တရုတ်နိုင်ငံမှ ကျွဲ၊ နွားများ ဝယ်ယူခြင်း မရှိတော့သည့်အတွက် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်နေရ

စစ်ကိုင်း ၆ မတ်


မြန်မာနိုင်ငံ အရပ်ဒေသအသီးသီးမှ  ကျွဲ၊  နွား တင်ပို့နေသည့်  ကုမ္ပဏီများသည်  မူဆယ် (၁၀၅)မိုင်  ကျွဲ၊  နွားကွင်းများတွင် အရောင်းအဝယ် မဖြစ်ဘဲ ရှိနေသည့်အတွက် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျွဲ၊ နွား တင်ပို့သူများအသင်းထံမှ သိရသည်။


လက်ရှိအချိန်တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်၌ ကျွဲ၊ နွားကွင်းများ၌ ကျွဲ၊ နွားအရောင်းအဝယ်ပြုလုပ်ရာတွင် တရုတ်နိုင်ငံသို့ တင်ပို့နေသော ကုန်သည်များမှ ဝယ်ယူခြင်း မရှိတော့သည့်အတွက် သယ်ယူစရိတ်များ၊ တိရစ္ဆာန် အစားအစာစရိတ်နှင့် အလုပ်သမားခများ ကုန်ဆုံးနေပြီး အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။


''အရောင်းအဝယ်မဖြစ်တော့တာ ရက် ၂၀ လောက်ရှိပြီ။ နှစ်နိုင်ငံ တရားဝင် ကုန်သွယ်တာ မဟုတ်တဲ့ အခါကျတော့ ကျွန်တော်တို့ဘက်ကသာ တရားဝင်တာလေ။ သူတို့ဘက်က တရားမဝင်တဲ့ အခါကျတော့ လာဝယ်တဲ့ တရုတ်ပွဲစားတွေကို တရုတ်ရဲက ဖမ်းတဲ့အခါကျတော့ သူတို့ ဒီမှာ ထပ်ပြီး လာမဝယ်ရဲဘူး။ လာမဝယ်တော့ ကုန်သည်တွေမှာ အရှုံးနဲ့ ရင်ဆိုင်နေရတယ်။'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျွဲ၊ နွား တင်ပို့သူများအသင်းမှ ဥက္ကဋ္ဌ ဦးသောင်းခိုင် ကပြောသည်။


တရုတ်နိုင်ငံမှ ကျွဲ၊ နွားများ ဝယ်ယူခြင်း မရှိတော့သည့်အတွက် ကုန်သည်များ ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတော် အစိုးရမှ ကူညီဆောင်ရွက်ပေးရန် အတွက် မန္တလေးတိုင်းဒေသကြီး ကျွဲ၊ နွား တင်ပို့သူများအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျွဲ၊ နွား တင်ပို့သူများအသင်းတို့ ပူးပေါင်းပြီး စာတင် တောင်းဆိုသွားရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျွဲ၊ နွား တင်ပို့သူများ အသင်းထံက သိရသည်။


" တရုတ်နိုင်ငံသို့ တင်ပို့နေတဲ့ ကုန်သည်တွေက မဝယ်တော့တဲ့အတွက် ကျွန်တော်တို့မှာ နေ့စဉ်အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွဲ၊ နွား တစ်ကောင်အတွက် တစ်ရက် အစားကျွေးခက ငွေကျပ် ၃၀ဝ၀ ရှိတယ်။ 

အခု ကျွန်တော်တို့ စစ်ကိုင်းတိုင်း အသင်းက ကုမ္ပဏီ သုံးခု ဒီကိုတက်လာတာ နွားအကောင်ရေ ၃၀ဝ လောက်ရှိတယ်။ တစ်ရက်ကို အစားကျွေးခ ငွေကျပ် ၉ သိန်းရှိတယ်။ အလုပ်သမားခ မပါသေးဘူးနော်'' ဟု ကျွဲ၊ နွားတင်ပို့နေသည့် ကုန်သည်တစ်ဦးက ပြောသည်။


ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက ပြည်ပသို့ ကျွဲ၊ နွားများတင်ပို့ရာတွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကျွဲ၊ နွား တင်ပို့မှု အများဆုံးဖြစ်ကြောင်း သိရသည်။   


ကိုမင်း(အင်းတော်)