တပည့်ကောင်းများ ဖြစ်ကြပါစေ

၁၃  အောက်တိုဘာ

“မိဘထက်တော်တဲ့ သားသမီး ဆရာထက်တော်တဲ့ တပည့်တွေဆိုတာ လူ့အဖွဲ့အစည်းတိုင်းက မျှော်လင့်နေ စမြဲပါ။

မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာခဲ့ရင် ဆရာ၊ မိဘတို့ ဝမ်းသာပီတိဖြစ်ရသလို တစ်ခါတစ်ရံ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင် စိတ်နှလုံး မချမ်းမြေ့ခံစားရတတ်စမြဲပါ။

စာရေးသူရဲ့ဘဝမှာ တပည့်များနှင့်ပတ်သက်ပြီး ဝမ်းနည်းဝမ်းသာ တစ်ပြိုင်နက်တည်း ကြုံခဲ့ရဖူးတယ်။

သတင်းထောက်တစ်ယောက်ရဲ့ အလုပ်တာဝန်အတိုင်း သတင်းတွေလိုက်ယူရင်း တစ်နေ့မှာ ဖျာပုံအကျဉ်းထောင် သတင်းတစ်ခုသွားယူဖြစ်ခဲ့တယ်။

အကျဉ်းထောင်ထဲ ရောက်ပြီဆိုတာနဲ့ ထောင်တာဝန် ကျဝန်ထမ်းရဲ့ အချက်ပေးသံ ကြားရတယ်။ စာရေးသူနဲ့အတူ တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများလည်းပါပါတယ်။ အကျဉ်းထောင်တာဝန်ရှိသူက တိုင်းတရားလွှတ်တော်တရားသူကြီးကို အလေးပြုနှုတ် ဆက်တယ်။ အကျဉ်းထောင်ထဲရောက်သွားတဲ့အခါ အကျဉ်း ထောင်ဦးစီးမှူး(အရပ်အခေါ် ထောင်ပိုင်)အခန်းကို အရင် ရောက်ပါတယ်။ အကျဉ်းထောင်တာဝန်ရှိသူကနေ အကျဉ်း ထောင်ထဲမှာ အကျဉ်းသား အကျဉ်းသူအင်အားက ဘယ် လောက်ရှိတယ်။ ဝန်ဆံ့နိုင်မှုအခြေအနေ၊ အခက်အခဲ စသဖြင့် တင်ပြတယ်။

ပြီးတဲ့နောက်မှာ အကျဉ်းထောင်အတွင်းရှိ အဆောင် တစ်ခုချင်းစီအလိုက် တိုင်းတရားသူကြီးချုပ်နှင့်အဖွဲ့ သွား ရောက်စစ်ဆေးပါတော့တယ်။ စစ်ဆေးရာမှာ အကျဉ်းသား အကျဉ်းသူတွေက သူတို့ရမယ့် အခွင့်အရေးတွေ ရတယ်၊ မရဘူး။ နောက်ကြန့်ကြာနေတဲ့ အမှုတွေရှိရင်လည်း တင်ပြ ကြတယ်။ အဲဒီအခါ အကျဉ်းထောင်စစ်တဲ့ တိုင်းတရားသူကြီး ချုပ်က လိုအပ်ချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူအသီး သီးကို လမ်းညွှန်မှာကြားခြင်းတွေပြုတယ်။

တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့ စစ်ဆေးနေစဉ် စာရေးသူလည်း ဘေးကနားထောင်၊ လိုက်ကြည့်ပေါ့။ အဲဒီအချိန်မှာ အမှတ်မထင် အကျဉ်းထောင် ဝန်ထမ်းယူနီဖောင်းဝတ်ထားပြီး တာဝန်ထမ်းဆောင်နေတဲ့ စာရေးသူ စာသင်ပေးခဲ့ဖူးသော တပည့်တစ်ယောက်ကို တွေ့လိုက်ရ တယ်။ အံ့သြဝမ်းသာသွားတယ်။

ဒါနဲ့တပည့်လေးနဲ့ စကားအနည်းငယ်ပြောလိုက်တယ်။ ဘယ်တုန်းကအလုပ်ဝင်တာလဲ၊ အဆင်ပြေလားစသည်ဖြင့် ပေါ့။ အဲဒီတပည့်လေးကိုမှာခဲ့တယ်။

