ဦးခိုက်ပူဇော် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်

၂၀ ဇန်နဝါရီ

 

ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံအရပ်ရပ်၌ ဘုရားပွဲများ ကျင်းပလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင် စေတီတော်အားလည်း နှစ်စဉ် ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပလျက်ရှိသည်။

 

မဟာမကုဋရံသီမှာ “ကြီးမြတ်တော်မူသော မော်တင်အစွန်း၌ တောက်ပသောရောင်ခြည်ဖြင့် ကြည်ညိုဖွယ် အဆင်းရှိသည့်စေတီ ဟု အဓိပ္ပာယ်ရပြီး စေတီတော်အား ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ပေးသနားတော်မူခဲ့သော ဆံတော်ရှစ်ဆူအနက် ဆံတော်နှစ်ဆူကို ဌာပနာပြု၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။

 

စေတီတော် တည်ထားကိုးကွယ်

 

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သုံးလောကထွတ်ထား ရှင်တော်ဂေါတမမြတ် ဘုရားသည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည့်အခါက ဥက္ကလာပတိုင်း အသီကဉ္စနမြို့သား တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့က အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသသို့ ကုန်ရောင်းကုန်ဝယ်သွားရာ ဘုရား ပွင့်တော်မူခိုက်နှင့် ကြုံတွေ့သဖြင့် ဘုရားရှင်ကိုယ်တော်မြတ်အား ဖူးမြော်ခွင့်ရရှိပြီး မုတ်ကြွတ်ကျစ်တို့ကို လှူဒါန်းကာ “ဒေဝါဇိက သရဏဂုံ ဆောက်တည်ခဲ့ကြလေသည်။

 

ထိုအခါ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့အား နောင်အစဉ်သဖြင့် ကိုးကွယ်ပူဇော်နိုင်ရန်အလို့ငှာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလဆန်း ၅ ရက်နေ့တွင် ဆံတော်မြတ်ရှစ်ဆူ စွန့်ကြဲပေးအပ်ခဲ့သည်။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ပင့်ဆောင်လာသော ဗုဒ္ဓဆံတော်ရှင် ရှစ်ဆူအနက်မှ ဆံတော်နှစ်ဆူကို ဇေယျသေန နဂါးမင်းက ရယူခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ကုသိမနာဂရ (ပုသိမ်) တောင်ပိုင်းရှိ နဂါးရစ်မှော်သရနတောင်စွန်း (မော်တင်စွန်း)၌ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့တွင် ပင်လယ်တွင်းမှရရှိသော မြသားဖြင့် စိုင်တမော့အရွယ်စေတီကို တည်ထား ကိုးကွယ်ခဲ့သည်။

 

လူတို့ဖူးတွေ့ခွင့်မရနိုင်သည့်စေတီများ

 

လူတို့ဖူးတွေ့ခွင့်မရနိုင်သည့် စေတီသုံးဆူရှိလေသည်။ “တာဝတိံသာနတ်ပြည် တွင် ဘုရားလောင်း၏ ဆံတော်ကို ဌာပနာ၍ တည်ထားသော စူဠာမဏိစေတီတော်၊ “ဗြဟ္မာပြည် တွင် ဘုရားလောင်း၏ အဝတ်အထည်ကို ဌာပနာ၍ တည်ထားသော ဒုဿစေတီတော်၊ “ဟိမဝန္တာတော တွင် မြတ်စွာဘုရားနှင့် မဟေသာရပညာချင်းယှဉ်ရာတွင် မြတ်စွာဘုရားက အောင်နိုင်တော်မူရာ မဟေသာရက မြတ်စွာဘုရားကို ဝတ်ကြီးဝတ်ငယ် ပြုစုခွင့်တောင်းသောအခါ မြတ်စွာဘုရားကသတ္တဝါတွေကို ကယ်တင်ရန်ရှိသဖြင့် သူ၏ကိုယ်စား ရုပ်ပွားတော်ကို ဖန်ဆင်းပေးခဲ့သော မဟေသာရဗုဒ္ဓရုပ်ပွားတော်စေတီတို့ ဖြစ်ပါသည်။

 

ဇေယျသေနနဂါးမင်းအား ကျေးဇူးတင်ရခြင်း

 

