ဥယျာဉ်မှူးများရဲ့ စေတနာ

articles_advs

 

သစ်တောမောင်

ဥယျာဉ်မှူးရဲ့ စေတနာ

မိုးလရာသီ ရောက်လေပြီ။ တသဲသဲ တဖွဲဖွဲဖြင့် ပုလဲလုံးလေးတွေလို ရွာလိုက်၊ တဝုန်းဝုန်း တဂျုံးဂျုံး ဖြင့် မိုးလုံးမှိုင်းပြီး ရွာလိုက်ဖြင့် မိုးရာသီသရုပ်ပီပီပြင်ပြင် တွေ့မြင်နေရလေပြီ။ ရုံးဝန်ထမ်းမို့ စနေ၊ တနင်္ဂနွေနေ့  ရုံးအားလပ်ရက်တွေ မိမိဝါသနာပါရာလွတ်လပ်ပေါ့ပါးစွာ ဆောင်ရွက်ခွင့်ရကြသည်။ အထူးသဖြင့် covD-19 ကူးစက်ရောဂါကြောင့် ရုံးပိတ်ရက်များ အိမ်မှာနေလျက် ဝါသနာပါရာ သစ်ပင်စိုက်ပျိုးခြင်း၊ စိုက်ပြီးအပင်များ ပြုစု ထိန်းသိမ်းခြင်း၊ ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း၊ မြေဆီကြွေးခြင်း၊ ခါးဆွခြင်း စသည့်သစ်ပင်စိုက်ပျိုးပြုစုခြင်း များကို ဆောင်ရွက်ဖြစ်သည်။

ဝန်ထမ်းပေမို့ ဝန်ထမ်းအိမ်ရာ အိမ်ရှေ့မြေကွက်လပ်၊ ခြံစည်းရိုးတစ်လျှောက် ဘူးပင်၊ ငရုတ်ပင်၊ ဖရုံပင်၊ သံပရာ၊ ဒန့်သလွန် စသည့်အချိန်တိုအတွင်း မိမိပြန်လည် ခူးဆွတ်စားသုံးနိုင်သော ရာသီသီးနှံပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး စိတ်ကူးဖြင့် ကြည်နူးရသလို နောက်လူ အဆက်ဆက် စိတ်ချမ်းမြေ့စွာ အရိပ်အာဝါသကောင်းမှာနေနိုင်စေဖို့၊ လိုအပ်သလို ဆွတ်ခူးစားသောက်နိုင်ဖို့၊ စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်ကို ကြည့်ရှုခံစား စိတ်အပန်းပြေစေဖို့ ၊ လိုအပ်သလို ထုတ်ယူသုံးစွဲနိုင်စေဖို့ဆိုတဲ့ စိတ်စေတနာ အရင်းခံဖြင့် သရက်၊ ပိန္နဲ၊ မာလကာ စသည့်နှစ်ရှည်စားပင်သီးပင်များ၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စသည့်အဖိုးတန် သစ်တော သစ်ပင်များ စိုက်ပျိုးဖြစ်သည်။ ပင်ပန်းသော်လည်း ဝမ်းသာပီတိဖြစ်ရသည်။ ဒါသည်ပင် ဥယျာဉ်မှူးတစ်ဦး ရဲ့ စေတနာလို့ ခေါ်ဆိုမည်ထင်သည်။

တစ်ဆက်တည်းမှာ နိုင်ငံတစ်နိုင်ငံလုံးကို စိမ်းလန်းစိုပြည်နေအောင်၊ သစ်တောသစ်ပင်များ ဖုံးလွှမ်းနေအောင်၊ သစ်တောသစ်ပင်များက အထောက်အပံ့ပေးသော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများ တိုးပွားလာအောင်  စိုက်ပျိုးပြုစုထိန်းသိမ်းပေးနေသော သစ်တောသမားဥယျာဉ်မှူးကြီးများနှင့် ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် အသီးသီးမှာ မိမိတို့အသိစိတ်ဓာတ်ဖြင့် သစ်ပင်စိုက်ပျိုး ထိန်းသိမ်းနေကြတဲ့ ပြည်သူပြည်သားဥယျာဉ်မှူးကြီးများ၏ စိတ်ရင်းစေတနာများ၊ ကြိုးစားအားထုတ်မှုများကိုလည်း အထူးအလေးထား အသိအမှတ်ပြု ကျေးဇူးတင်မိသည်။

