University Autonomy Workshop အခမ်းအနား ကျင်းပ

ရန်ကုန်   ၃၀   စက်တင်ဘာ

 

ပညာရေးဝန်ကြီးဌာန၊ Deutscher Akademischer Austauschdienst (DAAD)၊ Dialogue on Innovative Higher Strategies(DIES) နှင့် HRK German Rector’s Conference တို့ ပူးပေါင်းကျင်းပသည့် University Autonomy Workshop အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် University Autonomy Workshop ကို ပညာရေးဝန်ကြီးဌာန၊ Deutscher Akademischer Austauschdienst (DAAD)၊ Dialogue on Innovative Higher Strategies(DIES)နှင့် German Rector’s Conference(HRK) တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ အဆင့်မြင့်ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်း တင်ပြလိုကြောင်း၊ မြန်မာနိုင်ငံ တွင် တက္ကသိုလ်(၁၇၆)ခု ရှိသည့်အနက် ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်(၁၃၄) ခုရှိပြီး ကျောင်းသား ကျောင်းသူ (၉၈၀ဝ၀ဝ)‌ကျော်တက်ရောက်လျက်ရှိပါကြောင်း။

 

ရှေးဦးကလေးသူငယ်ပညာရေးမှစ၍ တက္ကသိုလ်၊ ဘဝတစ်သက်တာသင်ယူရေး အခွင့်အလမ်း တို့ကို ရရှိအောင် အရည်အသွေးရှိသော ပညာရေးဖြင့် ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အဆင့်မြင့်ပညာကဏ္ဍတွင် ပညာ ရေးပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ သင်ကြား သင်ယူရေး နည်းလမ်းများ၊ အကဲဖြတ်စစ်ဆေးမှုစနစ်၊ အရည်အသွေးအာမခံမှု ကောင်းမွန်ရေး အစီအစဉ်များကိုလည်း   ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဆင့်မြင့်ပညာ ကျောင်းများနှင့် နားလည်မှု စာချွန်လွှာများ ရေးထိုးဆောင်ရွက်မှုများကိုလည်း ပိုမိုအားပေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် ပူးတွဲသုတေသန လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး Erasmus + Program အစီအစဉ်များ၊ ကျောင်းသားများ အပြန်အလှန်လဲလှယ်ခြင်း၊ ဧည့်ပညာရှင်များဖိတ်ခေါ်ခြင်း၊ လေ့လာရေးဆွေးနွေးပွဲ ခရီးစဉ်စေလွှတ်ခြင်း များကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း။

 

ထို့ပြင် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပညာရေးကဏ္ဍ ဘတ်ဂျက်များကို သိသိသာသာ တိုးမြှင့်သုံးစွဲလာနိုင်သည့်အတွက် ပညာသင်ထောက်ပံ့ကြေး၊ လက်တွေ့ခန်းသုံးပစ္စည်း များကိုလည်း ပိုမိုပံ့ပိုးပေးလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ စုပေါင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုကိုအားပေးသည့် တာဝန်ယူမှု၊ တာဝန်ခံမှု တို့ဖြင့် စီမံခန့်ခွဲမှုများကို ပိုမိုဆောင်ရွက်ရန်အားပေးနေပါကြောင်း၊ အရည်အသွေးရှိသော အဆင့်မြင့် ပညာရေး ဖြစ်လာရန်အတွက်လည်း အင်္ဂလိပ်စာ၊ အိုင်စီတီ၊ သင်ရိုးညွှန်းတမ်း၊ သင်ယူမှုဝန်းကျင် ကောင်းများ၊ စဉ်းစား တွေးခေါ်မှုသင်ကြားနည်းစနစ်များ၊ ဒေသ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် ဘွဲ့သင်တန်းများကို ဆောင် ရွက်ရန်လည်းအားပေး နေပါကြောင်း၊ တက္ကသိုလ်အချို့တွင် တက္ကသိုလ်ဝင်ခွင့်များကို ကိုယ်တိုင်စီမံခန့်ခွဲ ဆောင်ရွက်နေပြီး ဝန်ထမ်းရာထူးတိုး အပြောင်းအရွှေ့များကိုလည်း စွမ်းဆောင်ရည်ပေါ်တွင် မူတည်၍ ဦးစားပေးဆောင် ရွက်နေပါကြောင်း၊ စိုက်ပျိုးရေး၊ အာဟာရ ပြည့်ဝရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေပညာရပ်ဆိုင်ရာ လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ရန် အားပေးနေပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mr.Thomas Neisinger နှင့် DAAD Hanoi မှ Mr.Stefan Hase-Bergen တို့က အမှာစကားပြောကြားသည်။ ထို့နောက် German Rector’s Conference(HRK) မှ Ms.Jarijke Wahlers၊ Vietnam National University မှ Dr.Nguyen Thi Huyen နှင့် မန္တလေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းတို့က University Autonomy နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက မေးမြန်းသည်များကို ပြန်လည် ဖြေကြားကြသည်။

 

University Autonomy Workshop ကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)