တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာစေမည့် အသစ်တည်ဆောက်ပြီးစီးသော သမုတ်-လွတ်လွတ်တံတား၊ တနင်္သာရီတံတားနှင့် ပုလုံးတုံးတုံးတံတား

ကိုတင့်

(မြို့ပြအင်ဂျင်နီယာ)

 

တိုင်းအလှတနင်္သာရီ

တနင်္သာရီတိုင်းဒေသကြီးသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တောင်ဘက်အစွန်ဆုံး တွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၆၇၃၅ ဒသမ ၅၆ စတုရန်းမိုင် ရှိပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ် ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် မြို့နယ် ၁၀ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁၄ သိန်းကျော်နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းတို့ဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြပါသည်။ တနင်္သာရီ ပင်လယ်ကမ်းရိုးတန်းအရှည် မိုင် ၅၀၀ (ကီလို မီတာ ၈၀၀) ကျော်ရှည်လျားပြီး ကျွန်းငယ် ပေါင်း ၈၄၀ ကျော်ရှိသည်။ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုများသည် အရှေ့တောင်အာရှနှင့် အာရှတိုက်တွင် နာမည်ကျော်ကြားပါသည်။ တနင်္သာရီ တိုင်းဒေသကြီးအတွင်း လှပသည့်ပင်လယ်၊ ရှည်လျားသည့်ကမ်းခြေ၊ အေးချမ်းသာယာ သော ကျွန်းစုများနှင့် တန်ခိုးကြီးစေတီ ပုထိုးများရှိသောကြောင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လေ့လာ အပန်းဖြေလည်ပတ်ကြသော တိုင်းဒေသ ကြီးတစ်ခုဖြစ်သည်။

 

ရေး(မလွှဲတောင်)-ထားဝယ်-မြိတ်-တနင်္သာရီမှသည် ကော့သောင်းဆီသို့

တနင်္သာရီတိုင်းဒေသကြီးသည် မြောက်မှ တောင်သို့ ရှည်လျားပြီး အရေးပါသော ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့ သောင်းလမ်းမကြီးသည် တိုင်းဒေသကြီး အတွင်းရှိ အရေးပါသောမြို့ကြီးများကို ဖြတ်သန်းသွားသည်။ ရေး(မလွှဲတောင်)မှ ထားဝယ်လမ်းပိုင်းအရှည် ၈၂ မိုင် ၅ ဖာလုံ၊ ထားဝယ်-မြိတ် လမ်းပိုင်းအရှည် ၁၄၆ မိုင် ၅ ဖာလုံနှင့် မြိတ်-ကော့သောင်းလမ်းပိုင်း မှာ ၂၇၄ မိုင် ၁ ဖာလုံရှည်လျားပြီး တနင်္သာရီ တိုင်းဒေသကြီးအတွင်း ရေး(မလွှဲတောင်မှ ကော့သောင်းအထိ လမ်းအရှည် စုစုပေါင်း ၅၀၃ မိုင် ၃ ဖာလုံရှိကြောင်း သိရှိရသည်။

ရေး(မလွှဲတောင်)-ထားဝယ်-မြိတ်-တနင်္သာရီ-ကော့သောင်းလမ်း အဆင့်တိုးမြှင့် တည်ဆောက်ခြင်း

ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် တနင်္သာရီတိုင်းဒေသ ကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်း ဦးဆောင်သော လမ်းတံတား အထူးအဖွဲ့များမှ အင်ဂျင်နီယာများ၊ ခရိုင်၊ မြို့နယ်များမှ အင်ဂျင်နီယာများသည် လမ်းပိုင်းအလိုက် လမ်း/တံတားတိုးတက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရှိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ရေး(မလွှဲတောင်)-ထားဝယ်-မြိတ်-ကော့သောင်းလမ်းပိုင်းတွင် ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာလမ်း ၁၂၉/၀ မိုင်၊ ကွန်ကရစ် လမ်း ၄၃/၀ မိုင်နှင့် ကတ္တရာလမ်း ၃၃၁/၀ မိုင် တို့ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုလမ်းမကြီး ရေး(မလွှဲတောင်)-ထားဝယ်-မြိတ်-ကော့သောင်းလမ်းပိုင်းကို မူလ ၁၂ ပေ အကျယ် ကတ္တရာလမ်းမှ ၂၄ ပေအကျယ် နှစ်လမ်းသွား ကတ္တရာကွန်ကရစ် လမ်း(နိုင်လွန်ကတ္တရာလမ်း)အဖြစ် ဆောင် ရွက်ခြင်း၊ အချို့လမ်းပိုင်းတွင် ၂၄ ပေအကျယ် ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက်ခြင်း၊ တံတားများကို လမ်းနှင့်အညီ အဆင့်မြှင့် တိုးချဲ့တည်ဆောက်ထားခြင်းကြောင့် ဒေသခံ ပြည်သူများနှင့် လမ်းအသုံးပြုသူများ၊ ကုန်စည် ပို့ဆောင်သူများ၊ ခရီးသွားပြည်သူများသည် ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံချော မွေ့စွာ ခရီးသွားလာ ကုန်စည်ကူးသန်းပို့ဆောင် နိုင်ကြပြီဖြစ်ပါသည်။

