တန်ဆောင်မုန်းလပြည့်နေ့ မန္တလေးတွင် စည်ကား

မန္တလေး  ၁၁ နိုဝင်ဘာ

 

ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) ဖြစ်သည့်အတွက် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့က တန်ဆောင်မုန်းလပြည့်နေ့တွင် တန်ဆောင်မုန်းလပြည့်နေ့ အခမ်းအနားကို ရှေးထုံးတမ်းစဉ်လာမပျက် ကျင်းပခဲ့ကြရာ နံနက်အာရုဏ်တက်ချိန်မှစ၍ မန္တလေးတိုင်းဒေသကြီးအတွင်း အမြို့မြို့အနယ်နယ်အရပ်ရပ်မှ ဘုရားပုထိုးစေတီတော်များ၊ ဓမ္မာရုံများ၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ၊ သင်္ကန်းရက်လုပ် ပူဇော်ပွဲများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘာသာရေးဆိုင်ရာဌာန အသီးသီးတို့မှ ကထိန်သင်္ကန်းကပ်လှူ ကုသိုလ်ပြုခြင်းနှင့် ဆီမီးထွန်းညှိ ပူဇော်ပွဲများကို အစဉ်အလာမပျက် ကျင်းပလျက်ရှိကြရာ အထူးစည်ကားလျှက်ရှိပြီး ဈေးသူဈေးသားများ ပညာရေးကျောင်းများဌာန ဆိုင်ရာများနှင့် ပြည်သူများစီးပွားရေး လုပ်ငန်းရှင်များက မိသားစုအလိုက် ကထိန်ပွဲတော်များကို မဲကျရာ ကျောင်းများသို့ သွားရောက်ခင်းကျင်း၍ ရေစက်ချလှူဒါန်း ကုသိုလ်ပြုကြခြင်းများ၊ စတုဒိသာကျွေးမွေး ကုသိုလ်ပြုကြသူများဖြင့် မန္တလေးမြို့တစ်ခွင် ခြိမ့်ခြိမ့်သဲ ကျင်းပလျက်ရှိကြသည်။

 

မန္တလေးမြို့၏ အထင်ကရတန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည့် မဟာမုနိရုပ်ရှင်တော်မြတ်အား ယနေ့နံနက် ၄ နာရီက ရေတော်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ အမှူးပြု၍ မျက်နှာသစ်တော်ဝတ်အဖွဲ့မှ မျက်နာသစ်တော်မူပြီး ရွှေသင်္ကန်းကပ်လှူကာ ဆွမ်းရေချမ်းပန်းများ ဆက်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘာသာဝင် သူတော်စင် ရဟန်းရှင်လူ ပြည်သူများကလည်း မဟာမုနိ ရုပ်ရှင်တော်မြတ်အား ဆွမ်းရေချမ်း၊ ပန်းကပ်လှူပူဇော်ခြင်း၊ ဖယောင်းဆီမီး ပူဇော်ခြင်း ဝတ်အသင်းအဖွဲ့များက ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း တရားဘာဝနာ အားထုတ်ကြသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

 

ဆက်လက်၍ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၅ နာရီတွင် မဟာမုနိဂေါပက အဖွဲ့မှကြီးမှူး၍ ဗုဒ္ဓဘုရားရှင်တော်မြတ်လက်ထက် ဘိက္ခူနီ မိထွေးတော် ဂေါတမီအား အကြောင်းပြု၍ ခွင့်ပြုတော်မူခဲ့သော ရှေးဟောင်းအမွေအနှစ် ကာလဒါနကို ထုတ်ဖေါ်ခြင်း၊ ကျေးလက်အနုပညာကို ပြသဖေါ်ထုတ်ခြင်းစသည့် ရည်ရွယ်ချက်တို့ဖြင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား အကြိမ် (၃၀) မြောက် မသိုးသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲကျင်းပရာသို့ မန္တေလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းနှင့်ဇနီး၊ တာဝန်ရှိသူများသည် ဘုရားဖူးလာပြည်သူများ၊ အလှူရှင်များသည် မဟာမုနိရုပ်ရှင်တော်မြတ်အား ဖူးမမြော်ကြည်ညို ပူဇော်ကာ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးတွင် အကြိမ်(၃၀) မြောက် ပူဇော်မည့် သဘက်တော်နှင့် မသိုးသင်္ကန်းတော်မြတ်ကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးများနှင့် အဖွဲ့ဝင်များအား စက်ချုပ်အဖွဲ့နှင့် တဘက်ပညာရှင်များက ပေးအပ်ကြသည်။

