ဝါဆိုမုန့်ဖက်ထုပ်

၁၂ ဇူလိုင်

 

မုန့်ဖက်ထုပ်ဟာ ကျွန်မတို့ မြန်မာတွေ နှစ်သက်ကြတဲ့ သရေစာမုန့်ပဲ ဖြစ်ပါတယ်။ မုန့်ဖက်ထုပ်ကို မြန်မာနိုင်ငံ နေရာဒေသတော်တော်များများမှာ လုပ်စားလေ့ရှိကြ ပါတယ်။ ရောင်းလည်း ရောင်းကြပါတယ်။ ကောက်ညှင်း နဲ့ အုန်းသီးကို အဓိကအသုံးပြုရတဲ့ မုန့်တစ်မျိုးဖြစ်ပါ တယ်။ တခြားရပ်ရွာတွေထက် ကျွန်မတို့ မွန်ပြည်နယ် ဘက်မှာတော့ ခုလိုဝါဆိုလမှာ အထူးတလည် လုပ်ကြ တာလည်း မွန်လူမျိုးတွေရဲ့ ဓလေ့လို့ ပြောလို့ရပါတယ်။ အဖိတ်နေ့မှာ မုန့်လုပ်ကြပြီး ဝါဆိုလပြည့်နေ့မှာတော့ ဆွမ်းတော်တင်၊ ဘုန်းကြီးကျောင်းကို ဆွမ်းပို့၊ ရွာထဲ ရပ်ထဲ တစ်အိမ်တက်ဆင်း အပြန်အလှန် ပို့ကြပါတယ်။

 

ကျွန်မတို့အဘွားကတော့ မုန်ဖက်ထုပ်လုပ်တဲ့ နေရာမှာတော့ ဆရာကြီးပါပဲ။ အဘွား မုန့်ဖက်ထုပ်လုပ် တာကလည်း တကယ့်ကို အော်ပရေးရှင်းတစ်ခုလို လုပ်တာပါ။ အဘွားရွာက မွန်ပြည်နယ် မုဒုံမြို့နဲ့ သိပ်မဝေးတဲ့ နိုင်လှုံလို့ခေါ်တဲ့ရွာပါ။ အိမ်ခြေများတဲ့ ရွာကြီးတစ်ရွာပါ။ လယ်လုပ်ငန်း လုပ်ကိုင်တဲ့ အဘွား အတွက် မုန့်ဖက်ထုပ်ရဲ့ အဓိကပစ္စည်းဖြစ်တဲ့ ကောက်ညှင်းဆန်က အပေါဆုံးပါပဲ။ ဒါတင်လား မဟုတ်သေးဘူး။ ငှက်ပျောရွက်ကလည်း ခြံကျယ်သလောက် ငှက်ပျောပင်စိုက်ထားလို့ ကြိုက်သလောက် ခူးရုံပါပဲ။ အုန်းသီးကလည်း ခြံထွက်အလျှံပယ်ပဲ။ မုန့်ဖက်ထုပ်အတွက် အဘွားဝယ်ရတာ သကြားတစ်မျိုးပဲ ရှိပါတယ်။

 

အရင်က ခုလိုကောက်ညှင်းမှုန့်တွေ အလွယ်တကူ ရှိတာမဟုတ်ပါဘူး။ အဘွားက မုန့်မလုပ်ခင်ရက် တော်တော်ကြာကထဲက မုန့်လုပ်ဖို့ ပြင်ဆင်ပါပြီ။ ကောက်ညှင်းဆန်ကိုပြာ၊ အမှုန်အမွှားတွေ ကောက်ပါ တယ်။ ကျွန်မတို့ရဲ့လုပ်ငန်းပါ။ ငှက်ပျောရွက် ခူးရတယ်။ ရေဆေးပြီး ဖက်ပျော့သွားအောင် နေလှမ်းရပါတယ်။ မိုးတွင်းဖြစ်လို့ နေပူချိန်လေး ဝီရိယစိုက်ပြီး လှမ်းရတာပါ။ နေမပူလို့ မလှမ်းလိုက်ရဘူးဆိုရင် အလုပ်ရှုပ်ပါပြီ။ ဖက်တွေကို ရေနွေးငွေ့နဲ့ ပျော့အောင်လုပ်ရပါတော့တယ်။ ထင်းမီး ဖြစ်တာကြောင့် မီးခိုးနံ့မနံအောင်လည်း ဂရုစိုက်ရပါသေးတယ်။ ဖက်တွေပျော့သွားရင် ဖက်လှတာလေးတွေရွေး၊ မပြဲစုတ်သွားအောင် သေချာဖြတ်တောက်ထားရပါတယ်။

 

