တပ်မတော်(လေ)၏ဖွဲ့စည်းတည်ထောင်မှု(၇၂)နှစ်ပြည့်မြောက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကျင်းပ

နေပြည်တော် ၁၅ ဒီဇင်ဘာ

တပ်မတော်(လေ)၏ (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်းစွမ်းပကား မြင့်မားစေရန်အတွက် JF-17 B ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ Yak-130 အပေါ့စားတိုက်လေယာဉ် ၆ စင်းနှင့် MI-35 P တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး၊ စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ် စခန်းဌာနချုပ်၌ ကျင်းပသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် (လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး လေတပ်စခန်းဌာနချုပ်မှူးများ၊ မိထ္ထီလာတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများ၊  ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော် (လေ) မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ  ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က လေယာဉ်များတပ်တော်ဝင်အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင်   ယခုကဲ့သို့ လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားများပြုလုပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် တပ်မတော်(လေ)ရှိ အရာရှိ၊ စစ်သည်များ၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာ ရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်း အား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

လက်ရှိကာလတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရား၊ လမ်းပန်းဆက်သွယ် ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို တိုက်ခိုက်မှုများ၊ တရားမဝင် လက်နက်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ သစ်ခိုးထုတ်မှု များစသည့် သမားရိုးကျ မဟုတ်သည့် စိန်ခေါ်မှုများသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်လျက် ရှိကြောင်း၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး စသည့် သဘာ၀ ဘေးအန္တရာယ် ကျရောက်မှုများကလည်း ပြည်သူလူထု လုံခြုံမှုအပေါ် ခြိမ်းခြောက်လျက် ရှိကြောင်း၊ လူသားချင်း စာနာထောက်ထားမှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး (Humanitarian Assistance and Disaster Relief) လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် စနစ်တကျ ဖွ့ဲစည်းထားသော အဖွဲ့အစည်း ဖြစ်သည့်အတွက် အားသာသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကလုပ်ငန်းတာဝန် ကြီး ၃ ရပ်တွင်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန် လုပ်ဆောင်ရန်ဟူ၍ ပါဝင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လည်း နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကျရောက်လာလျှင် တပ်မတော်က ကူညီ ဆောင်ရွက်ရမည်ဟု ပါရှိကြောင်း၊ တပ်မတော်(လေ)သည် ပြည်သူ့အကျိုးပြုလုပ်ငန်း များ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အတွေ့အကြုံပေါင်း မြောက်မြားစွာ ရရှိထားသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ အချိန်အခါမရွေးဖြစ်ပေါ်နိုင်ခြင်းကြောင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ပူးတွဲ လေ့ကျင့်ခန်းများ အမြဲမပြတ် ပြုလုပ်နေရန်လိုအပ်ကြောင်း။

ယနေ့  JF-17 B  ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်၊ Yak-130 အပေါ့စား တိုက်လေယာဉ် နှင့် MI-35 P  တိုက်ခိုက်ရေးရဟတ်ယာဉ်များ တပ်တော်ဝင်နိုင်ခြင်း သည် တပ်မတော်(လေ)အတွက် လေကြောင်းစွမ်းအား တိုးမြှင့်ပေးရာ ရောက်သကဲ့ သို့ တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးပိုင်း တွင်လည်း စွမ်းရည်ပိုမို တိုးတက် လာစေမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များအား တပ်တော်ဝင်အဖြစ်ကြေညာသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် က လေယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် လေယာဉ်၊ ရဟတ်ယာဉ်ပုံစံငယ် များအားပေးအပ်သည်။

ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များက သရုပ်ပြအုပ်ဖွဲ့ပျံသန်း၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုကြသည်။

ဆက်လက်၍ ဇီဝီတဒါနငှက်လွှတ်ခြင်းဆောင်ရွက်ကြရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ငှက်အကောင်ရေ ၇၂ ကောင်ကို ဘေးမဲ့လွှတ် ပေးကြပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော် ဝင်လေယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် တပ်တော်ဝင်လေယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

 (သတင်းစဉ်)