ထာဝရကုသိုလ်

စားပင်သီးပင်၊ အရိပ်ရပင်၊ ပန်းအလှပင်၊ လေကာတန်းပင်၊ ရတနာတန်းဝင် အဖိုးတန်သစ်တောသစ်ပင်  စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် သစ်ပင်များစိုက်ပျိုးကြသည်။ မည်သည့် အပင်စိုက်သည်ဖြစ်စေ သစ်ပင်စိုက်ပျိုးခြင်းသည် ကောင်းမွန်သော အလေ့အထဖြစ်ပြီး အကျိုးကျေးဇူးမျိုးစုံ ရရှိခံစားနိုင်သည်။

သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်ပြုခြင်းလည်းမည်၏ ဟူ၍ ဗုဒ္ဓဘာသာတွင် ညွှန်ပြထားသည်။ ပန်းဥယျာဉ် သစ်သီး ဥယျာဉ်များ စိုက်ပျိုးလှူဒါန်းခြင်း (အာရာမရောပဒါန)၊  အရိပ်ရအပင် စားသုံးပင် စသောသစ်ပင်ကြီးငယ်တို့ကို စိုက်ပျိုးလှူဒါန်းခြင်း (ဝနရောပါဒါန)၊ တံတားခင်း လမ်းဖောက်လှူဒါန်းခြင်း (သေတုကာရကဒါန)၊ ရေချမ်းစင်တည်၍ လှူဒါန်းခြင်း (ပပါဒါန)၊ ရေတွင်းရေကန် ရေမြောင်းများတူး၍ လှူဒါန်းခြင်း (ဥပဒါန)၊ ဇရပ်တန်ဆောင်း၊ ဂူကျောင်း ပြာသာဒ်၊ နားနေရိပ်သာ၊ ဆေးရုံ ဆေးခန်း စသောအဆောက်အအုံများ ဆောက်လုပ်လှူဒါန်းခြင်း (ဥပဿယဒါန)ဟူသည့် ထာဝရကုသိုလ်ခြောက်ပါးရှိရာ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်တစ်ပါးအဖြစ် ပါဝင်သည်။ သစ်ပင်စိုက်ပျိုး ခြင်းသည် ဇရပ်တန်ဆောင်း၊ ဂူကျောင်းပြဿာဒ်နှင့် အခြားထာဝရကုသိုလ်များကဲ့သို့ တူညီသောကုသိုလ်ကို ရရှိခံစားနိုင်ပြီး အသက်ရှည် ကျန်းမာကုသိုလ်အကျိုးထူး တို့ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

သစ်ပင်သစ်တောများသည် သစ်နှင့်သစ်မဟုတ်သောသစ်တောထွက် ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေးသကဲ့သို့ ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများစွာကိုလည်း ပံ့ပိုးပေးလျက်ရှိ၏။ သက်ရှိများအတွက် အကျိုးကျေးဇူးများစွာပြုလျက်ရှိပြီး ဖွံ့ဖြိုးမှုအားလုံး၏ အရင်းအမြစ်၊ ဗဟိုချက်သဖွယ်လည်းဖြစ်၏။ ထို့ကြောင့်လည်း ဘာသာတရားတိုင်းတွင် သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သော အကျိုး ကျေးဇူးများကို ပြဆိုထားကြသည်။

သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများ ခံစားရရှိ ဖို့ ဘယ်အချိန်မှာ သစ်ပင်စိုက်မလဲ မေးလာလျှင် နှစ် ၂၀ တစ်ဝိုက် အချိန်ကိုက်၊ တို့စိုက်ခဲ့လျှင် အကောင်းဆုံးပင်၊ ခုချိန်နောက်ကနောက်မကျ၊ ဒုတိယအကြိမ် အကောင်းဆုံးပါ" ဟူသော ဆိုရိုးစကားနှင့်အညီ ယခုအချိန်သည် သစ်ပင်စိုက်ပျိုးရန် ဒုတိယအကြိမ်အကောင်းဆုံးအချိန်အခါဖြစ်ဟု ဆိုရပါလိမ့်မည်။ ထို့ကြောင့်လည်း မိုးလရာသီရောက်ပြီ | ဆိုသည်နှင့် မြန်ပြည်တစ်ဝန်းစိမ်းလန်းစေဖို့ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းရေးကို တာဝန်ယူဆောင်ရွက်နေရသော သစ်တောသမား ဥယျာဉ်မှူးကြီးများ သာမက ပြည်သူပြည်သား ဥယျာဉ်မှူးကြီးများပါ တစ်နိုင်တစ်ပိုင် တစ်ဦးချင်း၊ တစ်ယောက်ချင်းမှသည် ကျေးရွာအစုအဖွဲ့၊ အစိုးရနှင့် အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ၊ ကျောင်းသား ကျောင်းသူများ မိုးရာသီ လူထုလှုပ်ရှားမှုအနေဖြင့် သစ်ပင်များ ခြိမ့်ခြိမ့်သဲ အင်တိုက်အားတိုက်စိုက်ပျိုးကြသည်။ ထာဝရကုသိုလ်အတွက်၊ မိမိတို့ ပတ်ဝန်း  ကျင်အတွက်၊ နောက်အနာဂတ် မျိုးဆက်သစ်များအတွက် ဥယျာဉ်မှူးကြီးများ မမောနိုင် မပန်းနိုင် ပျော်ရွှင်စွာ  ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် သစ်ပင်မျိုးစုံ စိုက်ပျိုးကြသည်။ရှင်အောင် စိုက်ပျိုး ကြီးအောင် ပြုစု၊ မြဲအောင် ထိန်းသိမ်း" ဟူသော ဆောင်ပုဒ်များနှင့်အညီ တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှ အပင်ရှင်သန်ဖို့လည်း ကြိုးပမ်းကြရသည်။

နည်းလမ်းစုံလင် စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းခွင်

သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့သစ်တော မူဝါဒရည်မှန်းချက်များနှင့် နှစ် ၃၀ အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်း ရည်ရွယ်ချက်များ ပြည့်မီစေရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲခြင်း မူဘောင်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် အခြားအပြည်ပြည်ဆိုင်ရာ ကတိကဝတ်များကို ဖြည့်ဆည်းနိုင်ရန်အတွက်လည်းကောင်း သစ်တောများထာဝစဉ်တည်တံ့စေရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံချက်များရေးဆွဲပြီး လုပ်ငန်းများစွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံအဝန်း ဂေဟစနစ် မတူညီသောနေရာဒေသ အသီးသီးရှိ တောနိမ့်တောပျက်များတွင် သစ်တောသစ်ပင်များ ပြန်လည်တည်ထောင်စိုက်ပျိုးခြင်းလုပ်ငန်းသည် အဓိကကျသောလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။

စီးပွားရေးစိုက်ခင်း၊ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးစိုက်ခင်း ကမ်းရိုးတန်းထိန်းသိမ်းရေး ဒီရေတောစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း ကျေးရွာထင်းစိုက်ခင်း၊ သီးနှံသစ်တောရောနှောစိုက်ခင်း၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးစိုက်ခင်း၊ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း စသည်ဖြင့် ရည်ရွယ်ချက်မျိုးစုံဖြင့် သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောများ တည်ထောင်ခြင်းတို့ကို မြန်မာနိုင်ငံတစ်ဝန်းနေရာ ဒေသအမျိုးမျိုးတွင် ဆောင်ရွက်လျက်ရှိသည်။

