တနင်္သာရီတိုင်းဒေသကြီး၌ ပထမဆုံးဖွင့်လှစ်သည့် ကင်းထောက်နှင့် ကင်းထောက်ငယ် အခြေခံသင်တန်း အထက(ပထက်)တွင် ဖွင့်လှစ်

ကျွန်းစု   ၂၁  နိုဝင်ဘာ 

 

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် ကျွန်းစုမြို့နယ် ပထက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီးတွင် ပထမဆုံးဖွင့်လှစ်သည့် ကင်းထောက်နှင့် ကင်းထောက်ငယ် အခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက အထက(ပထက်) ကျွန်းရွှေဝါခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

 

သင်တန်း၌ ကင်းထောက်တို့၏ ခံယူရမည့် စိတ်နေသဘောထား၊ ကင်းထောက်၏ကတိ(၃)ပါး၊ ကျင့်ဝတ် (၁၀)ပါး၊ သိကောင်းဖွယ်ရာ မြန်မာကင်းထောက်ပညာ၊ ကင်းထောက်ယဉ်ကျေးမှု၊ ကင်းထောက်ပညာနှင့် အစဉ်အလာ၊ ကင်းထောက်၏ ကျွမ်းကျင်မှု ကြိုးချည်နည်းများ၊ လူမှုအကျိုးပြု ရှေးဦးပြုစုခြင်းပညာများ၊ တောစခန်း ထွက်ခြင်းပညာ စသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် နိုင်ငံအဆင့် ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်ထံမှ သိရသည်။

 

သင်တန်းကို တက်ရောက်လာကြသူများက နိုင်ငံတော်အလံအလေးပြုကြပြီး နိုင်ငံတော်သီချင်းသီဆိုခဲ့ကြကာ ကင်းထောက်လူငယ်မောင်မယ်တို့က “ ကင်းထောက်ဂုဏ်ရည်သီချင်း” သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထိုနောက် ကျောင်းအကျိုးတော်ဥက္ကဋ္ဌ ဦးလှသန်းက နုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံကင်းထောက် အဖွဲ့ချုပ် နိုင်ငံအဆင့် ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က ကင်းထောက်ပညာနှင့် ကင်းထောက် အစဉ်အလာတို့ကို ရှင်းလင်းပြောကြားသည်။

 

ထိုနောက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်သို့ အထက(ပထက်)ကျောင်း အကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးလှသန်း က အလှူငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့သည်။  ကင်းထောက် အခြေခံသင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၃၃၀)ဦးနှင့် ကင်းထောက်ငယ် အခြေခံသင်တန်းတွင် ကျောင်းသား/ကျောင်းသူ ဦးရေ ၁၆၀ တက်ရောက်ခဲ့ကြရာ   ကျောင်းသား/ကျောင်းသူများကို မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ သင်တန်းနည်းပြများက နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ  စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)