တပ်ဖွဲ့ဝင်(၁၀၈)ဦးဖြင့် ရွှေတိဂုံစေတီတော်တစ်ဝိုက် ယာဉ်ကြောရှင်းလင်းမှုဖြင့် အများပြည်သူ စိတ်အေးချမ်းသာစွာ သွားလာနိုင်ခဲ့

ရန်ကုန် ၁၁ နိုဝင်ဘာ

 

တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်မတက်မီတွင် ရွှေတိဂုံစေတီတော်မြတ်၌ မသိုးသင်္ကန်းကို ဆက်ကပ်ပူဇော်ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတို့ဖြင့် စည်ကားခဲ့ရာ ရွှေတိဂုံစေတီတော်မြတ်၏ မုခ်လေးခုရှိ ကားလမ်းများတွင် ဘုရားဖူးပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်နှင့် ယာဉ်များသွားလာမှု အဆင်ပြေချောမွေ့စေရန် အနောက်ပိုင်းခရိုင်  အမှတ်(၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ (၁၀၈)ဦးဖြင့် ယမန်နှစ်ထက်တိုးမြှင့် ဆောင်ရွက်ခဲ့ရာ ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် အများပြည်သူ စိတ်အေးချမ်းသာစွာ သွားလာခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ညနေ(၆)နာရီမှစတင်၍ မီးတန်းယာဉ်၊ မီးတန်းဆိုင်ကယ်တို့ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရန် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တို့က ရွှေတိဂုံစေတီတော်မြတ် အရပ်လေးမျက်နှာရှိ ယာဉ်ကြောများ ပိတ်ဆို့မှု မရှိစေရန်ဆောင်ရွက်ခဲ့ပြီး တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းနှင့် ညပိုင်းတွင်လည်း ရွှေတိဂုံစေတီတော်မြတ်၊ ပြည်သူ့ဥယျာဉ်၊ တော်လှန်းရေပန်းခြံ၊ ဦးဥတ္တမပန်းခြံ၊ ကန်တော်ကြီးနှင့် တိရစ္ဆာန် ဥယျာဉ်တို့တွင် ဘုရားဖူးသူ၊ အပန်းဖြေသူတို့ဖြင့် အထူးစည်ကားခဲ့ရာ ယာဉ်လမ်းရှင်းလင်းမှုအတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ပလက်ဖောင်းပေါ်တွင် လမ်းပေါ်ဈေးသည်များ ပိတ်ဆို့မှုမရှိစေရန် စည်ပင်သာယာဝန်ထမ်းများစောင့်ကြပ် ရှင်းလင်းမှုကြောင့် ယမန်နှစ်ထက်ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းခဲ့ကြောင်း သိရသည်။

 

အနောက် ရွှေဂုံတိုင်လမ်း၊ ကမ္ဘာအေးဘုရားလမ်းထောင့်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ရေတာရှည်လမ်းထိပ်၊ ဦးထောင်ဘိုအဝိုင်း၊ ဦးဝိစာရအဝိုင်း၊ ဦးဝိစာရလမ်းထောင့်၊ ဓမ္မစေတီနှင့် ဦးဝိစာရ လမ်းထောင့်တို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန်တပ်ဖွဲ့ဝင်များ ဆောင်ရွက်ခဲ့ပြီး ယမန်နှစ်တပ်ဖွဲ့ဝင်(၈၀)ထက်တိုးမြှင့် ချထားခြင်းကြောင့် ယာဉ်မတော်တဆမှုနှင့် ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးခဲ့ခြင်းဖြစ်ရာ ယနေ့ညနေ (၅) နာရီမှ (၁၀) နာရီထိ ယာဉ်နှင့်ဘုရားဖူးပြည်သူ အထူးများပြားခဲ့၍ တပ်ဖွဲ့ဝင်အင်အား(၁၀၈)ဦးဖြင့် ဟန်ချက်ညီစွာ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“လပြည့်နေ့မှာ ဘုရားဖူးပြည်သူတွေ ယာဉ်အန္တရာယ်ကင်းဝေးဖို့နဲ့ ယာဉ်ကြောပိတ်ဆို့မှု မရှိအောင် တပ်ဖွဲ့ဝင်အင်အား လုံလောက်စွာနဲ့ချထား ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ယာဉ်ဖြတ်သန်းချိန်၊ လူဖြတ်သန်းချိန် ဆောင်ရွက်ပေးနေတဲ့ တပ်ဖွဲ့ဝင်တွ ဆောင်ရွက်မှုအတိုင်း လိုက်နာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယာဉ်တွေလည်းအတူတူပါပဲ။ ပူးပေါင်းပါဝင်မှု အားကောင်းလာတာဟာ မြို့တော် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အားတက်စရာတစ်ခုပါ။ မိမိရဲ့ စည်းကမ်းချိုးဖောက်မှုကြောင့် အများပြည်သူ ထိခိုက်မှုမရှိအောင် ဝိုင်းဝန်းပြီးသတိပြု ဆောင်ရွက်ပြီးတော့ (၂၄)နာရီ အသင့်ရှိနေတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးဖို့လည်း မေတ္တာရပ်ခံ လိုပါတယ်” ဟု အနောက်ပိုင်းခရိုင်၊ အမှတ်(၇)ယာဉ်ထိန်း ရဲဒုတိယတပ်ဖွဲ့ခွဲရဲမှူး မျိုးအောင်မြင့်က ပြောသည်။

 

ရွှေတိဂုံစေတီတော်မြတ် ကုန်းမြေသည် ဒဂုံမြို့နယ်တွင် တည်ရှိပြီး မြောက်ဘက်မုခ် သွေးဆေးကန်နှင့် အရှေ့ဘက်မုတ်လမ်းလယ်ကျွန်း အောက်ဘက်သည် ဗဟန်းမြို့နယ်၊ တောင်ဘက်မုခ်နှင့် အနောက်ဘက်မုခ်သည် ဒဂုံမြို့နယ်တွင် ပါဝင်သောကြောင့် အဆိုပါမြို့နယ်နှစ်ခုရှိ လမ်းဆုံ၊ မီးပွိုင့်နှင့် လမ်းသွယ်များတွင် ယာဉ်နှင့်ဘုရားဖူး ပြည်သူသွားလာရေး အဆင်ပြေချောမွေ့စေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အင်အားအပြည့်ဖြင့် ယာဉ်လမ်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး စည်ပင်သာယာ ဝန်ထမ်းများကလည်း လမ်းပေါ်ဈေးသည်တို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် ရှင်းလင်းဆောင်ရွက်မှုဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင် အများပြည်သူ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်း/ဓာတ်ပုံ - သန်းစိုး - သန်းထိုက်