WFP ၏ စီစဉ်မှုဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြည်တွင်းလေကြောင်းခရီးစဉ် စတင်ပြေးဆွဲ

 

ရန်ကုန် ၂၄ အောက်တိုဘာ

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါတုံ့ပြန်မှုနှင့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို ကူညီပံ့ပိုးနိုင်ရန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြည်တွင်းလေကြောင်းခရီးစဉ် (ပထမအကြိမ်) အဖြစ် ရန်ကုန်-စစ်တွေ ခရီးစဉ်ကို ယနေ့နံနက်ပိုင်းက စတင်ပြေးဆွဲသည်။

အဆိုပါ ပထမအကြိမ်ခရီးစဉ်ကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပျံသန်းပြေးဆွဲပေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အသုံးပြုမည့် ဆေးပစ္စည်းအထောက်အပံ့များနှင့်အတူ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းများ တင်ဆောင်သွားကြောင်း သိရသည်။

ယင်းလေကြောင်းခရီးစဉ်ကို ဥရောပသမဂ္ဂ European Civil Protection and Humanitarian Aid Operations (ECHO) ၏ ငွေကြေးထောက်ပံ့နှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ပေါင်းစပ်ညှိနှိုင်းမှုတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များ ခေတ္တရပ်နားထားသည့် ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်မှုနှင့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ယနေ့ခရီးစဉ်နှင့်ပတ်သက်၍ WFP ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က  “WFP အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ အားလုံးအတွက် အခုလို လေကြောင်းခရီးစဉ်တွေ ကနေတစ်ဆင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ လိုအပ်ချက်ရှိတဲ့အပေါ်မှာ မူတည်ပြီး အခုလို ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲသွားနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်မှု လုပ်ငန်းတွေနဲ့ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းတွေမှာ ရှေ့တန်းကနေ ပါဝင်ကူညီကြမယ့်သူတွေကို လိုရာခရီးရောက်အောင် သယ်ယူပို့ဆောင်ပေးနိုင်ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

WFP ၏ အဆိုပါ လေကြောင်းခရီးစဉ်ကို နေ့ရက်များသတ်မှတ်ကာ ပုံမှန်ပျံသန်းပြေးဆွဲပေးခြင်းမျိုး မဟုတ်ဘဲ ခရီးစဉ်လိုအပ်ချက်များအပေါ် မူတည်၍ ပျံသန်းပြေးဆွဲပေးသွားရန် စီစဉ်ထားရှိပြီး ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးမှုအကူအညီပေးနေသည့် ဝန်ထမ်းများအတွက် ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်