တေကုမတီ(တောင်ငူ) မြို့တည်နန်းတည် (၅၀၉) နှစ်ပြည့် ပွဲတော် ယခုနှစ်တွင် တမူထူးခြားစွာကျင်းပ

တောင်ငူ  ၁၁   နိုဝင်ဘာ

 

ကေတုမတီ(တောင်ငူ)မြို့တည် နန်းတည်(၅၀၉)နှစ်ပြည့်ပွဲတော် ဖွင့်ပွဲနှင့်ဘုရင့်နောင် မင်းတရားကြီးမှ ယိုးဒယားနိုင်ငံသို့ စစ်ချီသိမ်းပိုက်သည့် ခမ်းနားကြီးကျယ်လှသည့်  အောက်ဒိုးအော်ပရာ ဇတ်ထုတ်ကြီးကို ယခုနှစ်တွင် တမူထူးရှားစွာ တောင်ငူခရိုင် ဘောလုံးကွင်းတွင် နိုဝင်ဘာ ၁၁  ရက် နံနက် ၈ နာရီက  ကျင်းပခဲ့သည်။ ကေတုမတီ (တောင်ငူ)မြို့ တည်နန်းတည် (၅၀၉)နှစ်ပြည့် ပွဲတော်ကြီးသို့နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်၊ ဇနီး ဒေါ်စုစုလွင် နှင့် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး ၊တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ မြို့ခံကော်မတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုခံစားခဲ့ကာ ဖွင့်ပွဲကိုနှင့် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် မြို့ရွှေမန်းသားလေး ဖိုးချစ် ဦးစီးသည့် တင်ဆက်သည့် တပင်ရွှေထီးနှင့် ဘုရင့်နောင်မင်းတရားကြီး နောင်ရိုးတိုက်ပွဲဆင်နွဲခဲ့ပုံ ဘုရင့်နောင်မင်းတရားကြီး ယိုးဒယားနိုင်ငံသို့ စစ်ချီသိမ်းပိုက်သည့် စစ်ပွဲပုံအခင်းအကျင်း အောင်ပွဲခံပုံများကို ခမ်းနားလှသည့် စက်တင်များဖြင့် သရုပ်ပြတင်ဆက်ခဲ့သည်။

 

ထို့နောက် ဝင်းခင်းသဘင် ဆင်ယင်ကျင်းပမှုကို တောင်ငူမြို့ဝင်မုခ်ဦးတွင် ဆက်လက်ကျင်းပရာ တောင်ငူခေတ် ယဉ်ကျေးမှု ထီးနန်းရိုးရာ အစဉ်အလာအတိုင်း ရာဇဝင်ခင်း သဘင်ကြီးကို ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များက တောင်ငူခေတ်မြန်မာ့ရိုးရာ အသုံးအဆောင် အဆင်အယင်များဖြင့် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများကို အနီးစပ်ဆုံး တူညီအောင် ရာဇဝင်ပါ မင်းကြီးညို တပ်ခင်းခြင်း၊ သရုပ်ဖော်ပုံများ ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် လာရောက်ကြည့်ရှုသူများဖြင့် အလွန် စည်ကားခဲ့သည်။

 

တောင်ငူမင်းဆက် ၂၉ ဆက်မြောက် မင်းကြီးညိုသည် သက္ကရာဇ်  ၈၄၇ ခုနှစ်တွင် တောင်ငူထီးနန်းကို စိုးစံ ပြီး မြဝတီ၊ ဒွါရဝတီမြို့သစ်များကို စတင်တည်ထောင်ခဲ့သည်။ ဒွါရဝတီ ထီးနန်းစိုးစံနေစဉ် မင်းကြီးညို၏ ဘုန်းတန်ခိုးများသည် အံ့သြဖွယ်ရာကြီးမားခဲ့ပြီး လာရောက်မှီခိုသူ များပြားလာသည့်အပြင် ဆင်၊ မြင်းနှင့် လက်နက် အင်အားတို့သည်လည်း များစွာတိုးပွားလာခဲ့သည်။ ထိုအင်အားတို့ကြောင့် ကျဉ်းမြောင်းနေသော ဒွါရဝတီမြို့အား နေရာရွေးချယ်ကာ သက္ကရာဇ် ၈၇၂ ခုနှစ်( အေဒီ ၁၅၁၀) တန်ဆောင်မုန်းလပြည့်နေ့ (အင်္ဂါနေ့) တွင် ကေတုမတီမြို့တော်ကြီးကို စတင်တည်ထောင်ခဲ့ကာ ယခုနှစ်ဆိုင်လျှင် (၅၀၉) နှစ်ပြည့်ပြီ ဖြစ်သည်။

 

ထို့ကြောင့် တောင်ငူမြို့ ကေတုမတီ သမိုင်းကို နောက်ခံပြုလျက် သရုပ်ဆောင်များဖြင့် ဝင်းခင်းသဘင်ကို  ကေတုမတီမုခ်ဦးအနီး ဗဟိုမဏ္ဍပ်မှ ဗိုလ်ဖိုးကွန်းလမ်းအတိုင်း တော်ဝင်ကေတုမတီ ဟိုတယ် ဘုရင့်နောင် ခန်းမအထိ ခမ်းနားစွာပြုလုပ်ခဲ့သော လာရောက်ကြည့်ရှုသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်။

 

ထို့နောက် တော်ဝင်ကေတုမတီဟိုတယ် ဘုရင့်နောင်ခန်းမ၌ အားကစား၊ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် စသည့်ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက အသီးအသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားအလှပြပူဇော်ယာဉ်များတွင် ၁၄ ရပ်ကွက် ဘုရားအမှတ် ၅ အထူးဆု၊ ဘုရားနှစ်ဆူကျေးရွာဘုရားအမှတ် ၁၁ ပထမဆု၊ ၁၂ ရပ်ကွက် ဘုရားအမှတ် ၁၆ ဒုတိယဆု၊ ဟိန္ဒူအမျိုးသား အဖွဲ့ဘုရားအမှတ် ၆ တတိယဆုနှင့် နှစ်သိမ့်ဆုများလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သူရ(တောင်ငူ)