သစ်တောစိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇-၂၀၁၈ မှ ၂၀၂၇-၂၀၂၈) ကို ရေးဆွဲပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်း ဒေသ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်း အစီအစဉ် (၂၀၁၉ -၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ) နှင့် နိုင်ငံအဆင့် ဒီရေတောနှင့် ကမ်းရိုးတန်းဒေသများထိန်းသိမ်းခြင်းဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များ အစရှိသည့် စီမံကိန်းများကိုရေးဆွဲပြီး သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကာလအတွင်း သစ်တောစိုက်ခင်း ၅၃၂၄၃၈ ဧက၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း ၂၈၅၁၀၄ ဧက နှင့်ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ၇၇၀၃၃၂ ဧကတို့ကို ရည်မှန်းချက်ချမှတ်လျက် နည်းလမ်းမျိုးစုံဖြင့် တည်ထောင်စိုက်ပျိုးလျက်ရှိသည်။

သစ်ပင်စိုက်ပျိုးသည့် နေရာဒေသ၏ ရာသီဥတု၊ မိုးရေချိန်၊ မိုးရွာသွန်းမှုပုံစံ၊ မြေဆီလွှာ အခြေအနေနှင့် စိုက်ပျိုးမည့် သစ်မျိုးတို့အပေါ် မူတည်ပြီး စိုက်ပျိုးနည်း စနစ်တို့ကို ရွေးချယ်ပြီး စိုက်ပျိုးကြရသည်။ လုံ့လဝီရိယ ထားပြီး သစ်စေ့စုခြင်း၊ ပျိုးထောင်ခြင်း၊ မြေပြုပြင်ခြင်း စသည့်သစ်တောစိုက်ခင်းလုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုး ခြင်း လုပ်ငန်းများကို စိုက်ပျိုးချိန်အမီ အချိန်ကိုက်ဆောင်ရွက်ရသည်။ သစ်ပင်စိုက်ပျိုးခြင်း သစ်တော စိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရသော လုပ်ငန်းများဖြစ်သဖြင့် စိုက်ပျိုးသည့် ရိယာ ပမာဏများလေ တာဝန်ကြီးလေဖြစ်သည်။

ပြည်သူများ ပူးပေါင်းဆင်နွှဲ သစ်ပင်စိုက်ပွဲ

ယခုကဲ့သို့ မိုးရာသီတွင် စီမံချက်များအရ သစ်တော စိုက်ခင်းများ လျာထားချက်ပြည့်မီစေရေး ကြိုးပမ်း စိုက်ပျိုးရသကဲ့သို့ မိုးရေသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် တိုင်သကြီး/ ပြည်နယ်၊ ခရိုင်း မြို့နယ်၊ ကျေးရွာများ၊ စာသင်ကျောင်းဆေးရုံ သည့်အများနှင့်သက်ဆိုင်သောနေရာများတွင် သခံပြည်သူများ၊ ဌာနအသီးသီးမှဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သစ်ပင်များကို စနစ်တကျစိုက်ပျိုးကြသည်မှာလည်း ဝမ်းသာကြည်နူးစရာ။ သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများ သစ်ပင်သစ်တော ချစ်ခင်စိတ်တိုးပွားလာစေရေး၊ သစ်တောသစ်ပင် ထိန်းသိမ်းရေး အသိစိတ်ဓာတ်များ ပိုမိုမြင့်မားလာစေရေးနှင့် သစ်တောများမှ ထောက်ပံ့ပေးသော ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည်လာစေရေးတို့အတွက် ရည်ရွယ်ပြီး မိုးလရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ပြည်သူများနှင့် အတူပူးပေါင်းဆောင်ရွက်လာခဲ့ရာ နှစ်စဉ် ပျိုးပင် ၁၀ သန်းကျော်ကို အခမဲ့ဖြန့်ဖြူးပေးပြီး ပြည်သူလူထု ပူးပေါင်ပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အားပေးကူညီပံ့ပိုးပေးလျက်ရှိသည်။ သက်ရှိလောက၊ တည်မြဲဖို့ ၊ ထာရကုသိုလ် ရယူဖို့"၊ဇီဝမျိုးစုံ ထိန်းသိမ်းဖို့လောင်စာစွမ်းအင် ရရှိဖို့" ရေသယံဇာတ ထိန်းသိမ်းဖို့ရာသီဥတုမျှတဖို့စသော အကျိုးကျေးဇူးများစွာတွက် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် စနစ်ကျသော၊ ထိရောက်သော၊ ကြီးအောင် ပြုစုနိုင်သော၊ မြဲအောင်ထိန်းသိမ်းနိုင်သော လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်များကိုကြိုဆိုရမည်သာ ဖြစ်သည်။

