ဦးပြည့်စုံနှင့် ရုပ်ရှင်စကားဝိုင်း (ဒုတိယပိုင်း)

၁၃ နိုဝင်ဘာ

 

ဦးပြည့်စုံ ။ ။ စွဲတာတွေကတော့ ကျွန်တော်တို့ကတော့ စတန့်ကားကြိုက်တာကိုး။ ဒါမှမဟုတ်ရင် သမိုင်းဆိုရင် ဦးချစ်ဖေရိုက်တဲ့ ကဝေမယ်တို့၊ ဘာတို့၊ ခင်ခင်ဥတို့ဆို ဥစ္စာစောင့်ကို ကောင်းတာ၊ ဘတင့်တို့၊ ခင်မေကြီးတို့၊ လွမ်းစေတီတို့ ဘာတို့ပေါ့။

 

ကြည်စိုးထွန်း ။ ။ ဆရာတို့ အဲဒီကားတွေ ကြည့်ပြီးတော့ မကြောက်ဘူးလား။

 

ဦးပြည့်စုံ ။ ။ နည်းနည်းကြောက်တာပေါ့။ သရဲကားဆိုတော့ နည်းနည်းတော့လန့်တာပေါ့။ ဒါပေမယ့်လည်း လူက ကြောက်စရာမှ ကြည့်ချင်တယ်ဆိုတာ အဲဒီသဘောပေါ့။

 

ကြည်စိုးထွန်း ။ ။ ဆရာက အစုံကြည့်တာပေါ့နော်။ ခုနက ဆရာပြောတဲ့ မင်းအာဏာဆိုလည်း အလွမ်းကား လေးပေါ့ ဆရာ။

 

ဦးပြည့်စုံ ။ ။ Taste က အလွမ်းက ပိုထိတာပေါ့ဗျာ။ စတန့်ကားကတော့ လှုပ်ရှားတာပဲ ရှိတာပေါ့ဗျာ။

 

ကြည်စိုးထွန်း ။ ။ ဆရာ အလွမ်းကားနဲ့ ရယ်စရာကားဆို ဘယ် ဟာ ပိုသဘောကျလဲ။

 

ဦးပြည့်စုံ ။ ။ အလွမ်းကားက ပိုထိတာပေါ့။ ရယ်စရာက ခဏရယ်လိုက်ရတာပဲ။ ဦးရွှေရိုးဆို ခဏမေ့သွားတာပဲ။ ဒါပေမယ့် ဝေလွင်လွင်တို့ ဘာတို့ကျတော့ ကောင်းပြန်ရော။ လော့ဒ်တင်နီဆင် (Lord Tennyson) ကဗျာကို ပြန်ရိုက်တာ။

 

ဦးပြည့်စုံ ။ ။ အဲဒီမှာ ကင်မရာမန်းက ဦးသိန်းမောင်ပေါ့။ ပုသိမ်ဘက်မှာ သွားရိုက်တာ ဇာတ်ညွှန်းကျန်ရစ်ခဲ့လို့ ကားမရိုက်နိုင်ဘူး။ ဇာတ်ညွှန်းဆရာ ဆရာဟန်က ကျုပ် By heart ရတယ်ဆိုလို့ တော်သေးတယ်။ သူက title က အရေးကြီးတာကိုး။ ဆရာကသိပ်တော်တာ။ ဦးဘကလေး ကလည်း ဒေါ်ခင်ခင်ကို သိပ်မြတ်နိုးတာ။ ကွဲချင်လို့သာ ကွဲတာ။

 

ကြည်စိုးထွန်း ။ ။ ဆရာအသံတိတ်ခေတ်မှာစွဲခဲ့တဲ့ကားတွေကို ပြောပါဦးဆရာ။

 

ဦးပြည့်စုံ ။ ။ စွဲခဲ့တဲ့ ကားကတော့ ကျွန်တော်တို့က မြဂနိုင် ဆို အတော်ကြိုက်တာကိုး။ မြဂနိုင်က စတန့်လည်းပါတယ်၊ မြွေတွေဘာတွေ၊ နောက်ပြီးတော့ မီးပုံးပျံစီးတာတွေ အဲဒါလေးတွေ တော်တော်ကောင်းတယ်။

 