ကောက်ညှင်းနဲ့ ဖက်ကိစ္စပြီးတဲ့အခါ အလှည့်ကျတာ က အုန်းသီးပါ။ အဘွားခြံထဲက အုန်းသီးက အတော်ချို ပါတယ်။ အသားလည်း အထူကြီးပါ။ ကျွန်မတို့ ရန်ကုန် ပြန်ရင် အုန်းသီးကို တကူးတကကို သယ်ပြန်တာပါ။ ကျွန်မတို့ အဘွားဟာ အတော်စေ့စပ်သေချာသူပါ။ အုန်းသီး အပေါ်ခွံခွာပြီးရင် ဓားပါးပါးလေးနဲ့ အချောတစ်ခါထပ်ပြီး လုပ်ရပါတယ်။ အုန်းသီးခြစ်တဲ့အခါ အခွံတွေကျမှာကြောင့် ပြောင်ချောနေအောင် သပ်ရပါတယ်။ အုန်းသီးခြစ်ပြန်တော့ လည်း လက်ခြစ်အုန်းခြစ်နဲ့ ခြစ်ရပါတယ်။ အုန်းဖတ်ကိုလည်း မကြီးမသေး အနေတော်ရအောင် ခြစ်ရပါတယ်။ လုပ်တဲ့ ကောက်ညှင်းဆန်ကလည်းများတော့ အုန်းသီးကို လည်းအများကြီး ခြစ်ရပါတယ်။

 

အုန်းသီးခြစ်ပြီးတာနဲ့ အုန်းယိုထိုးမယ့် အိုးထဲထည့် ရပါတယ်။ အဘွားက အိုးကိုလည်း ချေးများတဲ့သူပါ။ သကြားကိုလည်း အဖြူရောင်ရအောင် ဝယ်ပါတယ်။ အုန်းသီးနဲ့ သကြားကို မီးဖိုပေါ်မတင်ခင် အရင်သမအောင် နယ်ပါတယ်။ ဆားလည်း နည်းနည်းထည့်ပါတယ်။ အဘွားရဲ့ အုန်းယိုကတော့ ရှယ်ပါပဲ။ ညောင်စေးကျအောင်၊ မနီသွားအောင် သေချာဂရုစိုက်ပြီး လုပ်ပါတယ်။ ကျွန်မ မှတ်မိချိန်ကနေစပြီး အဘွားကိုယ်တိုင် လုပ်ကိုင်နိုင်တဲ့အထိ အဘွားရဲ့ အုန်းယိုဟာ ဘယ်အချိန်ပဲထိုးထိုး ကွက်တိ စံကိုက်ပါပဲ။ ဒါကတော့ မုန့်မလုပ်ခင် တစ်ရက်မှာကြိုလုပ် ပါတယ်။

 

မုန့်မလုပ်ခင်ညဘက်မှာတော့ ကောက်ညှင်းရေစိမ် ရပါတယ်။ မနက်တော်တော်စောစောမှာ မုန့်ကြိတ်တဲ့ဆီကို ပို့ရပါတယ်။ တစ်ရွာလုံး လုပ်ကြတာဖြစ်လို့ ကြိတ်တဲ့နေရာ မှာလည်း တန်းစီရပါတယ်။ မုန့်ကြိတ်တာရပြီဆိုရင် မုန့်အိတ်ကို အပေါ်ကနေ အလေးတုံးတွေနဲ့ ဖိရပါတယ်။ ကျွန်မစိတ်ထင် တစ်နေ့လောက်ဖြစ်မယ် ထင်ပါတယ်။ ရေတွေထွက်ပြီး မုန့်သားချည်း ကျန်တဲ့အခါမှာတော့ မုန့်သားကို နယ်ရပါတယ်။ မာမယ်ထင်ရင် ရေလေးစွက်ပြီး နယ်ရပါတယ်။ မုန့်သား မပျော့မမာဘဲ အနေတော် ဖြစ်အောင်လုပ်တာကလည်း ပညာပါပဲ။

 

အဖိတ်နေ့ ညနေစောင်းလောက်ကနေ မုန့်စပြီး ထုပ်ပါပြီ။ ပထမဆုံး အရွယ်တော် မုန့်လုံးလေးတွေ လုပ်ပါတယ်။ မုန့်လုံးလေးကို လက်ဖဝါးပေါ်တင်ပြီး အဝိုင်းလေးဖြစ်အောင်လုပ်ပြီး အုန်းယိုထည့်ရပါတယ်။ ပြီးရင် ပြန်ပိတ်ပြီး အလုံးလေးဖြစ်အောင် ပြန်လုပ်ပါ တယ်။ ဆီပန်းကန်လေးထဲ မုန့်လုံးလေးကို နှစ်ပြီး ပြန်ဆယ်၊ အဆင်သင့် ဖြတ်ညှပ်ထားတဲ့ ငှက်ပျောဖက်ကို ကန်တော့ ပုံစံချိုး၊ ခုနက ဆီသုတ်ထားတဲ့ မုန့်လုံးလေး ထည့်ပြီး တြိဂံပုံလေးရအောင် ထုပ်ရပါတယ်။ တစ်အိုးစာ ရပြီဆိုရင် အဆင်သင့်လုပ်ထားတဲ့ ပေါင်းအိုးမှာထည့်ပြီး ပေါင်းပါတယ်။ ကျွန်မမှတ်မိသလောက် မြေပေါင်းအိုး ဖြစ်မယ်ထင်ပါတယ်။ မုန့်က အများကြီးဖြစ်တာကြောင့် တော်ရုံနဲ့ မပြီးပါဘူး။ လျှပ်စစ်မီးမရှိတဲ့အချိန်က ဖြစ်တာ ကြောင့် မီးခွက်နဲ့ပါ။ ထုပ်တဲ့သူကထုပ်၊ ပေါင်းတဲ့သူက ပေါင်းနဲ့ ပျော်စရာကောင်းလှပါတယ်။