 

ထို့နောက် ရေတော်ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌ အရှင်သူမြတ်အမှူးပြု၍ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များက တဘက်တော်ကိုလည်းကောင်း၊ မဟာမုနိဂေါပက အဖွဲ့ ဥက္ကဋ္ဌ ၏ ဇနီးနှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက သင်းပိုင်သင်္ကန်းတော်ကို လည်းကောင်း၊ ဧကသီသ င်္ကန်းတော်ကို မဟာမုနိဂေါပကအဖွဲ့၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့၊ ရက်ကန်းနှင့် စက်ချုပ်ပညာရှင်များအဖွဲ့၊ မဟာမုနိ ဂေါပကဝန်ထမ်းများ၊ ဓမ္မစကြာ အဖွဲ့များက ဝတ်အသင်းနှင့် လူမှူရေးအဖွဲ့တို့က လည်းကောင်း ကိုင်ဆောင်၍ မဟာမုနိရုပ်ရှင်တော်မြတ်အား လက်ယာရစ်သုံးပတ်လှည့်လည် ပူဇော်၍ ရေတော်ဆရာတော်၊ ဝန်ကြီးများနှင့်တာဝန်ရှိသူများက မဟာမုနိရုပ်ရှင် တော်မြတ်အား မသိုးသင်္ကန်းတော်ကို လွှမ်းခြုံပူဇော်ကန်တော့ခဲ့ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ တို့က မသိုးမြတ်သင်္ကန်းတော်ကို နေ့ချင်းပြီး လုပ်အားဒါနပြု ရက်လုပ်ခဲ့ကြသော ရေကြည်ပေါက်၊ အုန်းတော၊ ကျေးရွာ၊ အင်းလေးဒေသ ရက်ကန်းပညာရှင်များအဖွဲ့၊ ကိုးလုံးတကာ စက်ချုပ်ပညာရှင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အဖွဲ့တို့အား ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

အလားတူ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ပရဝုဏ်အတွင်း ရှင်မာလဲဘုရား၏ ကြာပန်းပစ်ပွဲတော်ကို အဖိတ်နေ့မှစ၍ မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲနှင့် တစ်ပြိုင်တည်း ကျင်းပခဲ့ပြီး လပြည့်နေ့ အရုဏ်ဦး အချိန်၌ ပင့်သံဃာတော်များအား ဆွမ်းဆွမ်းဟင်းများ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လောင်းလှူခြင်းများနှင့် ဘုရားဆွမ်းတော်ကြီးပေးပို့ကြသော ဓမ္မမိတ်ဆွေ သင်္ဂဟများကို နှစ်စင်အလှူရှင် မိသားစုတို့က ထမင်းဟင်းများ၊ အချိုပွဲ အအေးတို့ဖြင့် ဧည့်ခံကျွေးမွေး၍ ဘုရားဖူးလာပြည်သူများအား တေးဂီတအဖွဲ့မှ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ယနေ့ နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စတုတ္ထအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို မဟာမုနိဘုရားကြီး အနောက်မုခ် ရွှေရေးဆောင် ကျောင်းတိုက်တွင် ကျင်းပခဲ့ပြီးနောက် ယနေ့မွန်းလွဲ ၁ နာရီတွင် (စတုတ္ထ) အကြိမ်မြောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မိုးပေါ်ကျ ကထိန်တော် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို မဟာအတုလ ဝေယန် အတုမရှိကျောင်းတော်ကြီး၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများ အလှူရှင် ဧည့်ပရိသတ် အပေါင်းတို့က ရွှေရေးဆောင်ကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိန္ဒကဆရာတော်ထံမှ ၅ ပါးသီလ ခံယူဆောက်တည်ခြင်း ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွား ချီးမြင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူခြင်းကထိန်ခံကျောင်းတို့မှ ဆရာတော်များကို ကထိန်လျာ ဉတ်သင်္ကန်း ဆက်ကပ်လှူဒါန်း၍ ပင့်သံဃာတော်ဆရာတော်ကြီး ၃ ပါးကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