 

ပြည်သူအတွက်အကျိုးများ

သမုတ်-လွတ်လွတ်တံတား

သမုတ်-လွတ်လွတ်တံတားသည် အာဆီယံ လမ်းမကြီး (AH-112) ဖြတ်သည့် ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-တနင်္သာရီ-ကော့သောင်းလမ်း(ထားဝယ်-မြိတ်လမ်းပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိ သည်။ မြိတ်မြို့နှင့် ပုလောမြို့ကို ဆက်သွယ် ပေးထားသော တံတားတစ်စင်း ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်ထောင်စု လမ်းမကြီးပေါ်၌ တည်ဆောက်ရန်ကျန်ရှိနေ သည့် တံတားကြီးတစ်စင်းဖြစ်ကြောင်း သိရှိရ သည်။

 

သမုတ်-လွတ်လွတ်တံတားသည် ၁၂၈၇ ပေ ရှည်ပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိ ကာ လူသွားလမ်းတစ်ဖက်သုံးပေစီပါရှိသည့် နှစ်လမ်းသွားတံတားဖြစ်သည်။ တံတားအမျိုး အစားမှာ အုတ်မြစ် 1.5 Ø Bore Pile၊ တံတားကိုယ်ထည်၊ တံတားတိုင်များမှာ သံကူကွန်ကရစ်(RC-Concrete) များဖြစ်သည်။ တံတားအပေါ်ထည် (Super Structure) မှာ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ(P.C Girder) သေတ္တာပုံသံမဏိရက်မ(Steel Box Girder)နှင့် သံကူကွန်ကရစ်ကြမ်းခင်း (R.C Decking)များဖြင့် တည်ဆောက်ထားသည်။ ရေလမ်းကင်းလွတ် အကျယ် ၁၆၄ ပေနှင့် ရေလမ်းကင်းလွတ်အမြင့် ၁၅ ပေ ရှိသည်။ တံတားခံနိုင်ဝန်မှာ AASHTO HS.25 Load Class (ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၇၅ တန်) ဖြစ်ကြောင်း သိရှိရပါသည်။

 

သမုတ်-လွတ်လွတ်တံတားစီမံကိန်း တန်ဖိုးမှာ ကျပ်သန်း ၁၁၈၀၀ ရှိပြီး ဆောက်လုပ် ရေးဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေနှင့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ ဖြင့် တည်ဆောက်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် တံတားစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် တံတားစီမံကိန်းပြီးစီး၍ မကြာမီ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါတံတားကို ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်မျိုးထွန်း ဦးဆောင်သော တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ အင်ဂျင် နီယာများနှင့် ကာယ/ဉာဏ ဝန်ထမ်းများက တည်ဆောက်နေခြင်းဖြစ်ပါသည်။

 

သမုတ်-လွတ်လွတ်တံတား တည် ဆောက်ခြင်းမပြုမီ မြိတ်မြို့မှ ထားဝယ်မြို့ သို့သွားမည်ဆိုပါက သမုတ်မြစ် ရှောင်ကွင်း လမ်းမှ ပတ်သွားနေရပြီး နေ့စဉ်ယာဉ်စီးရေ ၂၅၀ မှ ၄၅၀ အတွင်း ဖြတ်သန်းသွားလာလျက် ရှိပါသည်။ ရှောင်ကွင်းလမ်းသည် ၂၅ မိုင်ရှည် လျားပါသည်။ သမုတ်-လွတ်လွတ်တံတား ပေါ်က ဖြတ်သန်းသွားမည်ဆိုပါက ခရီးလမ်း ၁၄/၀ မိုင်သာရှိပြီး ၁၁/၀ မိုင် လျော့နည်းသွား သဖြင့် ယာဉ်မောင်းချိန် ၄၅ မိနစ်ခန့် သက်သာစွာဖြင့် သွားလာနိုင်မည်ဖြစ်သည်။ ၎င်းအပြင် သမုတ်ဘက်ကမ်းရှိ ကျေးရွာ အုပ်စု သုံးအုပ်စု၊ ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ ၁၂၀၀၀ ကျော်၏ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေးကိစ္စများဖြင့် မြိတ်မြို့သို့ သွားလာရာတွင် သမုတ်-လွတ်လွတ် တံတားကြီးမှဖြတ်သန်း၍ အချိန်တို အတွင်း သွားလာနိုင်တော့မည်ဖြစ်ပါ သည်။

