ဥပ‌ဒေအတွေး ရေးပါရစေ အပိုင်း(၂၂၉)

ကင်းလွတ်ရမြဲအချက်များ
 

ဦးဟန်ညွန့် (ဥပဒေ)

နေပြည်တော်မိုး
နေပြည်တော်မိုးသည် တစိမ့်စိမ့်ရွာသွန်းဖြိုးလျက် ရှိပါသည်။ အလုပ်သင်ရှေ့နေ မောင်ပျင်းရိသည် မိုးနှင့်အတူ တငြိမ့်ငြိမ့် အိပ်ငိုက်လျက်ရှိပါသည်။ သို့သော် ငြား သူ၏အလုပ်သင်ဆရာကြီးလာလျှင် ရှေ့နေရုံးခန်း ဖွင့်ပေးရမည်ဖြစ် သည့်အတွက် ရုံးခန်းဝတွင် အိပ်မပျော်အောင် အသင့်အနေအထားဖြင့် သတိ ကြီးစွာထား၍ မျက်စိဖွင့်လျက်ရှိပါသည်။ ထိုစဉ် ... ။


ဆရာကြီးအား မေးမြန်းခြင်း

မကြာမီ ဆရာကြီးရောက်ရှိလာသဖြင့် မောင်ပျင်းရိက ရှေ့နေရုံးခန်းတံခါး ကိုဖွင့်ပေးရင်း “ဆရာကြီးခင်ဗျာ၊ မိုးအေးအေးနဲ့ ကျွန်တော်အိပ်ပျော်သွား တော့မလို့၊ တကယ်လို့ အိပ်ပျော်သွားရင်လည်း တံခါးမဖွင့်မိရင် ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော် အိပ်ချင်လို့ မဟုတ်ပါဘူး။ မိုးကအေးတော့ ပတ်ဝန်း ကျင်အခြေအနေ ဖန်တီးမှုကြောင့် မအိပ်ချင်ဘဲ အိပ်ငိုက်သွားတဲ့ သဘော ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်ရှိရင်လည်း ခွင့်လွှတ်သင့်ပါတယ်။ ပြီးတော့ ကင်းလွတ်ရမြဲအချက်များအကြောင်းကိုလည်း ဥပဒေပြဋ္ဌာန်းချက်ရှိရင် ရှင်းလင်းပြောပြပေးပါ ဆရာကြီး”ဟု ထူးထူးဆန်းဆန်း မေးမြန်းလာပါသည်။ ထို့ကြောင့် ဤစာကို ရေးပါသည်။


ကင်းလွတ်ရမြဲအချက်များ
ရာဇသတ်ကြီးတွင် ကင်းလွတ်ရမြဲအချက်များ “General Exceptions’’ ဟူ၍ ပြဋ္ဌာန်းထားရှိပေသည်။ ကဏ္ဍအားဖြင့် အောက်ပါအတိုင်း ပိုင်းခြားနိုင် မည်ဖြစ်ပေသည်။ ၎င်းမှာ-


(၁) ပြစ်မှုမကင်းသော အကြံမရှိသည့်ကိစ္စများ၊ ပုဒ်မ ၈၁ မှ ၈၆ နှင့် ၉၂ မှ ၉၄ အထိ။


(၂) မတော်တဆ ဖြစ်ပွားသည့်ကိစ္စ၊ ပုဒ်မ ၈၀။


(၃) ကြောင်းခြင်းရာ အယူအဆလွဲမှားသည့်ကိစ္စ၊ ပုဒ်မ ၇၆ နှင့် ၇၉။


(၄) သဘောတူညီချက်ဖြင့် ပြုလုပ်သည့် ကိစ္စ၊ ပုဒ်မ ၈၇ မှ ၉၀ အထိ။


(၅) သေးနုပ်သော ဘေးအန္တရာယ်ဖြစ်စေသည့်ကိစ္စ၊ ပုဒ်မ ၉၅။


(၆) ကာကွယ်ခုခံပိုင်ခွင့်အတွင်း ပြုလုပ်သည့်ကိစ္စ၊ ပုဒ်မ ၉၆ မှ ၁၀၆။


(၇) အခွင့်အရေးအရ ပြုလုပ်သည့်ကိစ္စ၊ ပုဒ်မ ၇၇ နှင့် ၇၈ တို့ဖြစ်ပါ သည်။

 

