ဥရောပအနေနဲ့ ဆက်လက်လျစ်လျူရှုဖို့ မဖြစ်နိုင်တော့တဲ့ လစ်ဗျားပဋိပက္ခ

၂၀ ဇန်နဝါရီ

 

လစ်ဗျားနိုင်ငံရဲ့ ပဋိပက္ခဟာ ရှစ်နှစ်ကြာလာပြီဖြစ်ပေမယ့် ရပ်တန့်မသွားဘဲ ပိုမိုပြီးဆိုးရွားလာပါတယ်။ အစပိုင်းမှာတော့ လစ်ဗျားပဋိပက္ခကို ဥရောပသမဂ္ဂအနေနဲ့ သိပ်ပြီးစိတ်ဝင်တစားမရှိလှပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာလစ်ဗျား နိုင်ငံအတွင်း တိုက်ပွဲတွေ ပြင်းထန်လာပြီး အကြမ်းဖက်သမားတွေအတွက် အခွင့်အလမ်းကောင်းဖြစ်လာတာကြောင့်ရော၊ ဥရောပကို လှိမ့်ဝင်လာတဲ့ ရွှေ့ပြောင်းသွားလာသူတွေရဲ့ အဓိကအရင်းအမြစ်ဖြစ်လာတာကြောင့်ရော ဒီထက်ပိုပြီး လျစ်လျူရှုနေလို့မရတော့ပါဘူး။

 

အကြောင်းဖန်လာ

 

ဥရောပဟာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဦးတည်ရာ ဖြစ်လာတာကြောင့် ဥရောပနိုင်ငံတွေရဲ့ နိုင်ငံရေးမှာ လည်းလှုပ်ခတ်မှုတွေ ရှိလာပါတယ်။ မကြာသေးမီ အချိန်ကပဲ လစ်ဗျားနိုင်ငံရဲ့ ပဋိပက္ခအတွင်းကို ရုရှားနဲ့ တူရကီတို့ ကြားဝင်လာကြပါတယ်။ ဒီအခါမှာတော့ ဥရောပအနေနဲ့ နောက်ထပ်ကစားပွဲကြီးအတွင်းကို ဝင်ရောက်ဖို့ အကြောင်းဖန်လာပါပြီ။ ဂျာမနီနဲ့ကုလ သမဂ္ဂတို့ဟာ လစ်ဗျားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် တွေ့ဆုံဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒါဟာလွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး၊ ရေနံနဲ့ဓာတ်ငွေ့ ပေါကြွယ်ဝတာဟာလည်း လစ်ဗျားနိုင်ငံ ရဲ့ပဋိပက္ခ အဆုံးမသတ်နိုင်ရတဲ့ အကြောင်းရင်း ဖြစ်နေခဲ့ပါတယ်။ နောက်ပြီး ပထဝီဝင်နိုင်ငံရေးအရလည်း အချက်အချာကျနေပါတယ်လို့ တူရကီနဲ့မြေထဲပင်လယ် အရေးကျွမ်းကျင်သူ လန်လက်က ပြောပါတယ်။

 

တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့စိတ်ဝင်စား

 

ဒီအခြေအနေတွေအားလုံးဟာ ရွှေ့ပြောင်းနေထိုင်မှု၊ စွမ်းအင်၊ လုံခြုံရေးနဲ့ အကြမ်းဖက်တန်ပြန်တိုက်စစ် ဆင်ရေးအစရှိတာတွေကနေ အစပြုလာပါတယ်လို့သူက ဆက်ပြောပါတယ်။ နောက်ပြီး တူရကီရုရှားတို့နဲ့လည်း ပထဝီနိုင်ငံရေးအရ ပတ်သက်မှုရှိနေပါတယ်။ ဥရောပ သမဂ္ဂ နိုင်ငံရေးမူဝါဒဆိုင်ရာ အကြီးအကဲဖြစ်သူ ဂျိုဆက်ဘော်ရယ် ဖရန့်တီးလက်စ်ကတော့ လစ်ဗျားမှာ အပစ် အခတ်ရပ်စဲရေးအတွက် ဥရောပသမဂ္ဂအဖွဲ့ကြီးဟာ တပ်ဖွဲ့ဝင်တွေ စေလွှတ်သင့်တယ်လို့ ပြောပါတယ်။ အီတလီနဲ့ဂရိတို့ကလည်း တပ်ဖွဲ့ဝင်တွေစေလွှတ်ဖို့ စိတ်ဝင်စားတယ်ဆိုတာ အစောကြီးကတည်းက အကြံပြုထားပြီးသားပါ။ လစ်ဗျားမှာ အပစ်အခတ်ရပ်စဲရေးအတွက် အကြောင်းဖန်လာပြီဆိုရင် ဒီအပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ပြီး အကောင်အထည်ဖော်ပေးဖို့ "ဥရောပသမဂ္ဂအနေနဲ့ ပြင်ဆင်ထားရမယ်၊ ဥရောပသမဂ္ဂရဲ့ လုပ်ငန်းတာဝန်အဖြစ် တပ်ဖွဲ့ဝင်တွေစေလွှတ် တာမျိုးပဲဖြစ်ဖြစ်လုပ်သင့်တယ်လို့ သူကဆက်ပြောပါတယ်။

