တောင်ငူ(၅၂)မြို့ အပိုင်း (၂)

သောင်းကေတု

 

ယခင်တစ်ပတ်က တောင်ငူ(၅၂) မြို့စာရင်းကိုဖော်ပြခဲ့ပြီး တောင်ညိုမြို့အကြောင်းတင်ပြခဲ့ပါသည်။ တောင်ငူ (၅၂) မြို့၏ မြောက်ဘက်အစွန်ဆုံးမြို့မှာ ညောင်လွန့်ဖြစ်သည်။ တပ်ကုန်းမြို့နယ် ပြည်ထောင်စုနယ်မြေ တွင်ပါဝင်သည်။ သက္ကရာဇ် ၈၄၇ ခုနှစ် မင်းကြီးညိုတောင်ငူကို ဆက်ခံစဉ်က အင်း၀ဘုရင် ဒုတိယမင်းခေါင်ထံသို့ လက်ဆောင်ပဏ္ဏာဆက်က တောင်ငူထီးနန်းကို ဆက်ခံသည့်အကြောင်း လျှောက်တင်သည်။ ဒုတိယမင်းခေါင်က ပုန်ကန်နေသူ ညီတော် ရမည်းသင်းစား မင်းရဲကျော်စွာ၏ ပိုင်နက်ကို တိုက်ခိုက်စေ၍ ပေါင်းလောင်းမြစ်အရှေ့မြောက်ဘက် စပါးတောင်း၊ အိုင်ပုကိုတိုက်ခိုက်သည်။ ငစိန်အင်းမ၊ တန်တီတိုင်နိုင်၍ ဆင်မြင်းသုံ့ပန်းများစွာရ၏။ မွန်ပြည်ကျောစပ်ကို စုံစမ်း လေသော် ကတ်ကျေးကြောင်ပြာစားကို စီးချင်းနိုင်၍ သုံ့ပန်းအများရသည်။ ထိုအချိန်ကာလမှစ၍ ရေလွှဲ ၅ ခရိုင်၊ ရွှေမြို့၊ ကင်းသာ၊ ညောင်လွန့်၊ ငနွယ်ကုန်း(လယ်ဝေး)ကျောက်ချက်ပြကောင်းနှင့် တောင်ဘက်ရှိ ကတ်ကျေးကြောင်ပြာတို့သည် တောင်ငူပိုင်နက်တွင် ပါဝင်လာခဲ့သည်။

 

ညောင်လွန့်မြို့
ညောင်လွန့်မြို့သည် တပ်ကုန်းမြို့နယ်ထဲတွင် ပါဝင်သည်။ ၁၁၄၆ ခုနှစ် ဘိုးတော်ဘုရားလက်ထက် ကောက်ယူသော စစ်တမ်းတွင် ညောင်လွန့်သူကြီး ငမောင်က ဤကဲ့သို့ထွက်ဆိုသည်၊၊


