တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် ပြည်ထောင်စု၏ အသက်သွေးကြော

 

ကမ္ဘာပေါ်တွင် နိုင်ငံဟုဆိုသည်နှင့် အင်္ဂါရပ် (၄) ပါးနှင့် ပြည့်စုံဖို့ လိုသည်ဟု သတ်မှတ်ထားကြသည်။ ယင်းတို့မှာ ပိုင်နက်နယ်မြေ၊ လူဦးရေ၊ အစိုးရနှင့် အချုပ်အခြာအာဏာပိုင်စိုးမှုတို့ဖြစ်သည်။ အဆိုပါ အင်္ဂါရပ် (၄) ပါးကို နိုင်ငံ၏ ဥပဓိရုပ်ဟုလည်းဆိုကြပြီး တစ်ပါးပါးချွတ်ယွင်းပါက နိုင်ငံဟုဆို၍ မရနိုင်တော့။ တစ်ဖန် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ဖွဲ့စည်းတည်ဆောက်ပုံများကို လေ့လာ ပါကလည်း လူမျိုးတစ်မျိုးတည်းရှိသော နိုင်ငံ၊ လူမျိုးစုများ စုပေါင်း နေထိုင်သောနိုင်ငံ စသည်ဖြင့် ကွဲပြားသလို တစ်ပြည်ထောင်စနစ် ကျင့်သုံးသောနိုင်ငံနှင့် ပြည်ထောင်စုစနစ် ကျင့်သုံးသောနိုင်ငံဟူ၍ လည်းကောင်း၊ ဘုရင်စနစ် ကျင့်သုံးသည့် နိုင်ငံ၊ သမ္မတစနစ်ကျင့်သုံး သည့် နိုင်ငံ၊ ပါလီမန်စနစ် ကျင့်သုံးသည့်နိုင်ငံ ဟူ၍လည်းကောင်း မတူညီမှုများစွာကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတိုင်း နိုင်ငံတိုင်း မိမိတို့ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းနှင့် ပထဝီအနေအထား၊ လူမျိုး များအပေါ်မူတည်၍ မိမိတို့နှင့် ကိုက်ညီသည့် နိုင်ငံပုံစံများကို တည်ဆောက်ကြခြင်းဖြစ်သည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင် ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ် ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများမှာ အာရှ၏ အင်အားကြီးနိုင်ငံများနှင့် လူဦးရေ လွန်စွာထူထပ်များပြားသည့် နိုင်ငံတို့ ပါဝင်သည်။ ထို့ပြင် နိုင်ငံ၏ တည်ရှိနေသည့် ပထဝီ အနေအထားအရ တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသ နှစ်ခုကြားတွင် ဆက်စပ်နေခြင်း၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေများအရ မဟာဗျူဟာကျသည့် ဒေသဖြစ်လာသော အင်ဒိုပစိဖိတ်ရပ်ဝန်းတွင် အချက်အချာကျသည့်နေရာ၌ တည်ရှိနေခြင်းတို့ကြောင့်လည်း မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံတစ်နိုင်ငံ လည်း ဖြစ်နေသည်။ အဆိုပါအချက်များကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးတို့ ထာဝရခိုင်မြဲစွာ တည်ဆောက်ထားနိုင်ရန် လိုအပ်နေသည်။ တစ်နည်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နှလုံးသည်းပွတ်၊ အသက် သွေးကြောပင်ဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲ သည်နှင့် ပြည်ထောင်စုသည်လည်း တစ်စစီပြိုကွဲကာ နိုင်ငံနှင့် လူမျိုးတို့ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားရသည့်အဖြစ်မျိုးနှင့် ကြုံတွေ့ကြရမည်ဖြစ်သည်။

မိမိတို့၏ ဘိုးဘွားများ အသက်သွေး၊ ချွေးတို့နှင့် ရင်းနှီး၍ တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီညွတ်စွာ ရယူခဲ့ရသည့် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် လွတ်လပ်ရေးကို ထာဝစဉ်တည်တံ့ စေရန်မှာ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု အင်အားဖြင့်သာ ဆက်လက်ထိန်းသိမ်းကြရမှာဖြစ်သည်။ မျက်မှောက်ကာလမျိုးဆက် တို့၏ သမိုင်းပေးတာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြရမှာ လည်းဖြစ်သည်။ ယခုနှစ် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များကို -

(၁) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ”မှသည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ

အောင်မြင်သည်အထိအကောင်အထည်ဖော်ဆောင်ရွက် ရေး။

(၂) တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး။

(၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေး။

(၄) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး။

(၅) အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာ သော မျိုးဆက်သစ်များ ပြုစုပျိုးထောင်ရေးဟူ၍ ချမှတ်ထားသည်။

အဆိုပါ အမျိုးသားရေးဦးတည်ချက်များသည် မိမိတို့နိုင်ငံ အတွက် ပစ္စုပ္ပန်ကာလတွင် အကောင်အထည်ဖော်ရန် လက်ငင်း လက်တွေ့လိုအပ်ချက်များပင်ဖြစ်သည့်အလျောက် ပြည်ထောင်စု ကြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ထာဝစဉ် တည်တံ့ရေးအတွက် ပြည်ထောင်စုဖွားညီအစ်ကိုမောင်နှမအားလုံးက ပေါင်းစုညီညာ အကောင်အထည်ဖော် ထမ်းရွက်ကြရမည်သာ ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း