 

ကဒါဖီကိုဖြုတ်ချရာမှ အစပြု

 

ဒါပေမယ့်လည်း ဥရောပဟာ အင်အားသိပ်ပြီး တောင့်တင်းတဲ့ဟန်မရှိပါဘူး။ နောက်ပြီးလစ်ဗျားအရေး နဲ့လည်းအလှမ်းကွာနေပါတယ်လို့ ဂျာမန်မာရှယ်ဖန်းက အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ အခုအချိန်မှာ လစ်ဗျားအရေးနဲ့ ပတ်သက်ပြီး ဥရောပဟာစိုးရိမ်လွန်နေပါတယ်။ ဒါပေမယ့် ဒါဟာနောက်ကျသွားပါပြီး။ ဥရောပဟာလစ်ဗျားအရေးကိစ္စမှာ အလှမ်းကွာလွန်းသွားပါပြီလို့ သူကဆက်ပြောပါတယ်။ လစ်ဗျားနိုင်ငံရဲ့ မငြိမ်သက်မှုတွေဟာ ၂၀၁၁ ခုနှစ်မှာ အာဏာရှင် ကဒါဖီကိုဖြုတ်ချခဲ့ရာကနေ အစပြုပါတယ်။ အမေရိကန်ရဲ့ အကူအညီနဲ့ ဥရောပတပ်တွေက ကဒါဖီကိုဖြုတ်ချခဲ့ ရာကအစပြုပါတယ်။ အဲဒီနောက်မှာတော့ စွမ်းအင်ကဏ္ဍမှာ ပေါကြွယ်ဝလှတဲ့လစ်ဗျားကို ဥရောပတပ်တွေဟာ အချင်းချင်းပဋိပက္ခတွေဖြစ်နေတဲ့ ပြည်သူ့ စစ်တွေရဲ့ လက်ထဲမှာ ချန်ထားခဲ့ပါတယ်။

 

ဒုက္ခသည်တွေထွက်ပေါ်လာ

 

ကဒါဖီတပ်ဖွဲ့ရဲ့ လက်နက်တွေဟာ ဒေသတစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီး အခြားသောစစ်သွေးကြွတွေ၊ အကြမ်းဖက် သမားတွေရဲ့ လက်ထဲကို ရောက်သွားပါတယ်။ အဲဒီနောက်မှာတော့ ဒုက္ခသည်တွေ ထောင်နဲ့ချီပြီး ပေါ်ထွက်လာခဲ့တယ်။ အဲဒီဒုက္ခသည်တွေဟာ ဥရောပကို ခိုလှုံရာ အဖြစ်လှိမ့်ဝင်လာခဲ့ပါတော့တယ်။ ဥရောပကိုဝင်ရောက် ဖို့ကြိုးပမ်းကြတဲ့အာဖရိက က ဒုက္ခသည်တွေအတွက်တော့ လစ်ဗျားဟာ အဓိကဝင်ပေါက်အဖြစ် ရှိနေတုန်းပါပဲ။ ရွှေ့ပြောင်းနေထိုင်သူတွေ အဓိကလှိမ့်ဝင်လာတဲ့ အချိန်ကတော့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တို့မှာပါပဲ။ အဲဒီအချိန်ကစလို့ ဥရောပဟာလစ်ဗျားကို ရွှေ့ပြောင်းသွား လာနေထိုင်မှုအတွက် အဓိကပြဿနာအရင်းအမြစ် အဖြစ်ရှုမြင်လာတယ်လို့ အပြည်ပြည်ဆိုင်ရာပဋိပက္ခ အုပ်စုမှ လေ့လာသုံးသပ်သူက လော်ဒီယာဂါဇီနီက ပြောပါ တယ်။ ဥရောပတစ်နိုင်ငံချင်းစီကလည်း လစ်ဗျားနိုင်ငံ မှာ သူတို့ရဲ့အကျိုးစီးပွားအတွက် ကြိုးပမ်းလာကြပါတယ်။ တစ်ခါတလေမှာ ရည်ရွယ်ချက်ချင်း မတူညီတာမျိုးတွေလည်း ရှိပါတယ်။

 

လက်ပိုက်ကြည့်ဖို့မဖြစ်နိုင်

 

