တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၆၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန်းခွန်း

ဒီဇင်ဘာ ၆

 

တပ်မတော်(ကြည်း၊ရေ၊လေ)အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် စစ်တက္ကသိုလ်၏ ရည်မှန်းချက် အတိုင်း တပ်မတော်၏ ခေါင်းဆောင် ငယ်များအဖြစ် အမိစစ်တက္ကသိုလ်ကြီးက လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလို ကောင်းမွန်သည့်ရည်ရွယ်ချက်နှင့် မွေးဖွားလာခဲ့သည့် ရဲဘော်တို့သည် အမိစစ်တက္ကသိုလ်၏ သမိုင်းအစဉ်အလာများကို စောင့်ထိန်းပြီး လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ခေါင်းဆောင်ကောင်း အရာရှိများ အဖြစ် တပ်မတော်(ကြည်း၊ရေ၊ လေ) တပ်အသီးသီးတွင် ပေးအပ်လာသောတာဝန်များကို ကျေပွန်စွာထမ်းဆောင် သွားကြရမည်ဖြစ်ကြောင်း။

 

 

ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်မည့် ရဲဘော်တို့သည် မိမိတို့ ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင် များအပေါ် မှန်ကန်သောခေါင်းဆောင်မှုပေးရန် လိုအပ် ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင်ကောင်း များတွင် ထားရှိရမည့် အရည်အသွေးများလည်းဖြစ်ကြောင်း၊ မိမိကွပ်ကဲရသည့် တပ်ဖွဲ့ဝင်များအတွက် စံနမူနာကောင်း ဖြစ်နေရုံသာမက အခြားသူများ၏ ယုံကြည်လေးစား အားထားရသောသူများ၊ အသိအမှတ်ပြုခံရသူများဖြစ် ရန်လိုကြောင်း၊ ထို့ကြောင့် ခေါင်းဆောင် ကောင်းဆိုသည်မှာ အသိပညာ၊ အတတ်ပညာများနှင့်လည်း ပြည့်စုံရမည် ဖြစ်ကြောင်း၊ ၎င်းအသိပညာ၊ အတတ်ပညာများကို ကောင်းမွန်သောအတွေးအခေါ်များဖြင့် ပေါင်းစပ်ပြီး မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့် ညီညွတ်သော အမိန့်၊ မျှတသောဆုံးဖြတ်ချက်များဖြင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့ကို တိုးတက် အောင်မြင်ရန် စနစ်တကျ ဦးဆောင် သွားကြရမည်ဖြစ်ကြောင်း။

 

 

တစ်ဦးချင်းကျွမ်းကျင်မှုအတွက် လေ့ကျင့်

 

 

မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပြီး ကာကွယ် ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍မရဘဲ ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်းများကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စစ်တက္ကသိုလ်က စစ်ပညာနှင့် စာပေပညာများ ကို အခြေခံကောင်းများရရှိအောင် သင်ကြားပေးလိုက်ခြင်း ဖြစ်ပြီး မိမိ၏ အရည်အသွေးနှင့် အရည်အချင်းများ၊ မိမိ ကွပ်ကဲအုပ်ချုပ် ရသည့်တပ်ဖွဲ့ဝင်များ၏ အရည်အသွေးနှင့် အရည်အချင်းများ တိုးတက်နေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်မှုများ ဆောင်ရွက်နေကြမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် ကျန်းမာကြံ့ခိုင်မှုရှိရမည်၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်မှုရှိရမည်၊ တိုက်ရဲ ခိုက်ရဲသည့်စိတ်နှင့် ရဲစွမ်းသတ္တိရှိရမည်ဖြစ်၍ တစ်ဦးချင်း ကျွမ်းကျင်မှုအတွက် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသော စစ်အသုံးအဆောင်ပစ္စည်း၊ နည်းပညာများနှင့် ကိုက်ညီအောင် ပြောင်းလဲမှုရှိတိုင်း အသုံးပြုနိုင်ရေး လေ့ကျင့်ဆောင်ရွက်နေကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် မိမိတို့တပ်မတော်၏ လေ့ကျင့်ရေးဆောင်ပုဒ် နှင့်အညီ ကြိုးစားဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း။