ဇေယျသေနနဂါးမင်းသည် ဆံတော်ဓာတ် နှစ်ဆူအား နဂါးပြည်သို့ ယူဆောင်ပြီး စေတီတည်ထားခဲ့သော် လူတို့ဖူးမြော်နိုင်ရန် ခက်ခဲမည်။ ယခု ဆံတော်ဓာတ် နှစ်ဆူကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတော မြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ ကုသိမနာဂရ (ပုသိမ်) တောင်ပိုင်းနဂါးရစ်မှော် သရနတောင်စွန်း (မော်တင်စွန်း)တွင် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် တည်ထားကိုးကွယ်ခဲ့သဖြင့် လူအများ ဖူးမြော်ခွင့်ရရှိခဲ့သည်။

 

တစ်လတိုင်တိုင် ကျင်းပ

 

မြတ်မော်တင်စေတီ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ၈-၂၂၀၂၀ ရက်နေ့ (၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်နေ့) မှ ၈-၃-၂၀၂၀ ရက်နေ့ (၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်နေ့) အထိ တစ်လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပေသည်။ ဒေဝါဝင်း ရာဇာဝင်းများဖြင့် ပူဇော်ဖွင့်ပွဲနေ့ နံနက်အချိန်အခါ နတ်တောင် တောင်ခြေမှ ကမ်းနားသဲသောင်ပြင်တစ်လျှောက် ဖောင်တော်ဆိပ် ဘုရားအထိ ဒေဝါဝင်း ရာဇာဝင်းများဖြင့် မြတ်မော်တင်စေတီတော်အား ပူဇော်ကန်တော့သည့်မြင်ကွင်းမှာ ( မင်္ဂလာရှိလှပေသည်။ ပင်လယ်ရေပြင်၏ အလှသဘာ၀နှင့် နေထွက်ခါစအလှတို့ ပဏာရ တင့်တယ်လှသည်။ သမာဓိစောင်းတန်းမှ ဆံတော်ရှင်မြတ်မော်တင် ရင်ပြင်ပေါ်သို့ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ကာ စေတီတော်မြတ်ကြီး၏ အင်္ဂါထောင့်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီးကိုးမျိုး၊ ယိုကိုးမျိုး တို့ဖြင့် ဆက်ကပ်လှူဒါန်းကြမည်ကို ကုသိုလ်ယူနိုင်ကြပေသည်။ ဆရာတော်၊ သံဃာတော်များက မြတ်မော်တင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကာ အနေကဇာ တင်တော်မူခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းအတွက်လည်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပေမည်။

 

ထပ်မံပြုပြင်မွမ်းမံ

 

မြတ်မော်တင်စေတီတော်မြတ်ကို  သာသနာတော်နှစ် ၂၃၆ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးက လည်းကောင်း၊ သက္ကရာဇ် ၄၇၅ ခုနှစ် တပေါင်းလပြည့်နေ့တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးက  လည်းကောင်း ထပ်မံပြုပြင်မွမ်းမံပြီး ခုနှစ်ရက်တိုင်တိုင် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပခဲ့သည်။

 

မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသည် ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်အစစ်နှစ်ဆူ ကိန်းဝပ်တော်မူရာ စေတီတော်မြတ်ကြီး ဖြစ်သည့်အတွက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ရိုးရာဓလေ့ ထုံးတမ်းစဉ်လာနှင့်အညီ နှစ်စဉ်ပြုပြင်မွမ်းမံ၍ အစိုးရအဆက်ဆက် ကျင်းပခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။

 

ထေရဝါဒထွန်းကားရာနိုင်ငံ

 

မြန်မာနိုင်ငံတစ်ဝန်းတွင် တန်ခိုးကြီးဘုရားများ ရှိသည့်အနက် ဆံတော်ရှင် မြတ်မော်တင်စေတီသည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ စေတီတစ်ဆူဖြစ်ပြီး သာသနာတော်အတွင်း ဆံတော်၊ မွေတော်၊ ဓာတ်တော်များကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ကြသော စေတီတော်အဆူဆူအနက် မြန်မာနိုင်ငံ၌ ပထမဆုံးတည်ထားကိုးကွယ်ခဲ့သော စေတီတော်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်၍ ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျင်းပပေးသော ဘုရားပွဲတော်လည်း ဖြစ်သည်။

 

