တပ်မတော်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၉ ဧပြီ

 

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူများနှင့် တပ်မတော်သားများ၊ မိသားစု ဝင်များအတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)အစည်းအဝေးခန်းမ၌   ကျင်းပသည်။

 

အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများအား စစ်ဆေးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ လက်ရှိသီးခြား စောင့်ကြည့်ရမည့်သူများ လက်ခံထားရှိမှုနှင့် နေထိုင်စားသောက်ရေး ဆောင်ရွက်ထားရှိမှု၊ တပ်မတော်ဆေးရုံများနှင့် အခြားအဆောက်အဦများတွင် အရေးပေါ်လူနာနှင့် အတည်ပြုလူနာများ လက်ခံကုသနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဆေးအကာအကွယ်ပေးရေးအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများရရှိရေး ဆောင်ရွက်ထားရှိမှု ရှင်းလင်းဆွေးနွေး တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းစီစဉ် ညှိနှိုင်းဆောင်ရွက်ပေးပြီး   နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ယနေ့အထိ တပ်မတော်အတွင်း ကိုဗစ် -၁၉ ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ရှိသူမရှိ (မရှိ) သေးဘဲ Hospital Isolation စောင့်ကြည့်သူ တပ်မတော်သား(၁)ဦး၊ မှီခို(၂)ဦး၊ Hospital Quarantine  စောင့်ကြည့်သူ တပ်မတော်သား(၁၄)ဦး၊ မှီခို(၁၄)ဦး၊ Home Quarantine စောင့်ကြည့်သူ၊ တပ်မတော်သား (၁၆၁)ဦး၊ မှီခို(၈၈)ဦး၊ Facility Quarantine စောင့်ကြည့်သူ တပ်မတော်သား(၄၄)ဦး၊ မှီခို(၅၅)ဦး စုစုပေါင်း (၉၉)ဦး၊ Facility Quarantine စောင့်ကြည့်ရန်အတွက် ဧပြီ ၈ ရက်အထိ ရန်ကုန်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ (၁၃၂)ဦး၊ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ(၂၄၂)ဦး၊ စုစုပေါင်း ပြည်သူ(၃၇၄)ဦးတို့ ဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်