ကြည်စိုးထွန်း ။ ။ အဲဒါကတော့ အရင်တစ်ပတ်ကလည်း ကျွန်တော် ဆရာဦးမြင့်စိုးနဲ့ ပြောထားတယ်။ ဒီကားလေးက ကျွန်တော့်ဆီမှာရှိတော့ မြန်မာ့ရုပ်ရှင်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အဲဒီကား လေးပြပေးခဲ့ပါတယ်။ ဒါမှ ဒီခေတ်လူငယ်တွေလည်း အသံတိတ်ရဲ့ အရသာ ဘယ်လိုရှိတယ် ဆိုတာလေး သိအောင်ပေါ့။ ဆရာပြောသလိုပေါ့။ ဆရာတို့လူငယ်ဘဝတုန်းက စတန့်ကားတွေကို ဘာဖြစ်လို့ကြိုက်ခဲ့တယ်ဆိုတာလေးတွေ အဲဒါလေးတွေလည်း အရသာခံနိုင်အောင် အဲဒီကားလေးပြဖို့လည်း ကျွန်တော်ကြိုးစားနေပါတယ်။

 

ဦးပြည့်စုံ ။ ။ ကောင်းပါတယ်။ မြဂနိုင်က ဒါတောင်မှ အပိုင်းက မစုံတော့ဘူး။ ရှေးတုန်းက ဒီထက်စုံတာကိုး။ မြဂနိုင်ကတော့ အကောင်းဆုံးပေါ့။

 

ကြည်စိုးထွန်း ။ ။ နောက်စွဲတဲ့ကား ဘာရှိသေးလဲ ဆရာ။

 

ဦးပြည့်စုံ ။ ။ အသံတိတ်ထဲက ဆိုရင် ခုနကပြောတဲ့ ပန်းစေတီတို့ ဘာတို့ ခင်ခင်နုတို့၊ ခင်မေကြီးတို့၊ ဘတင့် တို့ ဒါတွေက ကောင်းတယ်။

 

ဦးပြည့်စုံ ။ ။ နောက် စတန့်ကားပဲ တော်တော်ထူးဆန်းတာက ရဲသုံးဖော်ဆိုတဲ့ကား တိဘက်မှာ သွားရိုက် လာတယ်လေ။ တင်ဖေရယ်၊ တင်ဆွေရယ်၊ တင်ငွေရယ် သုံးယောက် သူတို့ဘုရားသွားခိုးတာတဲ့။ အဲဒီရှေးဘုရားကိုခိုးလို့ရှိရင် လေဖြတ်ထားတဲ့သူ ပျောက်တယ်ဆိုလို့။ ဒါပေမယ့် ဦးအောင်မြတ်က သိပ်တော်တာ၊ ဒီကနေပြီးတော့ ရုပ်သေဓာတ်ပုံဆရာပဲ ခေါ်သွားတာ။ ဟိုမှာ တိဘက်ဘုရားကျောင်းတွေ ဘာတွေ ရိုက်ခဲ့ပြီး ဒီမှာလုပ်ယူတာ။ အဲဒါလည်း ရုပ်ရှင်ပညာပဲပေါ့ဗျာ။ တကယ့်နေရာကို သွားရိုက်စရာ ဘာမှမလိုဘူး။ ကျွန်တော်တို့ဆို ရထားကိုဆက်တင်ထဲမှာပဲရထားလုပ်ရိုက်တာ ရတာပဲမဟုတ်လား။ ဘေးက Scene တွေ ကျတော့ ရိုက်လာခဲ့တာပေါ့။ အဲဒီလိုလုပ်ရတာပဲ။ ရုပ်ရှင်ရဲ့ ပညာပဲပေါ့။ 

 

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ဆရာ ရဲသုံးဖော်ပြီးတော့ ( နောက် ဘယ်ကားတွေ ဆရာကြိုက်သေးလဲ။

 

ဦးပြည့်စုံ ။ ။ ရဲသုံးဖော်ပြီးတော့ ကျွန်းငွေသောင် ဆိုတာက ( အင်မတန်ကောင်းတာပဲ။ ဒါ အင်္ဂလိပ်ကားပဲလေ။ ကျွန်းတစ်ကျွန်းမှာ သွားပြီးတော့ သင်္ဘောပျက်သွားတော့ သုံးယောက်ပေါ့။

 

ယောက်ျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်။ ထွန်းသိန်း၊ ဘတင့်၊ ကျော်မိုး၊ ခင်စန်းတို့နဲ့ အဲဒီလိုဇာတ်မျိုးတောင် ဆရာခန့် က ရိုက်ခဲ့တာ။ ဆရာခန့်က တကယ် Genius ပဲ။ တွံတေးက ကျောင်းဆရာ။

 