ကျွန်တော်၏ဘေး ငတလိုင်း၊ သူ၏သား ငအောင်စံထွန်း ၊ သူ၏သား ငပု ၊ သူ၏သား ကျွန်တော် ငမောင်တို့ အစဉ်အတိုင်း အုပ်ချုပ်ခဲ့ပါသည်။ နယ်မြေအကျယ်အဝန်းမှာ အရှေ့ကို တစ်တိုင်ကွာ နဝင်းချောင်းတစ်ဖက် ညောင်ကိုင်းမြေနှင့် ကျောခိုင်း၊ အရှေ့တောင်ကို တစ်တိုင်ခွဲကွာ စအုံနှင့် နဝင်းချောင်းဆုံ၊ တလိုင်းသေမြေနှင့် ကျောခိုင်း၊ တောင်ကို တစ်တိုင်ခွဲကွာ ကြို့ပင်သာ၊ တလိုင်းသေမြေနှင့် ကျောခိုင်း အနောက်မြောက်ဘက် နှစ်တိုင်ကွာ သစ်ငုတ် ပလ္လင်အထိ တစ်ဖက် နွားထိုးမြေနှင့် ကျောခိုင်း၊ မြောက်ကို နှစ်တိုင်ကွာ ကြို့ချောင်းတစ်ဖက် ရမည်းသင်းမြေနှင့် ကျောခိုင်း၊ အရှေ့မြောက်တစ်တိုင်ခွဲကွာ ကြို့ချောင်းနှင့် နဝင်းချောင်းဆုံရာ တစ်ဖက်၊ တောင်ဘိုကန်တူးမြောင်းပေါ်ရှိ ကံရိုးကြီး ရွာနှင့် ကျောခိုင်း၊ ဤနယ်အတွင်းရှိ ကျေးရွာများကို ထုံးတမ်းစဉ်လာအတိုင်း အုပ်ချုပ်ရပါသည်။ ရှေးအခါက ဤနယ်သား များသည် ကင်းစခန်းများတွင် ကင်းသား တာဝန်ထမ်းခဲ့ကြသည်။ ကင်းသားများကို အခွန်ကောက်ခံခြင်း မပြုပါ။ ကျန်ကျေးရွာသားများ၏ တရားကွမ်းဘိုး၊ အကောက် အစားများကို တောင်ငူမြို့ရုံးတော်သို့ ဆက်သွင်းရပါသည်။ အရှင့်ခမည်းတော် (အလောင်းဘုရား)နှင့် ယခုလက်ထက်တိုင်အောင် ကင်းစခန်းများမထားရှိတော့ပါ။ တောင်ငူမြို့ ရုံးတော်က စီမံသည့်အတိုင်း ကင်းသားဟောင်းများကို အုပ်ချုပ်ပါသည်။ အသည်၊ အလာ၊ ဝင်နေကပ္ပါးတို့ကို အခြား သူကြီးများကဲ့သို့ စီမံအုပ်ချုပ်ရပါသည်။


ညောင်လွန့်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရောက်ခဲ့သည်။ တပ်ကုန်းမြို့မြောက်ဘက်ရှိ စည်ကားသော ကျေးရွာ တစ်ခုဖြစ်သည်။ လမ်းအနောက်ဘက်တွင် ရသေ့ကြီး ဦးခန္တီတည်ခဲ့သော မဟာမြတ်မုနိရုပ် ပွားတော်ကြီးကို ဝင်ရောက်ဖူးမြော်သည်။ ညောင်လွန့်အနောက်ဘက် နှစ်တိုင်ခန့်ဝေးသော ရွာသာတွင် ရသေ့ကြီးဦးခန္တီ၏ အိမ်တော်ရာ စေတီရှိသည်။ ညောင်လွန့်၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ ညောင်လွန့်တောရ ကျောင်းတိုက်ရှိသည်။ ညောင်လွန့်ဆရာတော် ဦးမေဒဝီမှာ ရဟန္တာဖြစ်သည်ဟု ယုံကြည်ကြ သည်။ ဧက ၂၀၀ ခန့်ကျယ်ဝန်းသော တောအုပ် ကြီးအတွင်းတွင် စေတီပုထိုးကျောင်းဆောင် များဖြင့် အေးချမ်းဆိတ်ငြိမ်သော တောရကျောင်းကြီး ဖြစ်ပါသည်။


ရွှေမြို့
ရွှေမြို့သည် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ရှိ မြို့တစ်မြို့ဖြစ်သည်၊၊ ၂၀၁၈ ခုနှစ်က သွားရောက်လေ့လာခဲ့ရာ ယခုဘူတာရှိ ရွှေမြို့သည် ၁၈၈၉ခုနှစ် ရထားလမ်းဖောက်မှ တည်ထားခြင်းဖြစ်ပြီး မူလနေရာကို မသိခဲ့ရပေ။ ဆင်သေချောင်းအနောက်ဘက်လမ်းတွင် ရွှေမြို့ကြီးဟုခေါ်သော ဘုန်းကြီးကျောင်းတိုက် တစ်ခုရှိသည်။ ရွှေမြို့ (ဘူတာ)ရှိ မြို့ဒိပ်ကျောင်း ဆရာတော်က တောင်ဘက်မှာ နန်းတော်ရာ လယ်ကွင်းရှိသည်ဟု လမ်းညွှန်သဖြင့် တောင်ဘက် တစ်မိုင်ခန့်ဝေးသောထိုနေရာကို သွားကြသည်၊၊ သာမန်လယ်ကွင်းတစ်ခုသာဖြစ်ပြီး မည်သည့် အထောက်အထားမှ မတွေ့ရပေ။ ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး တွင် ဘိုးတော်ဘုရားလက်ထက် ယိုးဒယား သို့စစ်ချီရာ၌ ရွှေမြို့မှာ စခန်းချ ညအိမ်ရပ်နား ကြောင်း ဖော်ပြထားသည်ကို သတိရသည်။ ဤနေရာတွင် စခန်းချသဖြင့် နန်းတော်ရာလယ် ကွင်းဟုခေါ်သည်ဟု ယူဆပါသည်။


