တောင်တွင်းကြီးမြို့နယ်တွင် အသက် (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ ၆၀‌၀ တို့ကို ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

တောင်တွင်းကြီး ဒီဇင်ဘာ ၈

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် အသက် (၁၂)နှစ်အထက်ရှိသူ ကျောင်းသား/‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ဒီဇင်ဘာ ၈ ရက် နံနက် ၈ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းဆေးထိုးစုရပ် (၃)ခုတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/ကျောင်းသူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများအား မိနစ် (၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၆၀၀ တို့ကို ပထမအဆင့်ဦးစားပေး ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)