စွန့်ပစ်မြေ ပြန်လည်စိမ်းလန်းဖို့၊ တောင်ကတုံး သျှောင်ထုံသို့

သစ်ပင်တစ်ပင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းဖို့ဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်၏။ အထူးသဖြင့် ရွှေနှင့် ဓာတ်သတ္တုအမျိုးမျိုးတူးဖော်ထုတ်လုပ်ပြီးသော နေရာဒေသများရာသီဥတုကြမ်းတမ်း သေနေရာများမြေဆီလွှာ ပျက်စီးမှုကြီးမားသောနေရာများ၊ ရာသီဥတုကြမ်းတမ်းသောနေရာများ၊ မြေဆွလွှာ ပျက်သီးမှုကြီးမားသောနေရာများ၊ နေရာဒေသ ကာဝေးမှု၊ စီမံအုပ်ချုပ်ခက်ခဲမှု၊ လမ်းပန်းဆက်သွယ်ရေးအော်ခဲမှုရှိသော နေရာများတွင်သစ်ပင်စိုက်ပျိုးခြင်း သစ်တောစိုက်ခင်း တည်ထောင် နိုင်ခြင်းမရှိဘဲ ဓာတ်သတ္တုစွန့်ပစ်မြေများ၊ တောင်ကတုံးများ၊ ဖုန်းဆိုးတာများ၊ တောနိမ့်တောပျက်များအဖြစ် နှစ်များစွာ ရှိနေခဲ့သည်။ သစ်တောများပြန်လည် တည်ထောင်ရေးလုပ်ငန်းအတွက် ကြီးမားသောစိန်ခေါ်မှု ကြီးတစ်ခုလည်းဖြစ်သည်။

လိုလျှင်ကြံဆ၊ နည်းလမ်းရ" ဆိုသည့်အတိုင်း အဆိုပါနေရာများတွင် သစ်ပင်များ ပြန်လည်ပေါက်ရောက်လာစေရန် ယမန်နှစ်ကစတင်ပြီး သစ်စေ့မြေလုံး “Seed Ball" များ ရဟတ်ယာဉ်ဖြင့် ကြဲချစိုက်ပျိုးခြင်း၊ ဆူးထိုးစိုက်ပျိုးခြင်း၊ သခံပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် သစ်စေ့မြေလုံးများ ဖြန့်ကြဲစိုက်ပျိုးခြင်းတို့ကို စမ်းသပ်ဆောင်ရွက်လာနိုင်ခဲ့သည်။ ယခင်ကာလများ ကတော့ သစ်စေ့ (သစ်စေ့များကိုသာကြဲချခြင်းဖြစ်ပြီးအောင်မြင်မှု နည်းပါးလွန်းသောကြောင့် ဆက်လက်ဆောင်ရွက်ခြင်း မရှိခဲ့ချေ။