၁၁၄၆ ခုနှစ် စစ်တမ်းတွင် ရွှေမြို့သူကြီး ငကြိုင်က အောက်ပါအတိုင်းထွက်ဆိုပါသည်။ ရွှေမြို့ကို ဘေးဘိုးစဉ်အဆက် အုပ်ချုပ်လာ ကြောင်း၊ နယ်နိမိတ်အပိုင်းအခြားမှာ အရှေ့ကို တစ်တိုင်ကျော်ကွာ ဆင်သေချောင်းအထိ တစ်ဖက် ကြည်တောင်မြေ၊ သာကီဝင်မြေနှင့် ကျောခိုင်း၊ တောင်ကို တာတစ်သောင်းကျော်ကွာ ချောင်းဖြူကြီးထိ၊ တစ်ဖက် ကျောက်ချက် မြေနှင့် ကျောခိုင်း၊ အနောက်တောင်ကို နှစ်တိုင်ကွာ ချောင်းမကြီးထိ တစ်ဖက် ကြက်သား မြို့မြေ၊ တောင်ညိုမြေနှင့် ကျောခိုင်း၊ အနောက်မြောက်ကို ငါးတိုင်ခန့်ကွာ ဆင်သေချောင်းအထိ၊ တစ်ဖက် တစ်လိုင်း သေမြေနှင့် ကျောခိုင်း၊ အရှေ့မြောက်ကို နှစ်တိုင်ကွာ ဆင်သေချောင်းနှင့် နဝင်း ချောင်းဆုံထိ တစ်ဖက် တလိုင်းသေမြေ၊ ကင်းသာမြေနှင့် ကျောခိုင်း၊ မြို့သူကြီး ငသက်ထွန်း လက်ထက်တွင် ငသက်ထွန်းကို ရွှေမြို့ ကင်းခေါင်းညီ ငသက်တင်ကို ငါးစိမ်းကင်း ခေါင်းအဖြစ်နှင့် ၎င်းရွှေမြို့ကင်း ငါးစိမ်းကင်း၊ ကင်းနှစ်ရပ်ဖွဲ့၍ ကင်း ၂ ကင်းသား ၊ လေးသား၊ ဝင်နေကပ္ပါးလူတို့ကို အုပ်ချုပ်စီရင်စောင့်နေ ထမ်းရွက်ရသည်။ ခမည်းတော်ဘုရား (အလောင်းဘုရား) လက်ထက်မှသည် ရွှေလက် ထက်တော်တိုင်အောင် ကင်းမရှိပါ။ သူကြီး အရာနှင့် တောင်ငူမြို့က ခန့်ထားရာ နာခံ ထမ်းရွက်ရသည်။ ကင်းသား၊ လေးသားများကို အခွန်ကောက်ခံခြင်းမရှိပါ။ တရားကွမ်းဘိုး အကောက်အစား စီရင်ရသည်များကို အရာတော် တောင်ငူမြို့ရုံးတော်မှ ဆက်သွင်းရကြောင်း ရွှေမြို့သူကြီးထွက်ဆိုချက် တင်ဆက်ပါ သည်ဟု စစ်တမ်းတွင် ဖော်ပြပါသည်။