ကြည်စိုးထွန်း ။ ။  ဪ ဘယ်အဆက်အသွယ်နဲ့ ရောက်လာ တာလဲ။ ဦးပြည့်စုံ ။ ။ သူက အပြသိပ်တော်တဲ့သူ၊ ပြဇာတ်မှာလည်း ( အင်မတန်တော်တာကိုး။ ပြတဲ့နေရာက ခမ်းနားတာ။ အဲဒါကြောင့် အသံထွက်မှာ သူ့ကို ဘယ်သူမှမမီဘူး။ သူက အက်ရှင်ရိုက်တော့လည်း ကောင်းတာပဲ။ ရဲခေါင်တို့၊ မဲခေါင်တို့ဆိုတာ ဗြိတိသျှဘားမားကို ကယ်ခဲ့တာ။ ဗုဒ္ဓဝင်မှာ ဒုက္ခရောက်သွားတော့ ရဲခေါင် မဲခေါင် ဆိုပြီးစရိုက်တာ။ မောင်မောင်အေးနဲ့ရိုက်တာလေ။ မောင်မောင်အေးဆိုတာ ကလန်ကလားကြီး၊ ဘယ်မြင်းစီးနိုင်မလဲ။ လူစားနဲ့ ရိုက်တာပေါ့။

 

ကြည်စိုးထွန်း ။ ။ ဪ ဆရာခန့်က တော်တော်ကိုအိုင်ဒီယာကောင်းတာပေါ့။

 

ဦးပြည့်စုံ ။ ။ ကျွန်တော်တို့ စာရေးဆရာ အသင်းမှာဆို ဆရာခန့်က နှစ်တိုင်းလာကူတာ။ စာဆိုတော် ပြဇာတ်ဆို သူအမြဲလာတယ်။

 

ကြည်စိုးထွန်း ။ ။ လူပုံက ဘယ်လိုလဲဆရာ ဆရာခန့်က။

 

ဦးပြည့်စုံ ။ ။ ဆရာခန့်က သျှောင်ကြီးနဲ့ တော်တော်လေးကို ခန့်ခန့်ညားညားပဲ။ ပတ်ပေါင်းလေးနဲ့ ဦးအောင်ဇံတို့၊ ဘာတို့ နောက်တော့မှ ဗိုလ်ကေတွေ ညှပ်ပစ်ကြတာ။

 

ကြည်စိုးထွန်း ။ ။ ဦးအုန်းမောင်ကတော့ ဗိုလ်ကေညှပ်လား။

 

ဦးပြည့်စုံ ။ ။ ဦးအုန်းမောင်က မညှပ်ဘူး ဒီအတိုင်းပဲ။ စစ်ပြီးတော့ ကျွန်တော့်ဦးလေးက ဓာတ်ပုံဆရာကိုး၊ ကျွန်တော်လိုက်လိုက်သွားတာ လန်ဒန်အတ် ကို။ သူက စတိုင်နဲ့ သူဌေးဂိုက်တောင် မပျောက်သေးဘူး၊ ဘွတ်နဲ့ ရွှတ်နဲ့ ခေါင်းပေါင်းနဲ့ ဆေးတံနဲ့ အဲဒီလိုနေတာ။ သူဌေးဉာဉ်ကတော့ မပျောက်ဘူး သူက။ အဲဒီလန်ဒန်အတ်က ဦးဘဖေကလည်း ရုပ်ရှင် ဝါသနာအိုးကြီး၊ "ဥမ္မာဒန္တီ" ရိုက်ဆိုတော့ ဦးဘဖေပြောတာ မဆိုးဘူးဆိုပြီးတော့ ပုသိမ် တင်တင်ကို ရေးခိုင်းတာ၊ ပုသိမ်တင်တင်ဆိုတာ အကော်ဒီယံတီးတာ သိပ်တော်တယ်။ ပုသိမ်ဒေါ်တင်တင်က ဥမ္မာဒန္တီ သူရေးတာ။ ဖိုးပါကြီးနဲ့ မေရီမြင့်နဲ့ ဇေယျက စစ်ဗိုလ်ကြီးလေ။

 

ကြည်စိုးထွန်း ။ ။ ဆရာ အဲဒါဆို အသံထွက်သွားပြီပေါ့ ဆရာ။

 

ဦးပြည့်စုံ ။ ။ အသံထွက် မဟုတ်ဘူး။

 

အသံတိတ်။ နောက်မှ ပြန်ရိုက်တာ။

 