သစ်စေ့မြေလုံးများသည် ရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာခြင်း၊ ဧရိယာကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်  နိုင်ခြင်း၊ ရဟတ်ယာဉ်များဖြင့် သစ်စေ့ မြေလုံးကြဲချနိုင်ခြင်း၊ ရှင်သန်ပေါက်ရောက်ရန် သင့်လျော်သော ရာသီ အနေအထားရရှိပါက ရှင်သန်မှုရာခိုင်နှုန်းမြင့်မားခြင်း၊ သစ်စေ့အား မြေလုံးထဲတွင် ကာကွယ်ထားသဖြင့် ၎င်း၏ အညှောက်ပေါက်ရန် ငုပ်လျှိုကာလ (Dormancy Period) ပေါ်မူတည်၍ အညှောက်ပေါက်ရန် အခွင့်သာချိန် အထိ မပျက်စီးဘဲရှိနေနိုင်ခြင်း၊ ရေ၊ မြေ၊ ရာသီဥတုနှင့် သစ်မျိုးကိုက်ညီပါက ပေါက်ရောက်ရှင်သန်မှုကောင်းမွန်ခြင်း၊ ကြဲချသည့်နှစ်တွင် အပင်ပေါက်ရန် အခွင့်မသာသည့်တိုင်အောင် သစ်စေ့များသည် မြေလုံးထဲတွင် ရှိနေသဖြင့် အပူဒဏ်နှင့် သာမန်မီးဒဏ် (Surface Fire) ကြောင့် ပျက်စီးမှုမရှိဘဲ နွေရာသီကို ကျော်ဖြတ်နိုင်ပြီး လုံလောက်သည့် အစိုဓာတ်ရရှိချိန်တွင် အပင်ပေါက်နိုင်ခြင်း၊ မြေလုံးတွင် အာဟာရဓာတ် ပါဝင်သဖြင့်မြေဆီလွှာအတွက် အထောက်အပံ့ဖြစ်ခြင်း၊ မြေလုံး လုံး ရာတွင် လည်းကောင်း၊ သစ်စေ့မြေလုံးများ ဖြန့်ကြဲရာ တွင် လည်းကောင်း ဒေသခံပြည်သူများ အင်အားဖြင့်ဆောင်ရွက်နိုင်သဖြင့် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုကောင်းမွန်လာခြင်း စသည့်အားသာချက်များကြောင့်မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း /ဘဏ္ဍာရေး လျာထားချက်များတွင် မပါဝင်ဘဲ သီးခြားအစီအစဉ်ဖြင့် အပိုထပ်မံဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

ချင်းပြည်နယ် တောင်ကုန်းတောင်တန်းများတွင် ထင်းရှူး၊ ချယ်ရီ၊ ရေသင်းဝင်၊ စစ်ကိုင်းတိုင်းဒေသကြီးရွှေသတ္တုတူးဖော်နေရာဟောင်းများတွင် ရှား၊ ကုက္ကို၊ဘောစကိုင်း၊ သင်းဝင်၊ မဲဇလီ၊ မကွေးတိုင်းဒေသကြီးတွင် ရှား၊ ထနောင်း၊ ထုံးပေါက်၊ မြန်မာကုက္ကို၊ မန်ကျည်း၊ ကန္တာစိမ်း၊ဇောင်းပသွေး၊ ဖျောက်ဆိပ်၊ သန်း၊ ဘောစကိုင်း နှင့် နေပြည်တော်တွင် ကုက္ကို၊ မဲဇလီ၊ ဘောစကိုင်း၊ ရှမ်းပြည်နယ်တွင် ဘောစကိုင်း၊ မဲဇလီ၊ ရေသင်းဝင်၊ မန်ကျည်း၊ အော်ရီရှား၊ ပင်စိမ်း၊ စိန်ပန်းပြာ၊ စွယ်တော်၊ သင်္ဘောတမာ၊ စစ် (သစ်ဖြူ) စသည့် နိုက်ထရိုဂျင် ဓာတ်ဖမ်းယူနိုင်သည့်ဒေသနှင့် သင့်လျော်သော အပင် မျိုးစိတ်များ ရွေးချယ်ပြီး သစ်စေ့မြေလုံးများတွင် ထည့်သွင်းကြဲချခြင်း၊ ဆူးထိုးစိုက်ပျိုးခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