ဘုရားပွဲတော်ကို တစ်နှစ်လျှင်တစ်ကြိမ် တစ်လတိတိသာ ကျင်းပပြီး ရှေးယခင်က ပွင့်ခဲ့သော ဘုရားရှင် တို့၏ ဓာတ်တော်မွေတော်များ တည်နေ၊ ကိန်းဝပ်နေ တော်မူကြောင်းကို ဂေါတမမြတ်စွာဘုရား ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့ပြီး ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ပေးခဲ့သော ဆံတော်များ တည်နေ၊ ကိန်းဝပ်တော်မူရာ စေတီတော်မြတ်ဖြစ်လေသည်။ မြတ်မော်တင်စေတီတော်သို့ ဂေါတမမြတ်စွာ ဘုရားကိုယ်တော်တိုင် သက်တော်ထင်ရှားရှိစဉ် နှစ်ကြိမ်တိုင်တိုင် ကြွရောက်ရာဌာနဖြစ်ကြောင်း သမိုင်းစဉ်လာလည်း ရှိနေသဖြင့် မြတ်မော်တင်စေတီတော်သည် မြန်မာနိုင်ငံတော်၏ အထင်ကရထင်ရှားသော စေတီတော်တစ်ဆူဖြစ်လေသည်။

 

နတ်၊ နဂါး၊ ဆင်ဖြူတော်နှင့် ဝိဇ္ဇာဓိုရ်များ ကြည်ညို

 

မဟာသက္ကရာဇ် ၄၇၅ ခုနှစ် တပေါင်းလပြည့် နေ့တွင် အမြင့်သံတောင် ၂၅ ရှိ စေတီတော်အဖြစ် အလောင်းစည်သူမင်းကြီးက ထပ်မံပြုပြင်မွမ်းမံ၍ တည်ထားခဲ့ပြီးနောက် အလှူရှင်အဆက်ဆက်၏ ပြုပြင် မွမ်းမံမှုကြောင့် ယခုအခါ အမြင့်သံတောင် ၈၈ တောင် နှင့် အဝန်းမှာ သံတောင် ၁၃၆ ရှိသည်။ လူများသာမက နတ်များ၊ နတ်နဂါးများ ကြည်ညိုခဲ့သော စေတီလည်း ဖြစ်ပြီး နံနက်နှင့် ညနေချမ်း အချိန်အခါများတွင် ဇေယျသေနနဂါးမင်း အမှူးပြုသော ရေနတ်နဂါးတို့သည် စေတီတော်၏ အနောက်တောင်ဘက်လမ်းမှ ဝတ္ထုပစ္စည်းများ ယူဆောင်ကာ ပူဇော်မှုပြုခဲ့ကြသဖြင့် ထိုလမ်းကို နဂါး လမ်းဟူ၍ လည်းကောင်း၊ ဆင်ဖြူတော်တို့သည် စေတီတော်၏ တောင်ဘက်အရပ်မှ တက်ရောက်ဖူးမြော်ခဲ့ကြသဖြင့် စေတီတော်၏ တောင်ဘက်လမ်းကို ဆင်ဖြူတော် လမ်းဟူ၍ လည်းကောင်း၊ ဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ်တို့သည် ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် စေတီတော်၏ အရှေ့တောင်အရပ်မှ တက်ရောက်ဖူးမြော်ခဲ့ကြ၍ စေတီတော်၏ အရှေ့တောင်လမ်းကို ဝိဇ္ဇာဓိုရ်လမ်းဟူ၍ လည်းကောင်း ခေါ်တွင်ခဲ့ကြောင်း သိရပေသည်။

 

ဘုရားဖူးများစည်ကား

 

ဘုရားပွဲတော်ကာလတွင် ပွဲတော်သို့ သွားရောက်သည့် သင်္ဘောများ၏ ခေါင်မိုးများပေါ်တွင် သာသနာ့ အလံများ၊ ပလတ်စတစ်ပူဖောင်းများကို ဝါးခက်များဖြင့် တင့်တယ်လှပစွာ ပန်းပွားဆင်ထားတတ်သည်ကို တွေ့ရသူများသည် မြတ်မော်တင်ဘုရားပွဲတော်သို့ သွားလိုစိတ်များ ပေါ်ပေါက်လာတတ်သည်။ ကျေးရွာဓလေ့ တေးသံသာများ လွှင့်ထုတ်ပေးနေသည်မှာလည်း ကြားရသူများအဖို့ ဘုရားပွဲတော်သို့ သွားလိုစိတ်များ ထပ်မံဖြစ်ပေါ်စေပါသည်။

 