“ဒီနေရာက အပူသည်တွေကို ထိန်းသိမ်းရတဲ့နေရာ။ စည်းကမ်းတွေထက်ကျော်လွန်ပြီး ညှဉ်းပန်းနှိပ်စက်တာမျိုး မလုပ်မိပါစေနဲ့။ သူများမျက်ရည်စက်တွေ စွန်းနေတဲ့အစာ မျိုးလည်း မစားမိစေနဲ့။ ကိုယ်သိတတ်ထားသလောက် အသိ ပညာလေးတွေလည်း မျှဝေရင်း ထိန်းသိမ်းစောင့်ရှောက် လိုက်ပါ”လို့ မှာခဲ့တယ်။

အကျဉ်းထောင်ထဲရှိ အိပ်ဆောင်ကိုးခန်းကို အခန်း အလိုက် စစ်ဆေးကြတယ်။ အိပ်ဆောင်တွေစစ်ပြီးတဲ့အခါ စားသောက်ဆောင်ကိုစစ်ပါတော့တယ်။ စားသောက်ဆောင် မှာဆိုရင် အကျဉ်းသား အကျဉ်းသူတွေစားဖို့ အကျဉ်းသားတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ရပါတယ်။ အဲဒီအဆောင် ရောက်ပြန်တော့ ထောင်ကျဝတ်စုံနဲ့ စားဖိုဆောင်တာဝန် ကျနေတဲ့ သူတစ်ယောက်က တပည့်တစ်ယောက်ဖြစ်နေ ပြန်တယ်။ အံ့ဩစိတ်မကောင်းဖြစ်ရတယ်။

ဒါနဲ့ ဘာပြစ်မှုနဲ့ထောင်ကျနေတာလည်း မေးကြည့် လိုက်တဲ့အခါ

“သားက ဆိုင်ကယ်ကယ်ရီပို့တယ်။ ပို့ရင်းနဲ့ပင်လယ် ပြင် ငါးဖမ်းလုပ်ငန်းတွေအတွက် ရေလုပ်သား တရားမဝင် စုဆောင်းပေးတဲ့သူနဲ့ ပတ်သက်မိရင်း လူကုန်ကူးမှုပြစ်မှု နဲ့ ငြိစွန်းသွားတဲ့အတွက် ခုလိုထောင်ကျနေရခြင်း ဖြစ်ပါ တယ်တဲ့။

ကြားရတဲ့စကား ရင်ထဲမှာမကောင်း။ စာရေးသူတို့ ဒေသမှာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းနှင့်ပတ်သက်ပြီး ရေလုပ်သားပြဿနာက နှစ်စဉ်လိုလိုကြားနေရတယ်။ အလုပ်သမားတွေ စုဆောင်းကြရင်း ပြဿနာမျိုးစုံဖြစ်တတ် ကြတယ်။ ခုဖြစ်တဲ့ဖြစ်စဉ်ကို သုံးသပ်လိုက်ရင် သူဒီလို စုဆောင်းပေးတဲ့ အလုပ်မှာ တရားမဝင်တဲ့ လုပ်ရပ်တွေပါ နေတာ သူကိုယ်တိုင်သိပုံမရပါဘူး။ ခုတော့ ဥပဒေနဲ့ငြိစွန်းလို့ ပြစ်ဒဏ်ကျခံနေရပါပြီ။ ဒါနဲ့ဒီတပည့်ကိုမှာခဲ့တယ်။

“ကျူးလွန်မိတဲ့အပြစ်အတွက် ဒီနေရာမှာပဲ အပြေ အကျေပေးဆပ်ခဲ့ပါ။ အပြစ်ထပ်မလုပ်ပါနဲ့။ နောက်စားဖို ဆောင်မှာ တာဝန်ကျချိန် အစားအသောက်စီမံပေးရသူမို့ ကုသိုလ်ပါယူလိုက်ပါ။ ရရှိတဲ့အတိုင်းအတာအတွင်းကနေ ဘဝတူတွေ စားသောက်ဖို့ သန့်ရှင်းသပ်ရပ်ကောင်းမွန် အောင် စီမံချက်ပြုတ်ကျွေးပါလို့မှာခဲ့တယ်။”