ယခုနှစ် မိုးရာသီအတွင်း ရှမ်းပြည်နယ် ညောင်ရွှေ၊ တောင်ကြီး၊ ကလော၊ ပင်းတယ၊ ဖယ်ခုံမြို့နယ်များတွင် သစ်စေ့မြေလုံးပေါင်း ၁၈၇၂၀၊ မကွေးတိုင်းဒေသကြီး ရေနံချောင်း၊ ပခုက္ကူ၊ ပေါက်မြို့နယ်များတွင် သစ်စေ့မြေ လုံးပေါင်း ၅၁၃၀၀၊ ချင်းပြည်နယ် ဖလမ်း၊ တီးတိန်မြို့နယ်များတွင် သစ်စေ့မြေလုံးပေါင်း ၂၀၀၀၀၀၊ စစ်ကိုင်း တိုင်းဒေသကြီး ကောလင်း၊ ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီးမြို့နယ်များတွင် သစ်စေ့မြေလုံးပေါင်း ၆၁၁၅၀၀၊ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ၊ တပ်ကုန်းမြို့ နယ်များတွင် သစ်စေ့မြေလုံးပေါင်း ၅၀၀၀၀ စုစုပေါင်း သစ်စေ့မြေလုံးပေါင်း ၁၁ဝဝဝဝဝ ကို ဧက ၃၀၁၅၀ တွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆူးထိုးစိုက်ပျိုးဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် သစ်စေ့မြေလုံးပေါင်း ၁၀၀၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသို၊ ဟုမ္မလင်းမြို့နယ်များတွင် သစ်စေ့ မြေလုံးပေါင်း ၂၀၀၀၀၀၊ ရှမ်းပြည်နယ် ညောင်ရွှေ၊

လွိုင်လင်မြို့နယ်များတွင် သစ်စေ့မြေလုံးပေါင်း ၆၀၀၀၀၀၊ -စုစုပေါင်း သစ်စေ့မြေလုံးပေါင်း ၉၀၀၀၀၀ တို့ကို ရဟတ်ယာဉ်ဖြင့် ကြဲချခြင်း ဆောင်ရွက်နိုင်ခဲ့သည်။

သစ်စေ့မြေလုံးများ ဖြန့်ကြဲစိုက်ပျိုးရာတွင် အားသာချက်များရှိသလို အားနည်းချက်များလည်း ရှိသည်။ ဥပမာ အားဖြင့် စိုက်ခင်းတည်ထောင်ခြင်းနှင့် နှိုင်းယှဉ်ပါက ရှင်သန်မှုရာခိုင်နှုန်း နည်းပါးခြင်း (သစ်စေ့မြေလုံးကြဲစိုက် ပျိုးခြင်းသည် သစ်တောစိုက်ခင်း တည်ထောင်ခြင်း မဟုတ်ပါ)၊ မျိုးစေ့လေလွင့်မှုရှိသဖြင့် ရှားပါးမျိုးစေ့များ၊ အဖိုးတန်မျိုးစေ့များ စိုက်ပျိုးရန်မသင့်လျော်ခြင်း၊ ရေ၊ မြေ၊ ရာသီဥတု အဆင်မသင့်ပါက ရှင်သန်မှုအခွင့်အလမ်း သိသာစွာနည်း ပါးနိုင်ခြင်း၊ သစ်စေ့၏ အညှောက်ပေါက်ကာလ၊ ရဟတ်ယာဉ်ဖြင့် ကြဲချရာတွင် ရာသီဥတု အခြေအနေကောင်းမွန်ရန် စောင့်ဆိုင်းရခြင်း စသည့် အခက်အခဲများ လည်း ရှိပါသည်။ ကုန်ကျစရိတ် အလွန်နည်းပါးပြီး သစ်ပင် စိုက်ပျိုးရန် အလွန်ခက်ခဲသော နေရာများတွင်သာ သစ်စေ့မြေလုံး “Seed Ball” များ ဖြန့်ကြဲစိုက်ပျိုးသောကြောင့် အနည်းငယ်ရှင်သန် ပေါက်ရောက်သည်လျှင်ပင် ရှင်သန် ပေါက်ရောက်သမျှ အမြတ်ဟု သဘောထားကြရမည် ဖြစ်သည်။