ကင်းလွတ်ရမြဲအချက်များ(General Exceptions)


ဥပဒေအရ တာဝန်ရှိသဖြင့် ပြုလုပ်ခြင်း သို့မဟုတ် ကြောင်းခြင်းရာကို အယူ အဆလွဲခြင်းကြောင့် ဥပဒေအရ တာဝန်ရှိသည် ယုံကြည်၍ ပြုလုပ်ခြင်း


ပုဒ်မ ၇၆။ ဥပဒေအရပြုလုပ်ရန် တာဝန်ရှိသူက သော်လည်းကောင်း၊ ဥပဒေကို အယူအဆလွဲခြင်းကြောင့်မဟုတ်ဘဲ ကြောင်းခြင်းရာကို အယူအဆ လွဲခြင်းကြောင့် ဥပဒေအရတာဝန်ရှိသည်ဟု သဘောရိုးနှင့် ယုံကြည်သူက သော်လည်းကောင်း ပြုလုပ်လျှင် ထိုပြုလုပ်မှုသည် ပြစ်မှုမမြောက်။


ဥပမာများ
(က) စစ်သားမောင်ဖြူသည် ရုန်းရင်းဆန်ခတ်ပြုသော လူစုလူဝေးကို ဥပဒေနှင့်ညီသော မိမိ၏ အထက်အရာရှိ၏အမိန့်ဖြင့် သေနတ် နှင့် ပစ်ခတ်သည်။ ထိုသို့ပစ်ခတ်ခြင်းသည် ပြစ်မှုကျူးလွန်ရာ မရောက်။


( ခ) တရားရုံးအမှုထမ်း မောင်ဖြူသည် မောင်မဲကို ဖမ်းဆီးရန် တရားရုံးမှ အမိန့်ရရှိ၏။ ထိုက်သင့်သော စုံစမ်းမှုကို ပြုပြီးနောက် မောင်နီကို မောင်မဲဟု ထင်မှတ်ယုံကြည်၍ ဖမ်းဆီးသည်။ ထိုသို့ ဖမ်းဆီးခြင်း သည် ပြစ်မှုကျူးလွန်ရာ မရောက်။


တရားစီရင်ရေး ဆောင်ရွက်ရာ၌ တရားသူကြီး၏ ပြုလုပ်မှု(Act of Judge)

ပုဒ်မ ၇၇။ တရားစီရင်မှု ဆောင်ရွက်ရာ၌ တရားသူကြီးတစ်ဦးသည် ဥပဒေ အရ မိမိရရှိသောအာဏာကို သို့မဟုတ် ဥပဒေအရ မိမိရရှိသည်ဟု သဘောရိုး နှင့် ယုံကြည်သည့်အာဏာကို သုံးစွဲဆောင်ရွက်လျှင် ထိုသို့ဆောင်ရွက်ခြင်းသည် ပြစ်မှုမမြောက်။


တရားရုံးစီရင်ချက်အရ သို့မဟုတ် အမိန့်အရ ပြုလုပ်မှု

ပုဒ်မ ၇၈။ စီရင်ချက်ကို သို့မဟုတ် အမိန့်ကိုထုတ်ဆင့်ရန် တရားရုံး၌ အာဏာ မပိုင်သော်လည်း အာဏာပိုင်သည်ဟု သဘောရိုးနှင့်ယုံကြည်၍ ပြုလုပ်လျှင် ထိုတရားရုံး၏ စီရင်ချက်အရဖြစ်စေ၊ စီရင်ချက်နှင့်အညီဖြစ်စေ၊ အမိန့်အရ ဖြစ်စေ၊ အမိန့်နှင့်အညီဖြစ်စေ ထိုစီရင်ချက် သို့မဟုတ် ထိုအမိန့် တည်ဆဲတွင်ပြုသော ထိုပြုလုပ်မှုသည် ပြစ်မှုမမြောက်။
ဥပဒေအရ ပြုပိုင်သူ၏ ပြုလုပ်ခြင်း သို့မဟုတ် ကြောင်းခြင်းရာကို အယူ အဆလွဲခြင်းကြောင့် ဥပဒေအရ ပြုပိုင်သည်ဟု ယုံကြည်၍ ပြုလုပ်ခြင်း