 

သမုတ်-လွတ်လွတ်တံတားကြီးသည် အာဆီယံလမ်းမကြီး AH 112 နှင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည် ဆောက်ထားသဖြင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေခြင်း၊ ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေခြင်း၊ မြိတ်ဒေသနှင့် ပုလောပလောက်ဒေသများမှ အများပြည်သူ များ လူမှုစီးပွားတိုးတက်လာပြီး လွယ်ကူစွာ ကူးသန်းသွားလာနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများကို ရရှိလာမည်ဖြစ်သည်။

 

လှပခံ့ညား တနင်္သာရီတံတား

တနင်္သာရီတံတားသည် အာဆီယံ လမ်းမကြီး AH 112 ဖြစ်သည့် ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးနှင့် မြိတ်-တနင်္သာ ရီ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်း ပေါ်တွင် တည်ရှိသည်။ တနင်္သာရီမြို့အနီး တနင်္သာရီမြစ်ပေါ်တွင် ဖြတ်သန်းတည် ဆောက်ထားသည်။ မူလဘေလီတံတားမှာ ပေ ၁၃၆၀ ရှည်ပြီး ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ လ ၁၂ ရက်နေ့တွင် ဖွင့်လှစ့်ခဲ့ခြင်းဖြစ်သည်။

 

ဘေလီတံတားဟောင်းမှာ တစ်လမ်းမောင်း ဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ် ခြင်း၊ နေ့စဉ် ယာဉ်စီးရေ ၃၀၀ မှ ၄၀၀ အတွင်း ၁၈ တန်အောက် ကားများသာ ဖြတ်သန်းအသုံးပြုနိုင်ခြင်း၊ ကုန်တင်ယာဉ် ကြီးများ ဖြတ်သန်းသွားလာမှုမပြုနိုင်ခြင်းတို့ ကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်း များ ဖြစ်ပေါ်ခဲ့ရပါသည်။

တနင်္သာရီတံတားအရှည်မှာ ၁၄၄၄ ပေ ရှိပါသည်။ တံတားအမျိုးအစား အောက်ခံ အုတ်မြစ် 1.5 Ø Bored Pile ဖြစ်ပြီး တံတားကိုယ်ထည်၊ တံတားတိုင်များမှာ သံကူကွန်ကရစ် (RC-Concrete) ဖြစ်သည်။ တံတားအပေါ်ထည်မှာ သံကူကွန်ကရစ် ရက်မ (RC-Girder) ကြိုတင်အားဖြည့် သံကူ ကွန်ကရစ်ရက်မ(PC-Girder)၊ သေတ္တာပုံ သံမဏိရက်မ(Steel Box Girder)နှင့် သံကူ ကွန်ကရစ်ကြမ်းခင်း(RC Decking)ဖြစ် ကြောင်း သိရှိရပါသည်။ ယာဉ်သွားလမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် လေးပေစီ နှစ်ဖက်ပါဝင်ပါသည်။

 

ရေလမ်းကင်းလွတ် အကျယ် ၁၆၄ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၃၃ ပေရှိပြီး တံတားခံနိုင်ဝန် ယာဉ်တစ်စီးချင်း ၇၅ တန်(Load Class = AASHTO HS 25) ဖြစ်ပါ သည်။ တနင်္သာရီတံတား စီမံကိန်း တန်ဖိုးမှာ ကျပ်သန်း ၁၂၆၀၀ ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တံတားကို တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတား တည်ဆောက်ရေးအဖွဲ့ (၄) မှ ညွှန်ကြားရေး မှူး ဦးကျော်မျိုးထွန်း ဦးဆောင်သော အင်ဂျင် နီယာများနှင့် ကာယ/ဉာဏ ကျွမ်းကျင် ဝန်ထမ်းများက ၁-၈-၂၀၁၇ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၃၁-၅-၂၀၂၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

 

