တက္ကသိုလ်ဂုဏ်ဒြပ်ကို ထိန်းသိမ်းမြှင့်တင်

ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံအတွက် သမိုင်းအစဉ်အလာကြီးမားသော ဗိမာန်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ် များအားလုံး၏ အုပ်ထိန်းသူဖြစ်သည်။ ပညာရည်နို့သောက်ခဲ့ရသော မိခင် ဖြစ်သည်။ စွမ်းရည်၊ သတ္တိ၊ အားမာန်များ ဖြည့်စွမ်းပေးခဲ့သော ဖခင်ဖြစ်သည်။ ဤသို့သော တက္ကသိုလ်ကြီး မြန်မာနိုင်ငံတွင် နှစ် ၁၀၀ တိုင် ထည်ထည် ဝါဝါ ရပ်တည်နိုင်သည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။

ဂုဏ်ယူမြတ်နိုးဖွယ်ရာများ ထုံမွမ်းသည့် ရန်ကုန်တက္ကသိုလ်ကြီး၏ ကောင်းမြတ်သော အစဉ်အလာများကို နှစ်ပေါင်းရှည်ကြာ ဆက်လက် ထိန်းသိမ်းရန်မှာ တက္ကသိုလ်၏ ထင်ရှားသောဂုဏ်ဒြပ်များကို ဖော်ထုတ် လေ့လာသင်ခန်းစာယူသင့်ပေသည်။ အဆင့်မြင့်ပညာ၊ တက္ကသိုလ်ပညာရေး လောကနှင့် ပတ်သက်ဆက်နွယ်ကြသူများ၊ တက္ကသိုလ်ကြီးကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြသူများ၊ မျိုးဆက်ဟောင်း ကျောင်းသား ကျောင်းသူများ၊ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ အတူတကွပူးပေါင်းလက်တွဲကာ တက္ကသိုလ်ကြီးကို ဆက်လက်ထိန်းသိမ်း မြှင့်တင်ပေးကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ၊ ဖြစ်ပွားနေဆဲကာလဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးကြီးသော အထွေထွေ ရွေးကောက်ပွဲကျင်းပတော့မည့်ကာလ ဖြစ်သည်။ မြန်မာနိုင်ငံအဖို့ ထိုသို့အရေးကြီးသော အရေးအရာကိစ္စများနှင့်ကြုံတွေ့နေရစဉ်တွင် နိုင်ငံ အတွက် တန်ဖိုးကြီးမားသော ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ကို ဂုဏ်ပြု ကြရမည်ဖြစ်သည်။ မူလက ကြုံတောင့်ကြုံခဲ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပွဲကို ခမ်းခမ်းနားနား ခြိမ့်ခြိမ့်သဲသဲ တစ်နှစ်ပတ်လုံးကျင်းပရန် အားခဲခဲ့သော် လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် မျှော်လင့်သလိုဖြစ်မလာသေးပေ။

မမျှော်လင့်သော အကြောင်းကြောင်းကြောင့် ဂုဏ်ပြုအခမ်းအနား ကြီးဖြစ်မလာသေးသော်လည်း နှစ် ၁၀၀ ပြည့်အတွက် ဂုဏ်ပြုရမည့် တာဝန်အမျိုးမျိုးအား တက္ကသိုလ်ကြီးကို မြတ်နိုးတန်ဖိုးထားကြသူများ အားလုံး မမေ့မလျော့ရှိဖို့ လိုမည်ဖြစ်သည်။ လက်ရှိတွင် တက္ကသိုလ်ကြီးနှင့် စပ်အပ်သမျှကို အတတ်နိုင်ဆုံးထုတ်ဖော်ရှာဖွေ အသိပေးနေပြီး ကိုဗစ်-၁၉ ရောဂါ ပါးလျားပြီး ထိန်းချုပ်နိုင်သည့်အဆင့်ရောက်ပါက ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ်ပွဲကြီးကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ဝိုင်းဝန်းပါဝင်ဆင်နွှဲနိုင်အောင် ပြင်ဆင်ထားကြရမည် ဖြစ်သည်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွေးဖွားခဲ့သော ရန်ကုန် တက္ကသိုလ်သည် မကြာမီတွင် နှစ် ၁၀၀ ပြည့်တော့မည်ဖြစ်သည်။ နှစ် ၁၀၀ ကာလအတွင်း အမိရန်ကုန်တက္ကသိုလ်နှင့် ယင်းမှပေါက်ဖွားလာသော တက္ကသိုလ်၊ ကောလိပ်များသည် ကုန်လွန်ခဲ့သောကာလအတွင်း ဘဝအဖုံဖုံ၊ အပြောင်းအလဲအမျိုးမျိုးတို့ကို ဖြတ်သန်းခဲ့ရသည်။ မြန်မာနိုင်ငံ လွတ်လပ် ရေးတိုက်ပွဲများတွင်လည်းကောင်း၊ နိုင်ငံရေးစနစ် အပြောင်းအလဲများတွင် လည်းကောင်း၊ နိုင်ငံပြောင်းလဲမှုများတွင်လည်းကောင်း၊ နိုင်ငံတည်ဆောက်မှုများတွင်လည်းကောင်း ထူးခြားသောကဏ္ဍ၊ ပြောင်မြောက်သော စွမ်းဆောင်မှုများဖြင့် ပါဝင်ဖြစ်ပေါ်လာခဲ့သည်။