ရန်ကုန်မြို့မှ ၂၅၈ မိုင် ကွာဝေးသော ခမောက်မော် သို့ ရေယာဉ်ကြီးများဖြင့် လည်းကောင်း၊ ပုသိမ်မြို့မှ မော်တင်စွန်းဘုရားအထိ ၁၀၁ မိုင် ၃ ဖာလုံခရီးကို မော်တော်ကားများဖြင့် လည်းကောင်း အလွယ်တကူ သွားလာနိုင်ပြီး ပုသိမ်မြို့မှ ၈၆ မိုင် ကွာဝေးသော ခမောက်မော်သို့ ရေယာဉ်ကြီးများဖြင့် သွားလာနိုင် သည်။ တစ်ညအိပ်ဘုရားဖူးပြီး ပြန်လာနိုင်မည်ဖြစ်ရာ သွားရေးလာရေး အလွန်လွယ်ကူလှပေသည်။

 

အပြန်ခရီးတွင် ပုသိမ်၊ မြောင်းမြ၊ ဝါးခယ်မ၊ မအူပင် မြို့များသို့ ဝင်ရောက်၍ ဘုရားဖူးနိုင်သည်။ သမိုင်းဝင် ဟိုင်းကြီးကျွန်းမြို့ ကိုလည်း ဝင်ရောက်လေ့လာနိုင်ပြီး ကျိုက်တိစေတီကိုလည်း ဖူးမြော်နိုင်သည်။ ကျောက်ကလပ်သို့ စက်လှေဖြင့် လည်းကောင်း၊ ငွေတောင်ခေါ် (မြွေတောင်) သို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ နွားလှည်းများ၊ မော်တော်ဆိုင်ကယ်များ၊ ခြေကျင် လျှောက်၍ လည်းကောင်း သွားလာနိုင်သည်။ ရှုမျှော်၍ မဆုံးသော ခရီးလမ်းတွင် ရေဝေကုန်းတန်းတစ်လျှောက် ကျောက်ဆောင် ကျောက်ကမ်းပါးများသည် လှပစွာ စီခြယ်ထားသည့်အလား မိုးကောင်းကင်၏ ပြာလဲ့သော အရောင်၊ စိမ်းမြမြပင်လယ်ရေပြင်များ၊ လှိုင်းကြက်ခွပ် သံများ၊ လှိုင်းဖြူဖြူဖွေးများ ကမ်းစပ်သို့ တလိမ့်လိမ့် တက်လာပုံများ၊ လေပြေလေအေးများနှင့် သဘာဝရှုခင်း များကို ကြည့်ရှုခံစားနိုင်ကာ သွားရောက်လေ့လာနိုင်ကြသည်။ ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးရသည်များ မှာလည်း အလွန်ပျော်စရာကောင်းလှပေသည်။ သန့်ရှင်း လတ်ဆတ်သော ပင်လယ်အစားအစာများကို စားသောက် နိုင်သည်။ အုန်းရည်ချိုချိုလေးများလည်း သောက်သုံးနိုင်သည်။ ပွဲတော်ဈေးခင်းမှာ သဲသောင်ပြင်တွင်ရှိ၍ ပင်လယ်ရေ၏အလှသဘာဝနှင့် ပဏာရ တင့်တယ်လျက် ရှိသည်။ ကျန်းမာရေးနှင့် လုံခြုံရေးကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများက နေ့ညမပြတ် စောင့်ရှောက်ပေးထားမည် ဖြစ်သည်။

 

 အံ့ဖွယ် ၁၈ ပါး

 

မြတ်မော်တင်စေတီတော်မြတ်ကြီးတွင် အံ့ဖွယ် (၁၈) ပါး ရှိလေသည်။

၁။ ညအခါ စေတီတော် တစ်ယောက်တည်း အဓိဋ္ဌာန်၍ ခုနစ်ပတ်ရစ်ပတ်ပါက ရွှေသံ ငွေသံ ကြားရခြင်း၊

၂။ ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်များ အမြောက်မိုး၊ လက်နက်မိုး ဗုံးမိုး ရွာသော်လည်း ကျည်ဆန်တစ်ခုမျှ မခခြင်း၊

၃။ လပြည့် လကွယ်နေ့များတွင် ရောင်ခြည်တော် လွှတ်လေ့ရှိခြင်း၊ စေတီကုန်းနှင့် ပရိဝုဏ်တစ်ဝိုက်တွင် ရသီပန်းများ မပြတ်ပွင့်ခြင်း၊