 

 

မိမိတို့တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီ ညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေး ၃ ပါးကို အမျိုးသားရေးမူဝါဒအဖြစ် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော် အတွက် အသက်ပေးတာဝန်ထမ်းဆောင်ရန် ပြိုင်တူသစ္စာ ဆိုထားသူများ ဖြစ်သည့်အတွက် ပေးအပ်လာသည့် တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ် ကြောင်း၊ မိမိတို့ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်အပြင် ပြည်သူများ၏ နေ့စဉ် လူမှုဘ၀ လုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း။

 

 

မိမိတို့နိုင်ငံသည် နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သည့် အရင်းအမြစ်ကောင်းများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း ငြိမ်းချမ်းရေးအရင်းအမြစ်ကောင်းများ လိုအပ်နေဆဲ ဖြစ်သည်မှာ အားလုံး လက်ခံရမည့် ပကတိအရှိတရားဖြစ် ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုများ ၏ အကျိုးစီးပွား တစ်ခုတည်းကိုသာ ရှေးရှုပြီး ခေတ် အဆက်ဆက် တောက်လောင်ခဲ့ရသည့် လက်နက်ကိုင် ပဋိပက္ခကို အပြီးတိုင် ငြှိမ်းသတ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော၊ စည်းလုံးညီညွတ်သော နိုင်ငံတော် အသစ်ကို ပြည်သူ့ ဆန္ဒနှင့်အညီ တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆောင်ရွက် ရာတွင် တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများ ပြေငြိမ်း ရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည် ဖော် ဆောင်ရွက်ရာတွင်လည်း NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ NCA စာချုပ်သည်လက်နက် ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံသည့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေရန် လမ်းခင်းပေးထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် NCA အပေါ်တွင်သာ ရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များပြီးမြောက်ရေး၊ တိုင်းရင်းသားပြည်သူလူထုက လိုလား တောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်ဆိုသည်ကို ပြောကြားလိုကြောင်း။

 

 

ခေါင်းဆောင်ကောင်းများဖြစ်ရန် ဆက်လက်ကြိုးပမ်း

 

 

ဆက်လက်၍ တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကောင်းမြတ်သည့် အစဉ်အလာများကို စောင့်ထိန်းပြီး တာဝန်ကျေပွန်သည့် ယုံကြည်အားထားရသည့် အရာရှိ ကောင်းများဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ အမိတက္ကသိုလ်တွင် လေ့လာဆည်းပူးခဲ့သည့်ပညာရပ်များ ကို အခြေခံပြီး ခေတ်နှင့်အညီ ပြောင်းလဲနေသော စစ်နည်း ဗျူဟာ၊ အတတ်ပညာ၊ အသိပညာများကို စဉ်ဆက်မပြတ် လေ့လာကြရန်၊ တပ်မတော်၏ ကောင်းမွန်သော အစဉ် အလာများကို စောင့်ထိန်းပြီး ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆) ရပ်နှင့်အညီ ခေါင်းဆောင်မှု အရည်အသွေးပြည့်ဝစွာဖြင့် မိမိကွပ်ကဲအုပ်ချုပ်ရသည့် လက်အောက်ကို စည်းလုံး ညီညွတ်ပြီး စွမ်းရည်ရှိအောင် ကွပ်ကဲကြရန်၊ တပ်တွင်း စည်းရုံးရေးသာမက၊ တပ်ပြင် စည်းရုံးရေးကိုပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ခြင်းဖြင့် တပ်မတော်၏ ဂုဏ်ကို ထွန်းတောက်အောင် ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို အစဉ်ကာကွယ်ထိန်းသိမ်းပြီး အနာဂတ်ကာလတွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးရ သည့်ခေါင်းဆောင်ကောင်းများဖြစ်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

 

သတင်းစဉ်