တနင်္သာရီ၌မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချပေးမည်

တနင်္သာရီ   ၁၈   အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်တွင် ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား အောက်တိုဘာလ ၁၉ ရက်မှ စ၍ နယ်မြေ (၇)နေရာ ခွဲ၍ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် မဲရုံမှူး၊ဒုမဲရုံမှူး လုပ်ငန်း လမ်းညွှန်များအတိုင်း ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား သင်တန်းပို့ချဆောင်ရွက်ရာတွင် မြို့နယ် ပညာရေးမှူးရုံးမှ ခန့်အပ်ရန်ရွေးချယ်ထားသော ပညာရေးဝန်ထမ်းများဖြစ်သည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင် (တစ်)ဦးစီအား မဲရုံတစ်ရုံလျှင်(၃)ဦးစီဖြင့် နယ်မြေ(၇)နေရာ၌ အောက်တိုဘာ (၁၉) ရက်မှ (၂၇)ရက်အထိ သတ်မှတ်နေ့ရက်များအတိုင်း သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း၊ နယ် မြေ(၁)ကို အထက(ခွဲ)သာရဘွင်၌လည်းကောင်း၊ နယ်မြေ(၂)မှာ ဘန်းလမွတ်ရွာဘုန်းကြီးကျောင်း၊ နယ်မြေ(၃)မှာ အထက-ပဝရွာ၊ နယ်မြေ(၄)မှာ အထက-ညောင်ပင်ကွင်းရွာ၊ နယ်မြေ(၅)က အလက-သိန်ခွန်းရွာ၊ နယ်မြေ(၆)မှာ အထက-မောတောင်မြို့တွင် လည်းကောင်း၊ နယ်မြေ(၇)မှာ ချောင်းကြီးရပ်ကွက် ဘုန်းကြီးကျောင်းတို့ ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)