၅။ ညချမ်းအခါတွင် စေတီတော်ကုန်းတော်၌ အမွှေးရနံ့ လှိုင်ခြင်း၊

၆။ ခေါင်းလောင်းများ လူမတီးဘဲ မြည်တတ်ခြင်း၊

၇။ ယခုထက်တိုင်ပင် ရံဖန်ရံခါ ဆွမ်းများ ဦးအောင် မတင်နိုင်ခြင်း၊

၈။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်ဖြစ်သော်လည်း အန္တရာယ်မရှိခြင်း ၊

၉။ နတ်များ၊ ဆင်များ၊ နဂါးတို့ ဘုရားဖူးလာသော်လည်း လူတို့အား ဒုက္ခမပေးခြင်း၊

၁၀။ လပြည့်လကွယ်တွင် အရုဏ်ဦးယံအချိန်များတွင် စေတီကုန်းတော်မှ မောင်းသံ၊ ဗုံသံ စသော တူရိယာအမျိုးမျိုးတို့၏ အသံကို ကြားရတတ်ခြင်း၊

၁၁။ ဘေးအန္တရာယ်များ ကျရောက်ပါကစေတီတော်ကြီးအား အာရုံပြု၍ ရှိခိုးဆုတောင်းလိုက်သော် ဘေးအန္တရာယ်မှ ကင်းဝေးခြင်း၊

၁၂။ တပေါင်းလ ဘုရားပွဲတော်ကြီး ဖြစ်ခါနီးတိုင်း ကျီးအုပ်ကြီးများ၊ အမျိုးအမည်မသိသော ငှက်အုပ် ကြီးများ၊ တောင်တော်နှင့် စေတီတော်အား ရစ်ပတ်ပျံဝဲတတ်ခြင်း၊

၁၃။ ဘုရားပွဲတော်ကြီးသို့ လူထောင်သောင်းချီ၍ လာရောက်သော်လည်း သောက်ရေကန်မှ ရေများ မလျော့ခြင်း၊

၁၄။ ဘုရားပွဲတော်တွင် ဆွမ်းတော်တင်တောင်ပုံရာပုံ စွန့်ပစ်ထားသော်လည်း ကျီးတစ်ကောင်မျှ လာရောက်စားသောက်မှုမရှိခြင်း၊

၁၅။ ဘုရားပွဲတော်တွင် လူထောင်သောင်းချီ၍ ရောက်လာသော်လည်း တောင်တော်တွင် လူပြည့်သည်ဟု မရှိခြင်း၊

၁၆။ ယုံကြည်စွာဖြင့် စေတီတော်ကြီး ရင်ပြင်တော်တွင် သစ္စာအဓိဋ္ဌာန်ပုတီးစိပ်ပါက ရင်ပြင်တော်မှ မြည်ဟီးသံကြားရတတ်ခြင်း၊

၁၇။ နှစ်စဉ်တပေါင်းလတိုင်း အကြောင်းတစ်စုံတစ်ရာကြောင့် ဘုရားပွဲတော် မကျင်းပနိုင်ပါက တောင်တော်မြည်ဟီးခြင်း၊

၁၈။ စေတီတော်ကို အဝေးမှ မြင်ရလျှင်သော်လည်းကောင်း၊ စေတီတော်ပုရိဝုဏ်သို့ ကြည်ညိုစိတ်နှင့် ရောက်လာသည်နှင့်လည်းကောင်း၊ ဖူးမြော်ဦးတိုက်လျှင်သော် လည်းကောင်း ကာယသုခ၊ စိတ္တသုခါ နှစ်ပါး ချမ်းမြေ့ရခြင်း စသည့် အံ့ဖွယ် (၁၈)ပါး နှင့် ပြည့်စုံတော်မူသော စေတီတော်မြတ်ဖြစ်ပေသည်။

 

ဒေသန္တရ ဗဟုသုတရရှိ ။

 

