တိုက်စစ်မှူး စီရိုနယ်လ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၇၀၀ ပြည့်ပြီ

၁၆  အောက်တိုဘာ

ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူးစီရိုနယ်လ်ဒိုဟာ ယူကရိန်း မြေမှာ ပေါ်တူဂီအသင်းနဲ့ ယူကရိန်းအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ တာကြောင့် ကစားသမားဘဝတစ်လျှောက် သွင်းဂိုး စုစုပေါင်း ၇၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရိုနယ်လ်ဒိုဟာ ပေါ်တူဂီက ယူကရိန်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရို ခြေစစ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ပွဲကစားချိန် ၇၂ မိနစ်မှာ ပင်နယ်တီကနေတစ်ဆင့် ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

စီရိုနယ်လ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၇၀၀ ပြည့်ဟာ သူ့ရဲ့ကစားသမားဘဝမှာ ၉၇၆ ပွဲကစားပေး ခဲ့ပြီးချိန်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းအတွက် သွင်းယူပေးခဲ့တဲ့ ပင်နယ်တီသွင်းဂိုးဟာ နိုင်ငံတကာ သွင်းဂိုး ၉၅ ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။

ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၇၀၀ နဲ့ အထက် သွင်းယူခဲ့တဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ခြောက်ဦးမြောက် ကစားသမားဖြစ်ပြီး စပို့တင်းစီပီ၊ မန်ယူ၊ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်နဲ့ နိုင်ငံ အသင်းဖြစ်တဲ့ ပေါ်တူဂီအသင်းတို့နဲ့အတူ သွင်းဂိုး ၇၀၀ ပြည့်ခဲ့တာဖြစ်ပါတယ်။

ကစားသမားဘဝတစ်လျှောက် ဂိုးအများဆုံး သွင်းယူ ထားတဲ့ ကစားသမားတွေကတော့ ချက်-သြစတြေးလျ နွယ်ဖွား တိုက်စစ်မှူး ဂျိုးဘစ်ကန်ဟာ ၁၉၃၁ ကနေ ၁၉၅၅ ခုနှစ်အထိ ရက်ပစ်ဗီယင်နာ၊ ဆလာဗီယာပရက်တို့နဲ့အတူ သွင်းဂိုး ၈၀၅ ဂိုးသွင်းယူထားကာ ဂိုးအများဆုံးစာရင်းမှာ ထိပ်ဆုံးက ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးတိုက်စစ်မှူး ရိုမာရီယိုဟာ ၁၉၈၅ ကနေ ၂၀၀၇ ခုနှစ်အထိ ဗက်စကို ဒဂါးမား၊ ပီအက်စ်ဗွီ၊ ဘာစီလိုနာ၊ ဘရာဇီးအသင်းတို့နဲ့အတူ ၇၇၂ ဂိုးသွင်းယူပေးကာ အဆင့်(၂) နေရာရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးတိုက်စစ်မှူး ပီလီကတော့ ၁၉၅၇ ကနေ ၁၉၇၇ ခုနှစ်အထိ ဆန်တို့စ်၊ နယူးယောက်ကော့စ်မို့၊ ဘရာဇီး အသင်းတို့နဲ့အတူ ၇၆၇ ဂိုး သွင်းယူခဲ့တာကြောင့် ကစားသမားဘ၀တစ်လျှောက် ဂိုးအများဆုံးစာရင်းမှာ အဆင့်(၃) နေရာရပ်တည်ခဲ့ပါတယ်။ အဆင့်(၄) နေရာမှာ တော့ ဟန်ဂေရီတိုက်စစ်မှူး ပက်စ်ကတ်က ၁၉၄၃ ကနေ ၁၉၆၆ ခုနှစ်အထိ ဘူဒါပက်ဟွန်ဗက်၊ ရီးယဲလ်မက်ဒရစ်၊ ဟန်ဂေရီအသင်းတို့နဲ့အတူ ၇၄၆ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါ တယ်။ အဆင့်(၅) နေရာမှာတော့ ဂျာမနီတိုက်စစ်မှူး ဂတ်မူလာ က ၁၉၆၂ ကနေ ၁၉၈၁ ခုနှစ်အထိ ဘိုင်ယန်မြူး နစ်၊ ဂျာမနီအသင်းတို့နဲ့အတူ ၇၃၅ ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူးစီရိုနယ်လ်ဒိုရဲ့ ကစားသမားဘဝ တစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ အသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းဖြစ်ပြီး သွင်းဂိုး ၄၅၀ အထိသွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့အတူ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ရာမှာတော့ သွင်းဂိုး ၁၁၈ ဂိုးသွင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စီရိုနယ်လ်ဒိုဟာ နိုင်ငံတကာ ပွဲစဉ်တွေမှာတော့ အန်ဒိုရာအသင်း၊ အာမေးနီးယားအသင်း၊ လက်ဗီးယား အသင်း၊ ဆွီဒင်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ပေါ်တူဂီအတွက် ငါးဂိုးစီအထိ သွင်းယူနိုင်ခဲ့တဲ့ သမိုင်းရှိခဲ့ပြီး အက်စ်တိုးနီး ယားအသင်း၊ ဖာရိုးကျွန်းစုအသင်း၊ ဟန်ဂေရီအသင်း၊ လစ်သူရေးနီးယားအသင်း၊ လူဇင်ဘတ်အသင်း၊ နယ်သာ လန်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ လေးဂိုးစီအထိ သွင်းယူ နိုင်ခဲ့ပြီး ပြင်သစ်အသင်း၊ ဂျာမနီအသင်း၊ အီတလီအသင်းနဲ့ အင်္ဂလန်အသင်းတို့နဲ့ ပွဲစဉ်တွေမှာတော့ တစ်ဂိုးမှ မသွင်း ယူနိုင်ခဲ့တဲ့ သမိုင်းလည်း ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

ကလပ်အသင်းအဆင့်မှာတော့ ဆီဗီလာအသင်းဘက် ကို ၂၇ ဂိုး၊ အက်သလက်တီကိုမက်ဒရစ် အသင်းဘက်ကို ၂၅ ဂိုး၊ ဂီတာဖေးအသင်းဘက်ကို ၂၃ ဂိုး၊ ဆယ်လ်တာဗီဂို အသင်းဘက်ကို ဂိုး ၂၀နဲ့ ဘာစီလိုနာအသင်းဘက်ကို ၁၈ ဂိုးစသဖြင့် ဂိုးအများအပြား သွင်းယူထားတဲ့အသင်းတွေ လည်း ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ကလပ်အသင်းတွေမှာရော နိုင်ငံအသင်း အတွက်ပါ စုစုပေါင်းသွင်းဂိုး ၇၀၀ ပြည့်ခဲ့တာလည်း ဖြစ်ပါ တယ်။

ငွေကြယ် ရေးသားသည်