တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၆)နှင့် အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကျင်းပ

mdn

နေပြည်တော် ၂ ဇန်နဝါရီ 

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၆)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်းတပ်ခွဲများကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား သင်တန်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

 

mdn

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၆)မှ အကောင်းဆုံး သင်တန်းသားဆုရရှိသူ သင်တန်းသား ပြည့်ဖြိုးအောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသား အောင်ဟိန်းထက်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသား ဖြိုးဟန်ကျော်တို့အား ဆုများပေးအပ် ချီးမြှင့်သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တပ်မတော်အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၃)မှ အကောင်းဆုံး သင်တန်းသူဆုရရှိသူ သင်တန်းသူ စုသက်ပိုင်၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ သင်တန်းသူ ဆုလဲ့နိုင်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ ရည်ဝေဦးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် တပ်မတော်၏မွန်မြတ်သော အစဉ်အလာ ၁၂ ရပ်ကို ဦးထိပ်ပန်ဆင်ပြီး “တပ်မတော်သားများနှင့် မိသားစုဝင်များအား နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ အဆင့်အတန်းမရွေး ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်” ဆိုသည့် ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ အင်အားစုတစ်ခုဖြစ်သည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သည်လည်း တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအား ပြုစုကုသရေး၊ ရောဂါရှာဖွေရေး၊ ရောဂါတားဆီးကာကွယ်ရေး၊ ရောဂါနှိမ်နင်းရေး၊ ကျန်းမာရေးမြှင့်တင်ရေး၊ ပြန်လည်သန်စွမ်းရေးနှင့် ဆေးဝါးထုတ်လုပ်ရေး စသည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးမည့် “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” များ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း။

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် သူနာပြု ပါရဂူ ၁၃ ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၃၆၂ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ ၃၉ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့ ၁၀၆ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၁၈၈ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၃၀၄၅ ဦး၊ ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့ ၂၀၄ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ ၅၇၃ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) ၉၈ ဦးတို့အား လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ လုပ်ငန်းတာဝန်နယ်ပယ်မှာ သူနာပြုနှင့် ဆေးဘက်ပညာသည်များ၏ စွမ်းဆောင်ရည်သည်လည်း ကျယ်ပြန့်လာပြီဖြစ်ကြောင်း၊ ယခင်ကဆေးရုံ၊ ဆေးတပ်ဖွဲ့များတွင်သာ တာဝန်ထမ်းဆောင် ကြရသည့် သူနာပြုတပ်ဖွဲ့ဝင်များသည် ယခုအခါ စစ်မြေပြင် လက်တွေ့ဆေး အကာကွယ်ပေးရေး လုပ်ငန်းတာဝန်များကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်းသားပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ပေးခြင်းလုပ်ငန်းဖြစ်သည့် နယ်လှည့်ဆေးကုသရေး အဖွဲ့များတွင်လည်း သူနာပြုတပ်ဖွဲ့ဝင်များသည် ကျရာအခန်းကဏ္ဍမှနေပြီး တက်ကြွကျွမ်းကျင်စွာ ပါဝင်ထမ်းဆောင်နေကြကြောင်း။

 

တပ်မတော်သည် ပြည်သူထဲမှ ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေး လုပ်သည့်နေရာတွင် ပြည်သူများ၏နေ့စဉ် လူမှုဘဝ လုံခြုံရေးကိုပါ ဘက်ပေါင်းစုံမှ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်ရေးအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များဖြင့် တစ်နိုင်ငံလုံးအနှံ့ လူမျိုးဘာသာ မခွဲခြားဘဲ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိကြောင်း။

 

တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက နိုင်ငံတစ်ဝန်း တိုင်းရင်းသား ဒေသများအပါအဝင် နယ်စပ်ဒေသ အစွန်အဖျားမကျန် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်နေခြင်းသည် တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်ထဲမှ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်ကို တာဝန်သိသိ၊ စေတနာရှိရှိ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တပ်မတော်သား ဆေးတပ်ဖွဲ့ဝင်များက မိမိတို့တတ်မြောက်ထားသည့် ဆေးပညာရပ်များဖြင့် ပြည်သူများ၏ အသက်ခန္ဓာ များကို အခမဲ့ ဆေးဝါးကုသပေးပြီး ကာကွယ်စောင့်ရှောက် ပေးခြင်းဖြစ်သဖြင့် ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်ဆိုသည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်တစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်နေခြင်းဖြစ်ကြောင်း။

 

တပ်မတော်က ပြည်သူအပေါ်ထားရှိသည့် စေတနာမေတ္တာကြောင့် တပ်မတော်နှင့်ပြည်သူ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်လာမည် ဖြစ်သကဲ့သို့ ပြည်သူများက တပ်မတော်အပေါ် ယုံကြည်အားကိုးမှု ပိုမိုတိုးပွားလာမည် ဖြစ်ကြောင်း၊ ထို့အပြင် နယ်လှည့်ဆေးကုသရေးအဖွဲ့များက နိုင်ငံတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခြင်းသည် ဒေသခံပြည်သူ လူထုကို တိုက်ရိုက်အကျိုးရှိပြီး နိုင်ငံတော်၏ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျရာတာဝန်အသီးသီးတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးလုပ်ငန်းများကို အားတက်သရော စွမ်းစွမ်းတမံ ဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။

 

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ဆေးတက္ကသိုလ်၊ ပင်မဆောင်ရှိ ဧည့်ခန်းမဆောင်၌ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၆)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသားများနှင့် ၎င်းတို့၏မိဘများ၊ အမျိုးသမီးသူနာပြုသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၃)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသူများနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ညနေပိုင်းတွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၆)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ တပ်တော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊  ကာကွယ်ရေးဦးစီးချုပ်(လေ)၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်းသူနာပြုများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

(သတင်းစဉ်)

 

mdn