မြတ်မော်တင်စေတီကို ဖူးမြော်ရင်း ဧရာဝတီ တိုင်းဒေသကြီး၏ သာယာတိုးတက်ဖွံ့ဖြိုးနေသော လုပ်ငန်းများ၊ ရေမြေတောတောင်များ၏ အလှ သဘာဝရှုခင်းများ၊ အုန်းပင်များ၊ ဓနိပင်များ၊ စပါးပင်များ စသည့် စိုက်ခင်းများကိုကြည့်ရှုခံစားရင်း ဧရာဝတီမြစ်ကူးတံတားများ၊ မြန်မာနိုင်ငံ၏ အထူးစီမံကိန်းများ၊ ဟိုင်းကြီးကျွန်းဆိပ်ကမ်းရှိ များပြားလှသောငါးဖမ်းရေယာဉ်များ၊ သာယာလှပသည့် သမိုင်းဝင် ဟိုင်းကြီးကျွန်းနှင့် စံပြရွာ၊ အဏ္ဏဝါရွာ၊ ကျောက်ချောင်းရွာ၊ ခမောက်မော်ရွာ၊ ကံချိုင်ရွာ၊ ဆီးချိုင့်ရွာတို့၏ သဘာဝအလှအပများကို တွေ့မြင်ရမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပျူငှာနွေးထွေးစွာ ဆက်ဆံမှုများကိုလည်း ထိတွေ့ခံစားရမည့်အပြင် ဒေသန္တရ ဗဟုသုတများစွာရရှိမည် ဖြစ်ပါသည်။

 

စိတ်ရွှင်လန်းမှုကိုဖြစ်စေပြီး ကျန်းမာရေးကို အထောက်အပံ့ပေးသော ပင်လယ်လေကောင်း လေသန့်များကို ရှူရှိုက်ရခြင်း၊ သဲသောင်ကမ်းစပ်များပေါ်တွင် လမ်းလျှောက်ရခြင်း၊ ဒေသထွက် ကုန်ပစ္စည်းများကို အမှတ်တရဝယ်ယူရရှိနိုင်ခြင်း တို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူတို့၏ စည်းလုံးညီညွတ်မှု၊ ရိုးသားမှု၊ ဧည့်ဝတ်ကျေပွန်မှုတို့ကိုလည်း ထိတွေ့ခံစားနိုင်ပေသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီးပုံတူ မြတ်မော်တင် စေတီတော်မြတ်ကြီးအား ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံတူအဖြစ် ရွှေရောင် စတီးပြားများငုံကာ ပြန်လည်ဆောင်ရွက်ထားပြီး စေတီတော်၏ ရင်ပြင်တော်အား ထမ်းထားသော မြေထိန်းနံရံများကို ခြုံငုံကာ အဆိုပါနေရာများတွင် မြတ်မော်တင်စေတီတော် မြတ်ကြီး၏ သမိုင်းကြောင်းများကို လူအများ လာရောက်ကြည့်ရှုလေ့လာနိုင်မည့် ပြခန်းငယ်များကိုလည်း ဆောင်ရွက်ထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

 

အလှူရှင်မိသားစုက စေတီတော်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်သစ် တင်လှူ ပူဇော်ခဲ့သည့်အတွက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်ဘုံဆင့်များအား ကျိုက်ထီးဆောင်း ဆရာတော်ဦးဆောင်၍ ပြုပြင် မွမ်းမမှုနှင့်အတူ သပ္ပာယ်စွာ ဖူးမြော်နိုင်ပေသည်။ ရင်ပြင်ပေါ်ရှိ အရံစေတီ ၁၆ ဆူနှင့် အပြင်တွင်ရှိသော အရံစေတီများအား အလှူရှင်များက ရွှေသင်္ကန်းကပ်လှူထားကာ သာသနိကအဆောက် အအုံများကိုလည်း ပြန်လည်ပြုပြင်ထားသည့်အတွက် ဆံတော်ရှင် မြတ်မော်တင်စေတီမှာ အလွန်သပ္ပာယ်စွာ ဖူးမြော်ရမည်ဖြစ်ပါသည်။

 

ဘုရားဖူးများ စိတ်အေးချမ်းသာ ကြည်ညိုစွာ ဘုရားဖူးမြော်နိုင်ရန်အတွက် အဘက်ဘက်မှ ပြည့်စုံစွာ စီစဉ်ထားရှိပြီးဖြစ်ရာ ကြုံတောင့်ကြုံခဲ မဟာ မကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီ ဗုဒ္ဓပူဇနိယပွဲတော်ကို လာရောက်ဖူးမြော်ကြည်ညို ကြစေလိုကြောင်း တိုက်တွန်းရေးသားလိုက်ရ ပေသည်။ ။

 

မောင်တင်လှိုင်(ဟိုတယ်/ခရီး)