တလိုင်းသေမှာ တပ်ကုန်းမြို့နယ်တွင် ညောင်လွန့်နှင့် ရွှေမြို့ကြားတွင် တည်ရှိသည်၊၊ ၁၁၄၆ ခုနှစ်က ကဆုန်လဆန်း ၉ ရက်နေ့၊ တလိုင်းသေသူကြီး ငထွန်းထွက်ဆိုသည်မှာ ကျွန်တော်၏ဘေး ငသက်တင် ကြီးစိုးစီရင်သည်။ မရှိလျှင်သား ငထွားစော၊ သားငရွှေထင်၊ သားကျွန်တော် ငထွန်းဆက်ခံကြီးစိုးသည်။ တလိုင်းသေရွာသည် အရှေ့ကို ၅၀၀ တွင်းကွာ၊ နဝင်းချောင်းထိ ၊ တစ်ဖက် ညောင်ကိုင်းမြေ နှင့် ကျောခိုင်း၊ အရှေ့တောင် နှစ်တိုင်ကွာ နဝင်းဆင်သေချောင်းဆုံထိ ၊ တစ်ဖက်တောင် ဘလုမြေနှင့်ကျောခိုင်း၊ တောင်ကိုတစ်တိုင်ကွာ ဆင်သေချောင်းအထိ ၊ တဘက်ရွှေမြို့မြေနှင့် ကျောခိုင်း၊ အနောက်တောင်ကို တစ်တိုင် ၅၀၀ တွင်းကွာ ဆင်သေချောင်းအထိ၊ တစ်ဖက် ရွှေမြို့မြေနှင့် ကျောခိုင်း၊ အနောက်ကို တတိုင် ၅၀၀ တွင်းကွာ ဆင်သေချောင်း မြောက်မျှိုက် ချောင်း၀အထိ၊ တဘက်ညောင်လွန့်မြေနှင့် ကျောခိုင်း၊ မြောက်ကို တစ်တိုင် ၅၀၀ တွင်းကွာ ကြို့ပင်သာအထိ၊ တစ်ဖက် ညောင်လွန့် မြေနှင့် ကျောခိုင်း၊ အရှေ့မြောက်ကို တစ်တိုင် ၅၀၀ တွင်းကွာ ကြုတ်ပင် နဝင်းချောင်းအထိ၊ တစ်ဖက် ညောင်လွန့်မြေနှင့် ကျောခိုင်း နယ်ရှစ်ရပ်အတွင်း ကင်းမြေ ကင်းရွာဖြစ်၍ အခွန်အရပ်ကောက်ခံခြင်းမရှိ၊ တရားကွမ်းဘိုးကောက်စား စီရင်ရသည်များကို အရာတော် တောင်ငူရုံးတော်မှာ ဆက်သွင်းရကြောင်း ရှေးအစဉ်မှာ ကင်းနှင့်အစဉ် စောင့်နေထမ်းရွက်ရိုး၊ ခမည်းတော်ဘုရား လက်ထက်တော်ကသည် ရွှေလက်ထက်တော် တိုင် ကင်းမရှိ ကျေးရွာသူကြီးတကာနည်း၊ နယ်တွင်းနေလေးသား၊ ကင်းသား၊ အသည်းအလာလူတို့ကို စီရင်၍ တောင်ငူမြို့က ခန့်ထားရာ ထမ်းရွက်ရကြောင်း စစ်တမ်းတွင် ထွက်ဆိုသည်။


ကင်းသာမြို့
တပ်ကုန်းမြို့နယ်တွင် ပါဝင်သည့် ပင်လောင်းလမ်းခွဲမှ မိုင်ဝက်ခန့်အကွာတွင် တည်ရှိသည်။ ရှေးကမြို့ရိုး အစိတ်အပိုင်း တချို့ကို ရွာ၏မြောက်ဘက်တွင် တွေ့ရသည်၊၊ အနောက်ဘုန်းကြီးကျောင်းထဲရှိ စေတီအား မင်းငယ်ကျော်ထင် တည်ထား ကြောင်း ကမ္ပည်းကျောက်စာတွေ့ရသည်။ ကင်းသာသည် ရှေးဟောင်းရွာကြီးတစ်ခု ဖြစ်ပြီး ရှမ်းပြည်နယ် ပင်လောင်းဘက်မှ ဆင်းသော တောင်ကြား မဟာဗျူဟာ မြောက်သောနေရာတွင် တည်ရှိသည်။ တောင်ငူခေတ်ဦးပိုင်း ကရင်ဘ (တောင်ငူ ၄ ဆက်မြောက်)မင်းသည် မူလက ရမည်းသင်း အရှေ့ဘက်ထီးလှိုင်ရွာတွင် နေထိုင်သည်။ ထီးလှိုင်ဆရာတော်က တောင်အရပ်သို့ ပြောင်းလျှင် ကောင်းစားမည်ဟောသဖြင့် ကင်းသာသို့ပြောင်းရွှေ့သည်။ ထိုမှ တစ်ဆင့် ကဲလင်းရွာအရှေ့ဘက် တောင်ပေါ်တွင် နေထိုင်သည်။ ခရင်းချောင်းအထက် ခရင်းမြို့ဟောင်းတွင် နေထိုင်ရင်း လူသူ အင်အားများပြားလာသည်။ အေဒီ- ၁၂၇၈ တွင် သဝန်ညီနောင်တို့သည် ခပေါင်းချောင်းဖျားတွင် တောင်ငူမြို့ကို စတင်တည်ထောင် ကြသည်။ ကရင်ဘကို စည်းရုံးသိမ်းသွင်းပြီး ထောင်မှူးရာထူး ပေးအပ်သည်။ သူ၏ အကူအညီဖြင့် ၁၂၇၉ ခုနှစ်တွင် တောင်ငူ ကြီးမြို့ကို တည်ထောင်ခဲ့သည်။