လစ်ဗျားပဋိပက္ခမှာ ရုရှားနိုင်ငံကတော့ လွန်ခဲ့တဲ့ နှစ်က ပါဝင်လာခဲ့ပြီး တူရကီကတော့ မကြာသေးမီက ပါဝင်လာခဲ့တာပါ။ တူရကီဟာသူရဲ့ တပ်ဖွဲ့ဝင်တွေကို လစ်ဗျားနိုင်ငံဆီ စေလွှတ်မယ်လို့ ကြေညာခဲ့တဲ့အခါမှာတော့ ဥရောပအနေနဲ့လက်ပိုက် ကြည့်နေဖို့မဖြစ် နိုင်တော့ပါဘူး။ လစ်ဗျားနိုင်ငံရဲ့ ပြည်တွင်းစစ်ကနေ ပြည်ပနိုင်ငံတွေရဲ့ ကစားပွဲဖြစ်လာနိုင်ပါတယ်။ လစ်ဗျားနိုင်ငံမှာတော့ ကုလသမဂ္ဂက ထောက်ခံပေးထားတဲ့ အစိုးရနဲ့ အရှေ့ပိုင်းအခြေစိုက် ခါလီဖာဟတ်ဖ်တာရဲ့ တပ်တွေဟာတိုက်ပွဲတွေ ဆင်နွှဲနေကြပါတယ်။ အီဂျစ်၊ ယူအေအီး၊ ဆော်ဒီ၊ ပြင်သစ်နဲ့ အခုရုရှားတို့ဟာ ခါလီဖာရဲ့ တပ်တွေဘက်ကနေ ထောက်ခံပေးပါတယ်။ တခြားဘက်မှာတော့ ကာတာ၊ အီတလီနဲ့ ယခု တူရကီတို့ဟာ ကုလသမဂ္ဂကနေ ကျောထောက်နောက်ခံ ပြုထားတဲ့ အစိုးရဘက်ကနေ ထောက်ပံ့ပေးထားပါတယ်။ အဲဒီအစိုးရကတော့ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂကနေ ကမကထပြုလုပ်ပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ ဖာယက်ဇ်အယ်ဆာရက်ဂျိုဦးဆောင်တဲ့ အစိုးရအဖွဲ့ပဲ ဖြစ်ပါတယ်။

 

အဖွဲ့ကြီးအတွင်းသဘောထားကွဲလွဲ

 

ပြင်သစ်နဲ့ အီတလီတို့ရဲ့ ရပ်တည်ချက်ချင်းမတူညီမှုဟာလည်း ဥရောပသမဂ္ဂအဖွဲ့ကြီးအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာစေပြီး လစ်ဗျားနိုင်ငံအရေးပါဝင်မှုမှာ အင်အားလျော့နည်းစေပါတယ်။ လစ်ဗျား မှာတူရကီရဲ့စစ်ရေးအရပါဝင်မှုဟာ ပိုမိုအန္တရာယ်ကြီးစေတယ်လို့ လွန်ခဲ့တဲ့လအတွင်းကပဲ ဥရောပသမဂ္ဂရဲ့ အဆင့်မြင့်သံတမန်တစ်ဦးဖြစ်သူ မစ္စတာဘော်ရယ်က အလေးအနက်ထား ပြောကြားခဲ့ပါတယ်။ ဥရောပနိုင်ငံ တွေအနေနဲ့တော့ စစ်ရေးအရပါဝင်လိုခြင်းမရှိပါဘူး။

 

စစ်ရေးအရပါဝင်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ဥရောပနိုင်ငံတွေဟာ ယုံကြည်ထားသင့်တယ်လို့ ယခုသီတင်းပတ်အတွင်းမှာ ပြုလုပ်တဲ့ ( ဥရောပပါလီမန် အစည်းအဝေးမှာ မစ္စတာဘော်ရယ် က ပြောကြားခဲ့ပါတယ်။

 

လက်မှတ်ထိုးဖို့ငြင်းဆန်

 

လွန်ခဲ့တဲ့သီတင်းပတ်ကပဲ တူရကီနဲ့ ရုရှားတို့ဟာ လစ်ဗျားနိုင်ငံအတွင်းမှာ တိုက်ပွဲတွေဖြစ်နေကြတဲ့ ဟက်ဖ်တာနဲ့ မစ္စတာ ဖာယက်ဇ်တို့က မော်စကိုသို့ ခေါ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာလက်မှတ် ရေးထိုးနိုင်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။ မစ္စတာဟက်ဖ်တာ ကတော့ ထရီပိုလီမြို့ ကို သူသိမ်းနိုင်လိမ့်မယ်လို့ တထစ် ချယုံကြည်နေသူဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးမှ လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒီနောက် မှာတော့ လက်မှတ်ရေးထိုးခြင်းမရှိဘဲ မော်စကိုမြို့ ကနေ ထွက်ခွာသွားခဲ့ပါတယ်။ အလှမ်းဝေးနေဆဲ အီတလီနိုင်ငံနဲ့ စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ Eni တို့ဟာ လစ်ဗျားအရေးကိစ္စမှာ အဓိကပါဝင် ပတ်သက်သူတွေပါပဲ။ စွမ်းအင်ကဏ္ဍမှာ အဆက်မပြတ်ဖို့အတွက် မစ္စတာ ဟတ်ဖ်တာရဲ့ တပ်တွေနဲ့ မစ္စတာဖာယက်ဇ်ရဲ့ တပ်တွေအကြား သဘောတူညီမှုရရှိဖို့ အီတလီဟာလည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း လစ်ဗျားနိုင်ငံရဲ့ ပဋိပက္ခချုပ်ငြိမ်းဖို့ကတော့ အလှမ်းဝေးနေဆဲပါပဲ။

 

ကိုးကား -နယူးယောက်တိုင်းမ်

ခြူးစန္ဒီနွေး