တရုတ်ပြည်သို့ သရက်သီးများစတင်ပို့နေသော်လည်း တရုတ်ပြည်ထဲမရောက် ရွှေလီမှာသာရောင်းနေရ

မန္တလေး ၇ ဧပြီ

 

မြန်မာ့သရက်သီးများကို ဧပြီ ၆ ရက်မှစပြီး တရုတ်နိုင်ငံသို့ စတင်တင်ပို့နေပြီဖြစ်သော် တရုတ်နိုင်ငံက ထုတ်ပြန်ချက်များကြောင့် ရွှေလီ၌သာ ရောင်းနေရသေးကြောင်း မြန်မာသရက်ဈေးကွက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

 

"တရုတ်ပြည်တော့စပို့ကြပြီ၊ အခုလောလောဆယ် တရုတ်ဘက်ကထုတ်ထားတာ သူ့နိုင်ငံကို လည်းမဝင်ရတော့ မူဆယ်မှာရောင်းလို့မရဘူး၊ ရွှေလီမှာဘဲသွားရောင်းရမယ်၊ ကားတစ်စီး လူ ၂ ယောက်ပဲပါရမယ်၊ ပါမယ့်လူရဲ့ မှတ်ပုံတင်နံပါတ်ဆိုရင် မူဆယ်နံပါတ်ပါမှရတယ်၊ လက်တလောတော့ ဧပြီလအထိ အဲလိုသတ်မှတ်ထားတယ်၊ အခက်အခဲက တောင်သူလိုက်လို့မရဘူး၊ ပိုင်ရှင်လိုက်လို့မရဘူး၊ လိုက်လို့မရတော့ ဟိုဘက်က ပွဲရုံက သူတစ်ယောက်နဲ့ ကားသမားနဲ့ သွားကြရတာများတယ်" မြန်မာ့သရက်ဈေးကွက်နည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

 

ယခုနှစ်တွင် သရက်သီးအထွက်နှုန်းသည် ယခင်နှစ်ကထက်နည်းပြီး အထွက်နှုန်းမှာ သုံးပုံတစ်ပုံ လောက်လျော့နည်းသွားကြောင်း၊ လက်ရှိတွင် တရုတ်ပြည်သို့ တင်ပို့သော သရက်သီးဈေးမှာ ၁၅ ကီလိုပါ သရက်သီး တစ်ခြင်းလျှင် မြန်မာငွေ ကျပ် ၁၈၀၀၀ ကျော်မှ ၂၇၀၀၀ ကျော်အထိရှိကြောင်း သိရသည်။

 

"အရင်နှစ်ထက်စာရင် အထွက်နှုန်းနည်းသွားတယ်၊ ဒီနှစ်က အားလုံးအပွင့်ပွင့်တယ်၊ ဂရုစိုက်ကြပေမယ့် ပွင့်တိုင်းမသီးကြဘူး၊ မသီးဘူးဆိုတာက မိုးဖောက်တာလည်းပါတယ်၊ ပြီးတော့ အခုချိန်ဆို သရက်စိုက်တောင်သူတွေ ကြောက်နေတာက လေတစ်လေကြောက်တယ်၊ သင်္ကြန်နားနီးရင် လေတိုက်တတ်တာများတယ်၊ ဝယ်ယူမှုတွေတော့ရှိပါတယ်"ဟု ဆက်လက်ပြောသည်။

 

ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း သရက်သီးစိုက်ပျိုးဧက သုံးသောင်းကျော်ရှိပြီး အိတ်စွပ်ရန်မလို သရက်သီးအနှစ်လုပ်ရန် ဂျပန်ကုမ္ပဏီမှ တန်ချိန် ၁၂၀၀၊ မြန်မာ GP ကုမ္ပဏီမှ သရက်သီးအနှစ်လုပ်ရန် ဝယ်ယူမှုများရှိကြောင်း သိရသည်။

 

ထိပ်ထားနိုင်

 

1235322343