ကုန်တင်ယာဉ်ကြီးများသည် တနင်္သာ ရီတံတားသစ်ကြီးမှ ဖြတ်သန်း၍ မြိတ်-တနင်္သာရီ- မောတောင်လမ်းမှ ထိုင်း-မြန်မာ နယ်စပ်ရှိ မောတောင်မြို့ နယ်စပ်ကုန်သွယ် ရေးစခန်းသို့ ကုန်စည်များ လွယ်ကူစွာ ပို့ဆောင်နိုင်တော့မည် ဖြစ်ပါသည်။ တနင်္သာရီ တံတားသစ်ကြီးကြောင့် လမ်းပန်းဆက် သွယ်ရေးပိုမိုချောမွေ့လာပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အရှိန် အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ကာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များ၏ လူမှုစီးပွားဘဝများ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာတော့မည် ဖြစ်သည်။

 

ပင်လယ်ပြင်ဖြတ်တည်ဆောက်ထားသော ပုလုံးတုံးတုံးတံတား

ပုလုံးတုံးတုံးကျွန်းသည် ကော့သောင်း မြို့မှ လေးမိုင်ခန့် ကွာဝေး၍ ကျွန်းပေါ်တွင် ပုလုံးတုံးတုံးရွာ တည်ရှိပြီး အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ပင်လယ် ကျေးရွာလေးဖြစ်သည်။ ပုလုံးတုံးတုံးတံတား သည် ယခင်က သစ်သားတံတားဖြစ်သည်။ ကျေးလက်နှင့်မြို့ပြ တစ်ပြေးညီဖွံ့ဖြိုး တိုးတက်စေရန်၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန် နိုင်ငံတော်၏ ရည်မှန်း ချက်များအရ ဒေသခံပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ၆-၁၂-၂၀၀၄ ရက်နေ့တွင် ပုလုံးတုံးတုံးသစ်သားတံတားကို တည်ဆောက် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ ၂၆-၁၂-၂၀၀၄ ရက်နေ့တွင် သဘာဝဘေးအန္တရာယ် ပင်လယ်ပြင် ဆူနာမီဒဏ်ကြောင့် သစ်သား တံတား ပျက်စီးသွားခဲ့သည်။ နိုင်ငံတော်၏ အားဖြည့်ပံ့ပိုးမှုများ၊ ဒေသခံပြည်သူများ၏ ကြံ့ခိုင်သော စိတ်ဓာတ်ခွန်အားများကြောင့် တံတားကြီးကို ဒုတိယအကြိမ် ပြန်လည် တည်ဆောက်ခဲ့ရာ ၂၃-၃-၂၀၀၅ ရက်နေ့တွင် တည်ဆောက်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ပုလုံးတုံးတုံးသစ်သားတံတားကြီး မှာ ပင်လယ်အတွင်းဖြစ်၍ သစ်သားတိုင်များ မကြာခဏဆွေးမြည့်ယိုယွင်းခြင်း၊ ဒီပိုးစား ခြင်းများကြောင့် သစ်သားတိုင်များအစား ကွန်ကရစ်တိုင်များ အစားထိုးမွမ်းမံခြင်းနှင့် သစ်သားကြမ်းခင်းများ အစားထိုးလဲလှယ် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရမှ ပြည်သူများ၏ လူမှုရေး၊ စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန် တိုးတက်အောင် ဆောင်ရွက်သည်နှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့သည် ပုလုံး တုံးတုံးတံတားကြီးကို အခိုင်အမာ ကွန်ကရစ် တံတားကြီးအဖြစ် ၁-၈-၂၀၁၇ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပါသည်။

 

