တန့်ဆည်မြို့နယ်၌ ဆီဘောက်ဆာ ၂ စီး မီးလောင်မှုဖြစ်ပွား၊ အမျိုးသား ၂ ဦးဒဏ်ရာရ

နေပြည်တော်၊  ၂၃ ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အင်ရေအိုးကျေးရွာအနီး ရေဦး-ကလေးဝ ကားလမ်း မိုင်တိုင်(၂၅)၌ ဇန်နဝါရီလ ၂၁ ရက်က ဆီဘောက်ဆာယာဉ် ၂ စီး ဆီဖြည့်ရာမှ မီးလောင်မှု ဖြစ်ပွား၍ အမျိုးသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်က မုံရွာမြို့နယ်၊ ကျောက္ကာ ကျေးရွာနေ ဦးတင်ဝင်း(၅၁)နှစ်မောင်းနှင်ပြီး ဆားလင်းကြီးမြို့နယ်၊ ဇီးချိုင်းကျေးရွာနေ တရုတ်ကြီး(ခ) စိုးမင်းသူ(၂၅)နှစ်လိုက်ပါလာသော 2C/xxxx ၁၂ ဘီးဆီဘောက်ဆာယာဉ်နှင့် မုံရွာ မြို့နယ်၊ ကျောက္ကာကျေးရွာနေ ခိုင်မာ(၂၅)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ကိုမြင့်လင်း (၃၅)နှစ် လိုက်ပါလာသော 8E/xxxx Nissan ၆ ဘီးယာဉ်တို့ ၂ စီးသည် အခင်းဖြစ်နေရာ၌ ကားအားရပ်တန့်ကာ ဆီဘောက်ဆာအချင်းချင်း ဒီဇယ်ဆီခွဲထည့်စဉ် ယာဉ်တွင်တပ်ဆင်ထားသည့် ဆီပိုက်ပြုတ်ထွက်၍ ကတ္တရာလမ်းပေါ်သို့ ဒီဇယ်ဆီများကျပြီး မီးစတင်လောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်မှုသည် ၁၀ မိနစ်ခန့်အကြာ လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် တရုတ်ကြီး(ခ)စိုးမင်းသူနှင့် ကိုမြင့်လင်းတို့ ၂ ဦးတွင် မီးလောင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဦးတင်ဝင်းပါ ၄ ဦးအား တန့်ဆည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)