ပုဒ်မ ၇၉။ ဥပဒေအရ ပြုပိုင်သူကသော်လည်းကောင်း၊ ဥပဒေကို အယူအဆ လွဲခြင်းကြောင့် မဟုတ်ဘဲ ကြောင်းခြင်းရာကို အယူအဆလွဲခြင်းကြောင့် ဥပဒေအရ ပြုပိုင်သည်ဟု သဘောရိုးနှင့် ယုံကြည်သူက သော်လည်းကောင်း ပြုလုပ်လျှင် ထိုသို့ပြုလုပ်မှုသည် ပြစ်မှုမမြောက်။


ဥပမာ။ လူသတ်မှုကို ကျူးလွန်နေသည်ဟု အထင်ရောက်လောက်အောင် မောင်မဲ ပြုမူနေသည်ကို မောင်ဖြူမြင်ရ၏။ လူသတ်မှုကျူးလွန်နေသူကို မည်သူမဆို ဥပဒေအရ ဖမ်းဆီးနိုင်ခွင့်ရှိသည့်အလျောက် မောင်ဖြူသည် ဉာဏ်မီသလောက် ဆင်ခြင်၍ ဆိုင်ရာအာဏာပိုင်တို့ထံ ပို့အပ်ရန် မောင်မဲ အား သဘောရိုးဖြင့် ဖမ်းဆီး၏။ မောင်မဲသည် မိမိကိုယ်ကိုယ် ကာကွယ်လိုသော သဘောဖြင့် ပြုခဲ့ကြောင်း နောင်အခါ ပေါ်ပေါက်လာစေကာမူ မောင်ဖြူသည် မောင်မဲကို ထိုသို့ ဖမ်းဆီးခြင်းကြောင့် ပြစ်မှုပြုရာမရောက်။


ကြောင်းခြင်းရာ အယူအဆလွဲမှားခြင်း

ကြောင်းခြင်းရာ အယူအဆလွဲမှားခြင်းမှာ အသိဉာဏ်ခေါင်းပါးခြင်း ကြောင့် ဖြစ်နိုင်သည်။ လူတွင်ရှိသည့် အာရုံတစ်ခုခု ချို့တဲ့၍လည်း ဖြစ်နိုင် သည်။ ပေါ့လျော့၍သော်လည်းကောင်း၊ အယူသီး၍သော်လည်းကောင်း၊ တိုက်ဆိုင်၍ သော်လည်းကောင်း ဖြစ်နိုင်သည်။ ကြိုတင်စီစဉ်၍သော်လည်း ကောင်း၊ စီမံကိန်းချ၍သော်လည်းကောင်း ပြုလုပ်မှုမှာ ကြောင်းခြင်းရာ အယူ အဆလွဲမှားသည့် ပြုလုပ်မှုဟု ဆိုနိုင်မည်မဟုတ်ပေ။ ထို့ပြင် ပြုလုပ်မှု တစ်စုံ တစ်ခုသည် နဂိုကပင် မှားယွင်းနေမှန်းသိပါလျက် ပြုလုပ်ခဲ့ခြင်းဖြစ်ပါမူ ထို ပြုလုပ်မှုနှင့်စပ်လျဉ်း၍ ကြောင်းခြင်းရာ အယူအဆလွဲမှားသည်ဟု ဆင်ခြေ မပေးနိုင်။


