တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသ အသေးစားစက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေး နိုင်ရေး ကြည့်ရှုအားပေး

ကဝ စက်တင်ဘာ ၁၇

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကဝမြို့နယ် သပြုကျေးရွာသို့ ရောက်ရှိပြီး ဒန်နှင့် သံထည် ပစ္စည်းများ အရည်ကြိုပုံသွင်းထုတ်လုပ် ဆောင်ရွက်လျက်ရှိသည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများကို သွားရောက် ကြည့်ရှုအားပေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သပြုကျေးရွာတိုက်နယ်ဆေးရုံ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး ကဝ-သပြု-ရှမ်းကံ ကျေးလက်မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် သပြုကျေးရွာ ဇရပ်ကျောင်း ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး  လှူဖွယ်ဝတ္တုပစ္စည်းများ၊ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကဝမြို့ပေါ်ရှိ မြို့တွင်းလမ်းများ၊ အုတ်ရေမြောင်းနှင့် ပလပ်ဖောင်းများ ပြုလုပ်နေမှုကိုလည်းကောင်း၊ ဝန်ထမ်းအိမ်ရာနှင့် ကဝမြို့မဈေး တည်ဆောက်မည့် မြေနေရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကဝမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများထံ ကျန်းမာရေးအထောက်အကူ ပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကဝမြို့ ငါးထပ်ကြီးဘုရားဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကိုကြည့်ရှုပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ကျန်းမာရေးအသုံး အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ ကဝမြို့အဝင်တံတား ပြန်လည်အဆင့်မြှင့် တင်နေမှုနှင့် အင်းတကော်-ကဝ-အုန်းနှဲ လမ်းကို ကတ္တရာထပ်ပိုးလွှာ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)