ်လျှောက် ရှုခင်းကြည့်ရတာလည်း အတော်လှပါတယ်။ စဉ့်ကွင်းတွေလည်းရှိပြီး ခုတော့ အနည်းငယ် ကျန်ရှိပါတော့တယ်။

 

စကားအင်းရွာ
ပင်းယကို လည်ပြီဆိုရင် မဖြစ်မနေ ဖြတ်သွားကြရမယ့် ဒီစကားအင်းရွာလေးကိုလည်း လည်ပတ်လေ့လာသင့်ပါတယ်။ ကျွန်တော်ဆို ရွာလယ်က ရေကန်နား အကြော်ဆိုင်လေး ထိုင်စားရင်း ရွာဓလေ့ကို လေ့လာခဲ့သေးတယ်။ လှည်းတွေနဲ့ အခုထိ ခရီးသွားလာနေဆဲ၊ မန္တလေးနဲ့ ဒီလောက်နီးနေတာတောင် သီးသန့်အရပ်တစ်ခုလို ရိုးရှင်း နေတာလေး သဘောကျမိနေတယ်။

 

မဟာမင်္ဂလာစေတီ
တံတားဦးမြို့ထဲမှာရှိတဲ့ မဟာမင်္ဂလာ စေတီဟာ ပင်းယနဲ့ အင်းဝနေပြည်တော်နှစ်ခု ရဲ့ အလယ်ဗဟိုချက်လို့ ဆိုပါတယ်။ ဒုတိယ မင်းခေါင်က မြန်မာသက္ကရာဇ် ၈၄၂ ခု နန်းတက်တဲ့နှစ်မှာပဲ တည်ခဲ့တာပါ။ အတွင်းထဲမှာ လေ့လာစရာ ဟိုးခေတ်က ပန်းချီလက်ရာ တွေနဲ့ ပန်းပုလက်ရာလေးတွေ ရှိပါတယ်။ ကျောက်စာတိုင်ကျောင်း ဆရာတော် ဦးအာစိဏ္ဏ ရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ရုပ်လုံးပေါ်ဇာတ်တော်တွေက စိတ်ဝင်စားစရာပါ။

 

ပင်းယဟာ သူ့နောက်မှ ဖြစ်တည်လာတဲ့ အင်းဝလောက် လည်ပတ်စရာ မများတဲ့တိုင် ခရီးသွားတွေအတွက် လေ့လာမှတ်သားစရာ တွေ အများကြီးကျန်နေသေးတဲ့ လည်ပတ်စရာအရပ်ပါ။ ဒီထက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး အောင် လုပ်ဆောင်နိုင်သေးတဲ့ အရပ်လည်း ဖြစ်ပါတယ်။ ဘုရားပုထိုး ပြိုပျက်နေတာတွေလည်း ကျန်နေသေးသလို ဗမာဆန်တဲ့ အညာဟန်ကိုလည်း တွေ့မြင်နေဆဲ အရပ် တစ်ခုပါ။ ဒီထက်ပိုပြီး အနီးဝန်းကျင်ရွာတွေက လေ့လာစရာတွေ၊ ဒေသတွင်းလုပ်ငန်းတွေ ဖော်ထုတ်နိုင်မယ်ဆိုရင် ပိုပြီးလည် ပျော်မယ့် အရပ်ဆိုတာ မလွဲပါဘူးခင်ဗျာ။

 

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။   ။