အာရုံချို့တဲ့ခြင်းနှင့်ပတ်သက်၍ ဥပမာဆောင်ရသော် ညမှောင်မိုက်သည့် အချိန်တွင် လူကို သရဲထင်ပြီး ဓားနှင့်ခုတ်၍ သေရခြင်း၊ လူကို ကျားထင်ပြီး သတ်ခြင်း၊ မုဆိုးက လူကို သားကောင်ထင်ပြီး သေနတ်နှင့်ပစ်ခြင်း စသည့် ကိစ္စရပ်များမှာ စက္ခုအာရုံချို့တဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုရပေမည်။ ယင်း ကိစ္စများသည် ပြစ်မှုမကင်းသော အကြံမရှိဘဲ ပြုခဲ့သည့် ပြုလုပ်မှုများသာဖြစ်၍ ကြောင်းခြင်းရာ အယူအဆလွဲမှားခြင်းဖြစ်ပေသည်ဟု အငြိမ်းစားတရားရုံးချုပ် တရားသူကြီး ဦးသက်ဖေက ပြစ်မှုဆိုင်ရာဥပဒေ၏ သိကောင်းစရာများ စာအုပ်တွင် ရေးသားခဲ့ဖူးပါသည်။


စီရင်ထုံးများ
(က) တရားသူကြီးက လုပ်ပိုင်ခွင့် မရှိကြောင်းသိလျက်နှင့် ပြုလုပ်မှု၊ ဖြောင့် မတ်ကြောင်း ထုချေရှင်းလင်းနိုင်ခြင်း မရှိသည့် ပြုလုပ်မှု သည် ဤပုဒ်မအရ အကာအကွယ် မယူနိုင်ကြောင်း ရာဇသတ် ကြီးပုဒ်မ ၇၇ ကို ရည်ညွှန်း၍ စီရင်ထုံးဖွဲ့ထားပါသည်။


( ခ) တရားသူကြီးက တရားမမှုတွင် တရားရှုံးအား ဖမ်းဆီးရန် ဘိလစ်ကို နှုတ်မိန့်ပေးခဲ့သည်။ ဘီလစ်က ဆင့်စာလုလင်ကို နှုတ်ဖြင့် ထပ်ဆင့်ပေး၍ ဖမ်းဆီးပြီး တရားရုံးသို့ တင်ပို့သည့် ကိစ္စတွင် ဘိလစ်နှင့် ဆင့်စာ လုလင်တို့အား မတရားဖမ်းဆီး ချုပ်နှောင်မှုဖြင့် စွဲဆိုမှုမှာ တရားသူကြီးသည် အမိန့်စာဖြင့်သာ တရားမထောင်၌ ချုပ်နှောင်ခွင့်ရှိပါသည်။ ရာဇသတ်ကြီးပုဒ်မ ၇၈ အရ ကင်းလွတ်ခွင့် မရနိုင်ကြောင်း၊ ဤကိစ္စသည် ဥပဒေကို မှားယွင်းမှုဖြစ်ကြောင်း စီရင်ထုံးရှိပါသည်။


မောင်ပျင်းရိအိပ်ပျော်နေခြင်း
ရှင်းလင်းဆွေးနွေးနေစဉ် ဟောက်သံကြားသဖြင့် ကျွန်တော်လှမ်းကြည့် လိုက်ရာ သူ့ကုလားထိုင်ပေါ်တွင် မိုးအေးအေးနှင့် မောင်ပျင်းရိ အိပ်ပျော်နေ သည်ကို တွေ့မြင်လိုက်ရပါတော့သည်။ ဪ-ကင်းလွတ်ရမြဲအချက်ထဲမှာ မောင်ပျင်းရိ ပါသွားပြီလား ...။


စေတနာ
အလုပ်သင်ရှေ့နေ မောင်ပျင်းရိ မေးမြန်းသော ကင်းလွတ်ရမြဲအချက်များ အကြောင်းကို အကျဉ်းမျှ ရှင်းလင်းတွေးခေါ်မိသော ကျွန်တော်၏စေတနာ ဥပဒေအတွေးမျှသာပါ ...။ ။