ကြည်စိုးထွန်း ။ ။ ကျွန်တော်က နောက်မှပြန်ရိုက်တဲ့ ဟာကို ကြည့်ဖူးတာကိုး ဆရာ။

 

ဦးပြည့်စုံ ။ ။ ဦးဘဖေကနေ ရိုက်ပါလားဆိုတာကို ရိုက်တာပေါ့။ ဒါရိုက်တာက ဦးချင်းစိန်။

 

ကြည်စိုးထွန်း ။ ။ ကျွန်တော်တို့ ရုပ်ရှင်စတယ်ဆိုတာ အသံတိတ်နဲ့ စတာပဲနော် ဆရာ။ အသံတိတ်နဲ့ စခဲ့ရပြီးတော့ စာတန်းတွေထိုးတာပေါ့။ ရုပ်ရှင်စတာက နိုင်ငံတကာမှာ ၁၈၉၅ ခုနှစ်က ပေါ်ပြီးတော့မှ ၁၉၂၈-၂၉ ခုနှစ်လောက်ကျမှ အသံထွက်တာကိုး။ Jazz Singer တို့ ဘာတို့။ အဲဒီတော့ ကမ္ဘာမှာ ရုပ်ရှင်မှာ အသံစထွက် တာက ၁၉၂၈ ခုနှစ်ပတ်ဝန်းကျင်ပေါ့နော် ဆရာ။ အဲဒီတော့တစ်ခါ ကျွန်တော်တို့ ဒီဘက်ကို ရောက်လာတာ အသံဘယ်တော့ ထွက်လဲဆိုတော့ "ငွေပေးလို့မရ" တို့ဆို ၁၉၃၂ ခုနှစ် ကမ္ဘာမှာ အသံထွက်တာက လေးနှစ် လောက်ကြာတော့ ကျွန်တော်တို့လည်း အသံထွက်တယ်။ လေးနှစ်ပဲ နောက်ကျတယ် ဆရာ။ တရုတ်ပြည်လည်း အဲဒီလောက်ပဲ ဆရာ။ ထိုင်းလည်း အဲဒီလောက်ပဲ ကျွန်တော် သိသလောက်တော့။

 

ဦးပြည့်စုံ ။ ။ ကျွန်တော်တို့က သိပ်နောက်မကျဘူး။

 

ကြည်စိုးထွန်း ။ ။ နောက်မကျဘူး၊ ဒါပေမယ့်ဆရာ ကျွန်တော်ဆိုရင် ၁၉၄၅ ခုနှစ်မှာ မွေးတယ်။ ဒါပေမယ့် ကျွန်တော် အသံတိတ် ကြည့်ဖူးတယ်ဆရာ။ ကျွန်တော်တို့ မြန်မာကားတွေက အသံတိတ်ကို ဘယ်ခေတ်အထိ ပြသလဲ ဆရာ။

 

ဦးပြည့်စုံ ။ ။ အသံတိတ်က Used to ဖြစ်တာကိုး။ ရုံတိုင်း ရုံတိုင်းမှာ ပြလို့ရတယ်။

 

ကြည်စိုးထွန်း ။ ။ ကျွန်တော် ထင်တယ်။ ၁၉၅၆ ခုနှစ်လောက်ထိအောင် အသံတိတ်ရှိတုန်းပဲ။ တကယ်တော့ ၁၉၃၂ ခုနှစ်မှာ အသံထွက်ကားတွေပေါ်ပြီ။ ဒါပေမယ့် ဆယ်နှစ် ဆယ့်သုံးလေးနှစ်လောက် ထိအောင် အသံတိတ် ဆက်ရိုက်နေတုန်းပဲ။

 

ဦးပြည့်စုံ ။ ။ အဲဒါက ခုနကပြောသလိုပေါ့ဗျာ။ ကျွန်တော်တို့က ဒုတိယကမ္ဘာစစ်နဲ့တွေ့လိုက်တော့ ရုပ်ရှင်က တန့်သွားတာပေါ့။ သဘောက စစ်ပြီးတော့ အစကနေပြန်စရတာ။ အခုတောင် ဆရာတို့ နိုင်ငံခြားတွေ ဘာတွေထွက်လို့ အမြင်တွေက ရှိလာတာပေါ့နော် ဆရာ။ ခုနလို အသံတိတ်ကနေပြီးတော့ အသံထွက်ပြောင်း လာတယ်။ နောက်တစ်ခါကျတော့ ရိုးရိုး screen တွေက မြင်ကွင်းကျယ်ပြောင်း လာတယ်။

 

(ဆက်လက်ဖော်ပြပါမည်)