သစ်ပင်ကိုနှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး

သစ်ပင်စိုက်ပျိုးခြင်းသည် ရွှေတိုက်၊ ငွေတိုက်ကိုပိုင်စိုး ရသကဲ့သို့ အကျိုးကျေးဇူး အမျိုးမျိုးကို ရရှိခံစားနိုင်ပြီး သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများက သက်ရှိလောကအတွက် အလွန်ပင်အရေးပါလှသည်။ ငွေကြေးအားဖြင့် တန်ဖိုးဖြတ် ၍ မရနိုင်ပေ။ သို့သော်လည်း အဆိုပါတန်ဖိုးများကို သိရှိနားလည်မှု မရှိခြင်း၊ သိရှိသူ အလွန်နည်းပါးခြင်း၊ သိရှိသော်လည်း မိမိအကျိုးစီးပွား၊ လူနည်းစုအကျိုးစီးပွား နှင့် ရေတို အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ခြင်း၊ အဆိုပါ တန်ဖိုးများကို ဖော်ထုတ်မည့်အဖွဲ့အစည်း၊ ထိန်းသိမ်းမည့် အဖွဲ့အစည်း အလွန်နည်းပါးခြင်းနှင့် စွမ်းဆောင်ရည် နိမ့်ပါးခြင်း စသည့် အကြောင်းများကြောင့် သစ်တောများ ပြုန်းတီးပြီး သစ်တောဂေဟစနစ်များ ပျက်စီးဆုံးရှုံးခဲ့ကြ ရသည်။ နိုင်ငံ၏ ကြွယ်ဝမှုကို ယုတ်လျော့ဆုံးရှုံးခြင်းလည်း ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ ဆိုင်ရာ ကတိကဝတ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အရင်းအနှီးများ၊ သစ်တောသယံဇာတများကို ထိန်းသိမ်း ကာကွယ်ရန်လိုအပ်မှုများအကြားတွင် အမြော်အမြင်ရှိစွာ ဂရုပြုစီမံခန့်ခွဲရန် မဖြစ်မနေလိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသည့် အဖိုးတန်သယံဇာတ အရင်းအမြစ်များ၊ သစ်ပင်သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် အလွန်အရေးကြီးပါသည်။ သစ်တောသစ်ပင်ချစ်ခင်သူများ ပိုမိုတိုးပွားလာဖို့လိုသည်။ ပြည်သူများအကြား သစ်ပင် သစ်တောများ၏ စစ်မှန်သောတန်ဖိုးကို ပိုမိုနားလည်လာပြီး သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမို ပူးပေါင်းပါဝင်လာစေဖို့ ကြိုးပမ်းကြရမည်ဖြစ်သည်။ ဥယျာဉ်မှူးကြီးများ၏ စိတ်ရင်းစေတနာကို အသိအမှတ် ပြုလျက် ရွှေတိုက် ငွေတိုက်ကို ပိုင်စိုးနိုင်သော သစ်တော သစ်ပင်ချစ်ခင်သူများ ပိုမို တိုးပွားလာစေကြောင်း ဆန္ဒပြုရင်း မိုးလရာသီ ချိန်ခါမီ သစ်ပင်စိုက်ပျိုး ကြပါစို့။ ။

မြန်မာ့အလင်း