ပုလုံးတုံးတုံးတံတားနှင့်ပတ်သက်သည့် အချက်အလက်များ

ပုလုံးတုံးတုံးတံတားသည် ကော့သောင်း ဘက်ကမ်းမှ ပင်လယ်ပြင်ကိုဖြတ်၍ ပုလုံး တုံးတုံးကျွန်းနှင့် ဆက်သွယ်ထားပြီး တံတား အရှည် ပေ ၂၄၀၀ ရှိပါသည်။ တံတားခန်းဖွင့် များမှာ အလယ်တွင် ပေ ၉၀ အကျယ် အခန်း ၂၄ ခန်းနှင့် ဘေးနှစ်ဖက်တွင် ပေ ၆၀ အကျယ်အခန်း နှစ်ခန်းစီ ပါဝင်ပြီး စုစုပေါင်း တံတားခန်းဖွင့် ၂၈ ခန်း ရှိပါသည်။ တံတား အမျိုးအစားမှာ ကွန်ကရစ်ပိုင်တိုင် အုတ်မြစ် (1.5 Ø Bored Pile)၊ တံတားကိုယ်ထည် သံကူကွန်ကရစ်(RC-Concrete)၊ တံတား အပေါ်ထည် သံကူကွန်ကရစ်ရက်မ(RC Girder)၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ(PC.Girder)၊ သံကူကွန်ကရစ် ကြမ်းခင်း (RC.Decking)များဖြစ်သည်။ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၅ ပေ ၆ လက်မရှိပြီး ရေလမ်းကင်းလွတ်အကျယ် ပေ ၈၀ နှင့် ရေလမ်းကင်းလွတ်အမြင့် သုံးပေ ရှိသည်။ ခွင့်ပြုယာဉ်အလေးချိန် ယာဉ်တစ်စီးချင်း အလေးချိန် ၇၅ တန် (Load Class= AASHTO.HS 25) ရှိပါသည်။ တံတားကြီး၏ စီမံကိန်း တန်ဖိုးမှာ ကျပ်သန်း ၁၃၄၄၀ ဖြစ်ပြီး ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ၁-၈-၂၀၁၇ ရက်နေ့တွင် စတင်တည်ဆောက် ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း တံတားတည်ဆောက် ပြီးစီးကြောင်း သိရှိရ သည်။ ပုလုံးတုံးတုံးတံတားကြီးကို ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ (၄)မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်း ဦးဆောင် သော အင်ဂျင်နီယာများ၊ ကာယ/ဉာဏ ကျွမ်းကျင်လုပ်သားများနှင့် တံတားတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

 

အကျိုးကျေးဇူးများ ပုလုံးတုံးတုံးတံတား

ပုလုံးတုံးတုံးတံတားသည် ပင်လယ်ပြင် ကို ဖြတ်သန်းတည်ဆောက်ထားခြင်း ကြောင့် အလွန်သာယာလှပပါသည်။ ကော့သောင်းမြို့နယ်တွင် လူဦးရေပေါင်း ၃၀၀၀၀ ကျော် နေထိုင်ကြသည်။ ပုလုံးတုံးတုံး တံတားပေါ်မှ ဆိုင်ကယ်အစီး ၃၇၀၊ သုံးဘီး ၅၅ စီး၊ ယာဉ်ငယ် ၂၁ စီးခန့် နေ့စဉ် ဖြတ်သန်းသွားလာလျက်ရှိသည်။ ပုလုံး တုံးတုံးကျွန်းပေါ်နေထိုင်သော ဒေသခံ ပြည်သူများသည် ရေလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုလုပ်ကြပါသည်။ မကြာမီ တံတားကြီးဖွင့်လှစ်ပြီးပါက ပုလုံးတုံးတုံး ကျေးရွာမှ ကော့သောင်းမြို့သို့ ရေလုပ်ငန်း ထွက်ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် လျင်မြန်လွယ်ကူလာမည် ဖြစ်ပါသည်။ ပုလုံး တုံးတုံးကျွန်းကမ်းခြေတွင် အပန်းဖြေနားနေ ရန်၊ ပုလုံးတုံးတုံးကျွန်းပေါ်ရှိ ဒေသခံပြည်သူ များ၏ ယဉ်ကျေးမှုဓလေ့စရိုက်များကို လေ့လာနိုင်ရန်နှင့် ဒေသထွက်ပစ္စည်းများ ဝယ်ယူနိုင်ရန်တို့အတွက် မြန်မာပြည်အရပ် ရပ်ရှိ ပြည်သူများ လာရောက်ကြည့်ရှုလေ့လာ နိုင်မည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ် သည်။ ကော့သောင်းမြို့နယ် ပတ်ဝန်းကျင် ဒေသများဖြစ်သော ပုလုံးတုံးတုံးကျွန်း၊ သူဌေးကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ပုလဲကျွန်း၊ အသည်းပုံကျွန်း စသည့် ပင်လယ်ထဲမှ လှပသောကျွန်းများသို့ ခရီးသွားအပန်းဖြေလေ့လာနိုင်ခြင်း၊ ကော့သောင်းဒေသ ပတ်ဝန်းကျင်ရှိ လယ်ယာထွက်ကုန်နှင့် ရေလုပ်ငန်းထွက်ကုန် ပစ္စည်းများကို မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်း များသို့ အလွယ်တကူပို့ဆောင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်မည် ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသော တံတားကြီးများဖြစ် သည့် သမုတ်-လွတ်လွတ်တံတား၊ တနင်္သာရီ တံတားနှင့် ပုလုံးတုံးတုံးတံတားများ တည် ဆောက်ပေးခြင်းဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလာရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ် ပါသည်။ ။