အဲဒီနေ့ ဖျာပုံအကျဉ်းထောင်သတင်းယူရင်း ပြန်ထွက် လာချိန်မှာ တွေ့ခဲ့ရတဲ့ တပည့်နှစ်ယောက်အကြောင်း တွေးရင်း ဝမ်းနည်းဝမ်းသာဖြစ်လာခဲ့တယ်။

ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်အရောက်မှာ စာရေးသူ ငယ်ငယ်က မြန်မာစာဘာသာရပ်ကို သင်ကြားပေးခဲ့တဲ့ အငြိမ်းစားဆရာကြီး ဦးအောင်မြင့်နဲ့ ဆုံခဲ့တယ်။

ဒါနဲ့ ရင်ထဲမှာခံစားလာရတဲ့ တပည့်နှစ်ယောက်ရဲ့ အခြေအနေကို ပြောပြလိုက်တယ်။

ဆရာကြီးရဲ့ ထောက်ပြဆုံးမပုံက “လောကမှာ ဆရာ ရယ်လို့ဖြစ်လာရင် တပည့်တိုင်းကို ကိုယ့်ထက်တော်တတ် နေတဲ့ တပည့်သာမြင်ချင်ကြတယ်ဆိုတာ ဆရာတိုင်းပါ သမီးရယ်။ သို့သော် တပည့်တိုင်းကတော့ ကိုယ်ဖြစ်စေချင် သလို ဘယ်ဖြစ်လာပါ့မလဲ။ ဒီတပည့်နှစ်ယောက်မှာပဲကြည့် ပါ။ အကျဉ်းဦးစီးဌာနဝန်ထမ်းဝတ်စုံနဲ့ နေရာတစ်ခုမှာ ကောင်းကောင်းမွန်မွန်ဘဝရပ်တည်နေတဲ့ တပည့်မျိုးကို မြင်ရတော့ဝမ်းသာရတယ်။ အဲဒီကလေးမျိုးကျ ဘဝမှာ ပြည့်ပြည့်လာတဲ့ တပည့်ပေါ့။

ဟိုထောင်ကျဝတ်စုံနဲ့ တွေ့ရတဲ့ကလေးမျိုးကျတော့ ဘဝမှာ ပဲ့ပဲ့သွားရတဲ့ တပည့်တွေပေါ့။ ဆရာတိုင်းကတော့ လိမ္မာတဲ့တပည့်ပဲလိုချင်တယ်သမီးလို့ ဆုံးမတယ်။

စာရေးသူတို့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ဆရာ ဆရာမဆိုတဲ့ အလွှာတစ်ခုက လူတိုင်းမှာရှိစမြဲပါ။

ငယ်စဉ်ကလေးဘဝက စာသင်ပေးခဲ့ဖူးတဲ့ ဆရာတွေရှိ သလို ကြီးပြင်းလာတဲ့အခါ အလွတ်ပညာတွေ သက်မွေး ဝမ်းကျောင်းပညာသင်ပေးခဲ့ဖူးတဲ့ ဆရာတွေရှိတယ်။ နောက်လုပ်ငန်းခွင် ကိုယ်စီရောက်ပြန်တော့လည်း မိမိရဲ့ အထက်အရာရှိ၊ လုပ်ငန်းရှင်၊ ဌာနအကြီးအကဲစတဲ့ ဆရာ ဆိုတဲ့အလွှာက ရှိနေပါတယ်။

ဆရာတိုင်းကဖြင့် ဆရာထက်တော်တဲ့၊ ဆရာထက် တတ်တဲ့ တပည့်တွေသာ လိုချင်ကြမှာအမှန်ပါ။

စာရေးသူလည်း တပည့်ကောင်းတစ်ယောက် ဖြစ်အောင်သာ အစဉ်အမြဲ ကြိုးစားနေထိုင်မယ်လို့ သန္နိဋ္ဌာန် ပြုမိပါတယ်။ ဆရာတိုင်းလည်း တပည့်ကောင်းတွေနဲ့သာ ကြုံပါစေလို့လည်း ဆုတောင်းပေးမိပါတော့တယ်။ ။

သူဇာနွယ်(ဖျာပုံ)