ထိုသို့ အစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်ကို တက္ကသိုလ် နှင့်ပတ်သက်ခဲ့သူအားလုံးတို့က ဂုဏ်ယူဖွယ်ရာများကို အတတ်နိုင်ဆုံး ပြန်လည်ဖော်ထုတ်၍ ဂုဏ်ပြုကြရမည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ပြုခြင်းသည် ပြောင်မြောက်သော အစဉ်အလာကောင်းများကို မသိရှိကြ သူများ သိရှိနိုင်စေရန်နှင့် သိရှိပြီးသူများ ပြန်လည်နိုးကြားထက်သန် လာစေရန် ဖော်ထုတ်ခြင်းဖြစ်ပြီး အနာဂတ်တွင် ရေရှည်အကျိုးရှိအောင် မျိုးဆက်သစ်များအတွက် ဤသို့အတုယူစရာ ပညာအမွေပေးဝေရေးနှင့် အသိစိတ်ဓာတ် အမွေအနှစ်များ ဖြည့်ဆည်းပေးခြင်းဖြစ်သည်။

အမိရန်ကုန်တက္ကသိုလ်ကြီးသည် အမျိုးသားပညာရေးတံခွန်ကို စွဲမြဲစွာ လွှင့်ထူလျက် ငွေရတု၊ ရွှေရတု၊ စိန်ရတုခေတ်မှသည် ယခု နှစ် ၁၀၀ ပြည့်ချိန်အထိ ခေတ်အဆက်ဆက် အောင်မြင်စွာဖြတ်သန်းလာခဲ့ပြီ ဖြစ်ရာ အတိတ်ကတက္ကသိုလ်ကြီးအတွင်းမှ နှလုံးသားအိပ်မက်ပုံရိပ်များကိုဖြစ်စေ၊ တက္ကသိုလ်ကြီးတွင် ဂုဏ်ယူဖွယ်ရာပညာသင်ကြားမှုများနှင့်ပတ်သက် သည်တို့ကို ဖြစ်စေ၊ ရန်ကုန်တက္ကသိုလ်ကြီး၏ အထူးတင့်တယ်သော ဖွဲ့စည်း တည်ဆောက်မှုနှင့် သာယာလှပမှုတို့ကိုဖြစ်စေ ယခု နှစ် ၁၀၀ ပြည့်ကာလ တွင် စုံစုံလင်လင် ထုတ်ဖော်သိမြင်ပြီး အနာဂတ်တက္ကသိုလ်ကြီး ပြန်လည် ဂုဏ်တင့်တောက်ပြောင်လာအောင် ဝိုင်းဝန်းကြိုးပမ်း စွမ်းဆောင်ကြရ မည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ သမိုင်းဝင်အထင်ကရ အမှတ်လက္ခဏာ တစ်ခုဖြစ်သည့် ဂုဏ်ယူမြတ်နိုးဖွယ်ရာ ရန်ကုန်တက္ကသိုလ်နယ်မြေ၏ တန်ဖိုး မဖြတ်နိုင်သော တည်ဆောက်ထားမှုများနှင့် အလှအပများကို ဆက်လက် ထိန်းသိမ်းပြီး ပတ်ဝန်းကျင်တစ်ခွင်တွင် အကောင်းဆုံးတက္ကသိုလ်ကြီး ပြန်လည်ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းမြှင့်တင်ကာ တက္ကသိုလ်ကြီးကို ဂုဏ်ပြုကြရမည်ဖြစ်ပါကြောင်း။

km