တူရကီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်အတွင်းမှာ အနည်းဆုံး ၃၅ ဦးသေဆုံးပြီး ၁၅၀၀ နီးပါး ဒဏ်ရာရရှိ

၂၇ ဇန်နဝါရီ

 

တူရကီနိုင်ငံ အရှေ့ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အပြိုအပျက်တွေကြားမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်နေပေမယ့် သေဆုံးသူအနည်းဆုံး ၃၅ ဦးအထိ တိုးလာပြီး  ဒဏ်ရာရသူပေါင်း ၁၅၀၀ နီးပါး ဒဏ်ရာရရှိထားကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ 

 

သောကြာနေ့ ညနေပိုင်းက ပြင်းအား ၆.၈ ရစ်(ချ်)စတာစကေး ငလျင်လှုပ်ခတ်ခဲ့ပြီး စနေနေ့ညနေပိုင်းမှာလည်း ၅.၁ ရစ်(ချ်)စတာစကး အင်အားရှိ နောက်ဆက်တွဲ ငလျင်လှုပ်ခဲ့ကြောင်း သိရပါတယ်။

 

တူရကီသမ္မတ အာဒိုဂန်က အစ္စတန်ဘူးမှာ မိန့်ခွန်းပြောကြားမယ့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ပြီး ငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာတွေကို မနေ့က သွားရောက်ခဲ့ပါတယ်။ ငလျင်ဒဏ်ခံရသူတွေ အတွက် လုပ်နိုင်တာတွေ အားလုံးလုပ်ဆောင်ပေးမယ်လို့ ပြောဆိုပါတယ်။

 

အယ်ဇစ်မြို့က အဆောက်အအုံအပြိုအပျက်တွေကြားမှ လူပေါင်း ၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ၁၉ ဦးလောက် အပျက်အစီးတွေကြားမှာ ရှိနေသေးကြောင်း ကယ်ဆယ်ရေးအဖွဲ့က ခန့်မှန်းပြောဆိုပါတယ်။

 

အစိုးရရဲ့ ထုတ်ပြန်ချက်အရ အဆောက်အအုံပေါင်း ၇၂ လုံး ပြိုကျပြီး၊ ၅၁၄ လုံးဟာ အကြီးအကျယ်ပျက်စီးခဲ့သလို ၄၀၉ လုံးမှာတော့ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

 

နောက်ဆက်တွဲငလျင်တွေအဖြစ် အင်အား ၄ အဆင့်ကျော်တဲ့ ငလျင်ငယ် ၁၄ ခုအပါအဝင် ငလျင်ငယ်ပေါင်း ၄၆၂ ခု လှုပ်ရှားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

 

၁၉၉၉ ခုနှစ်က တူရကီနိုင်ငံ အနောက်ပိုင်းမှာပြင်အား ၇.၄ ရစ်ချ်စတာစကေး ငလျင်လှုပ်ခတ်မှုအတွင်းမှာ လူပေါင်း ၁၇,၀၀၀ သေဆုံးခဲ့ပါတယ်။

 

MDN

ကိုးကား -AFP