 

ထို့နောက် တိုင်းသံဃနာယက အဖွဲ့ဥက္ကဋ္ဌ ပါဠိနယူပဒေသ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ဂိစိတ္တာဘိဝံသထံမှကထိန် အနုမောဒနာရေစက်ချ တရားနာယူကြပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 

တန်ဆောင်မုန်းလပြည့် ညပိုင်းတွင် မန္တလေးတောင် ဆုတောင်းပြည့်ဘုရား၊ မဟာလောကရန်နှိမ် အောင်တော်မူ ဆုတောင်းပြည့်ဘုရား ရွှေကျီးမြင့်ဘုရား၊ ဘုရားနဘုရား၊ ဆုတောင်းရဘုရား၊ ဆုတောင်းပြည့်ဘုရား၊ ချမ်းသာရဘုရား၊ စွယ်တော်မြတ် စေတီတော် (မန္တလေး)၊ နန်းမြို့ ဆုတောင်းပြည့်ဘုရား၊ တန်ခိုးကြီး ဘုရားစေတီတော်တို့တွင် ရွှေသင်္ကန်းများ ၊ပန်း ၊ရေချမ်း ၊သစ်သီး ဆွမ်းတော်များ ၊ဆက်ကပ်လှူဒါန်း၍ ဆီမီး (၉၀ဝဝ )ပူဇော်ခြင်းများ၊ တရားဘာဝနာ အားထုတ်ကြသူများ၊ ဝတ်အသင်းအဖွဲ့များက ပဌာန်းဒေသနာ တော်ကိုရွတ်ဖတ် ပူဇော်ကြသူများ၊ အနယ်နယ်အရပ်ရပ် မှ ဘုရားဖူးလာ ပြည်သူများနှင့်အသင်းအဖွဲ့များ၊ အလှူရှင်များက စတုဒိသာ မုန့်လုံးရေပေါ်၊ မယ်ဇလီဖူးသုပ်နှင့် ကြာဇံဟင်းများ၊ ကျွေးမွေးကုသိုလ်ပြုကြသူများဖြင့် အထူးစည်ကားလှသည်။

 

ထို့ပြင်  မြန်မာနိုင်ငံ ၏ ကမ္ဘာ့ပထမဦးဆုံး ဖြစ်သည့် မန္တလေး- ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၃၆၁) အနောက်ဘက်ရှိ အဖိုးတန်ကျောက်စိမ်းတုံးများဖြင့် တည်ထားသည့် ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်ပြည်တွင်း၊ ပြည်ပတို့မှ ဘုရားဖူးလာ ပြည်သူများဖြင့် တိုးမပေါက်အောင် အထူးစည်ကားလှပြီး ကျောက်စိမ်းဘုရား၌ ဂေါပကအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဘုရားဖူးလာပြည်သူများအား ဆေးပေါင်းခဖို့ မယ်ဇလီဖူးသုတ် အချိုရည်အအေးများ ရေသန့်ဘူးများ စသည့် စတုဒိသာ ကျွေးမွေးလှူဒါန်း ကုသိုလ်ပြုလျက်ရှိကြကြောင်း သိရသည်။

 

တင်မောင် (မန်းကိုယ်ပွား)