 

အားလုံးပြီးတဲ့အချိန်ကတော့ အတော်ညဉ့်နက်ပါပြီ။ ပေါင်းအိုးကထွက်လာတဲ့ မုန့်တွေကို လင်ပန်းတွေနဲ့ ပြောင်းထည့်ပါတယ်။ ကျွန်မတို့ မြေးတစ်အုပ်လည်း မုန့်ပူပူနွေးနွေးကို စားဖို့စောင့်နေကြပါပြီ။ အဘွား ကတော့ သူ့စံနဲ့မလွဲစေရပါဘူး။ မုန့်အရွယ်အစား၊ အရောင်အဆင်း၊ အပျော့အမာ၊ အရသာအားလုံး ကွက်တိ ပါပဲ။ အဘွားရဲ့ စံကတော့ မုန့်ဟာ ဖက်မှာကပ်မနေ ရပါဘူး။ မုန့်သားဟာ ဖြူဖွေးနေရပါမယ်။ အထဲက ဌာပနာထားတဲ့ အုန်းယိုဟာ ဖြူပြီး ခပ်စိုစိုနဲ့စေးနေရ ပါမယ်။ ဒါကို အဘွားက သူ့ကိုယ်သူလည်း အတော် ဂုဏ်ယူတာပါ။

 

ဝါဆိုလပြည့်နေ့ မနက်မှာတော့ ဦးဦးဖျားဖျား ဆွမ်းတော်တင်ပါတယ်။ အဘွားလည်း ဥပုသ်စောင့်ဖို့ ဘုန်းကြီးကျောင်းသွားရင်း မုန်ဖက်ထုပ်တွေ ယူသွားပါပြီ။ ကျွန်မတို့ မြေးတွေကတော့ မုန့်ဖက်ထုပ်တွေကို ဗန်းတွေ နဲ့ထည့်ပြီး ရွာထဲတစ်အိမ်တက်ဆင်းပို့ဖို့ ပြင်ဆင်ပါပြီ။ အိမ်မှာလည်း အိုးအလွတ်တစ်လုံး အဆင်သင့်ထားရပါ သေးတယ်။ သူများတွေလည်း လာပို့ကြမှာကိုး။ တစ်ပတ် ဆယ်ရက် စားမကုန်ပါဘူး။ ရေခဲသေတ္တာလိုမျိုး ရှိတာလည်း မဟုတ်တော့ ရက်နည်းနည်းကြာရင် ပြန်ပြီး ကြော်စားကြပြန်ပါရော။

 

အရသာရှိလှတဲ့ မုန့်ဖက်ထုပ်ရဖို့ တော်တော်လုပ်ယူ ရပါတယ်။ တစ်ယောက်တည်းလည်း မလုပ်နိုင်ပါဘူး။ တာဝန်ကိုယ်စီယူပြီး လုပ်ကြရတာကို တွေ့ရမှာပါ။ ခုတော့ နည်းနည်းလွယ်ကူလာတာက ကောက်ညှင်း အမှုန့်တွေ ရှိလာပြီ။ အုန်းသီးတွေ စက်နဲ့ခြစ်လို့ရလာပြီ။ လျှပ်စစ်မီး၊ ဂက်စ် ဒါတွေနဲ့ အလွယ်တကူ မုန့်ပေါင်းလို့ ရလာပြီ။ လုပ်စားကြည့်ကြပါဦးနော်။ ကျွန်မအဘွားရဲ့ မရမ်းပြားအော်ပရေးရှင်း၊ သရက်သီးခြောက် အော်ပရေးရှင်း၊ ငပိသိပ်တဲ့အော်ပရေးရှင်း၊ ကွမ်းသီးခွာတဲ့ အော်ပရေးရှင်း စတဲ့ စတဲ့ အော်ပရေးရှင်းတွေကို ကြုံရင် ထပ်ပြောပြချင်ပါသေးတယ်။ ကျွန်မကတော့ ဝါဆိုလ ရောက်တိုင်း အဘွားမုန့်ဖက်ထုပ်ကို လွမ်းမိပါတယ်ရှင်။

 

မိမိုးအေး(ဘားအံတက္ကသိုလ်)