ဦးထုပ်ပြုတ်ကျသဖြင့် ဆင်းကောက်ရာမှ ကားကြိတ်မိ သေဆုံး

ကျိုင်းလပ်  ၂   ဧပြီ 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် ဧပြီ ၁ ရက် ည ၁၀ နာရီ မိနစ် ၂၀ က အမျိုးသားတစ်ဦး ကားကြိတ်မိသေဆုံးသွားကြောင်း ကျိုင်းလပ်နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့မှ ဈေးဝယ်ပြီး ကျိုင်းလပ်မြို့သို့ ဦးမြင့်ကျော် မောင်းနှင်၍ ဦးစောဝင်းကြည်နှင့် သူရကျော်စွာတို့ လိုက်ပါစီးနင်းလာသော တိုယိုတာလိုက်ထရပ်ယာဉ်သည် ကျိုင်းလပ်-တာလေ သွားကားလမ်းမပေါ် ကျိုင်းလပ်မြို့ အမှတ်(၂)ရပ်ကွက်(ဝမ်နတ်) မိုင်တိုင်အမှတ် ၅၄ ကီလိုမီတာနှင့် ၅၅ ကီလိုမီတာ ကြားအရောက်တွင် ဦးစောဝင်းကြည်၏ ဦးထုပ်ပြုတ်ကျသဖြင့် ကားရပ်ပြီး ဦးထုပ်ဆင်းကောက်နေစဉ် ယာဉ်နောက်ပြန်ဆုတ်ရာမှ ဦးစောဝင်းကြည်အား တိုက်မိကာ ကားယာဘက်နောက်ဘီးဖြင့် ကြိတ်မိသေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်သူ ဦးမြင့်ကျော် အား ကျိုင်းလပ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြူဖြူဝင်း(ပြန်/ဆက်)