မင်းငယ်ကျော်ထင်မှာ တောင်ငူ မင်းဆက် (၂၄)ဆက်မြောက် မင်းဖြစ်သည်။ အင်း၀ မင်းရဲကျော်စွာနှင့် တန်ဆောင်း မိဖုရား စောမင်းလှတို့၏ သားတော်ဖြစ်သည်။ အင်း၀ကို မိုးညှင်းမင်းတရား နန်းတက်စဉ်က မင်းငယ်ကျော်ထင်ကို ဖမ်းဆီးပြီး ရေနံသာမြို့တွင် အကျယ်ချုပ် ဖြင့်ထားသည်။ ထိုမှ ထွက်ပြေးလွတ်မြောက်ပြီး ပင်လယ်မြို့တွင် အခိုင်အမာ နေသည်။

 

အင်း၀တပ်များ၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးပြီး ရမည်းသင်းမြို့ကို သိမ်းယူသည်။ တရုတ်တပ်များက အင်း၀ဘုရင်ဘက်မှ ကူညီတိုက်ခိုက်သဖြင့် ကင်းသာသို့ ပြေးသည်။ ကင်းသာမှာ ရမည်းသင်းနှင့် နီးသဖြင့် ငကြက်တောင်သို့ ပြေးသည်။ ငကြက်တောင်မှာ ယခုကျည်တောင်ပင် ဖြစ်သည်။ ထိုမှတစ်ဆင့် တောင်ငူဘုရင် မင်းခေါင်ငယ်ကို လုပ်ကြံကာ တောင်ငူတွင် နန်းတက်ခဲ့သည်။ ၁၁၄၆ စစ်တမ်းတွင် ကင်းသာသည် ရွှေမြို့နှင့် တလိုင်းသေ အရှေ့ဘက်တွင် တည်ရှိကြောင်းသာပါရှိ ပြီး ပိုင်နက်အကျယ်အဝန်းများအသေးစိတ် ဖော်ပြထားခြင်းမရှိပါ။ သို့ရာတွင် တောင်ငူသမိုင်း၌ မကြာခဏပါဝင်သော ထင်ရှား သောဒေသတစ်ခုဖြစ်ပါသည်။


ကျောက်ချက်
ကျောက်ချက်သည် ယခုနေပြည်တော်၊ ဘောဂသီရိကားဝင်း မြောက်ဘက်တွင် တည်ရှိသည်။ တောင်ငူစစ်တမ်းတွင် သူကြီး ငရွှေပြည်က ထွက်ဆိုရာတွင် ကျွန်တော်၏ ဘေးငသော် ကြီးစိုးစီရင်သည်။ သားငစံ၊ မြေးငရွှေပြည် အစဉ်အတိုင်း အုပ်ချုပ်သည်။ ကျောက်ချက်နယ်သည် အရှေ့ကိုသုံးတိုင် ကွာပေါရဲ၀အထိတစ်ဖက် ကြည်တောင်မြေနှင့် ကျောခိုင်း၊ အရှေ့တောင်ကို ၃ တိုင်ကွာ၊ မအူပင်အထိ၊ တစ်ဖက် ဧလာမြေနှင့် ကျောခိုင်း၊ တောင်ကို တစ်တိုင်ကျော်ကွာ အလျင်လို ကန်အထိ၊ တစ်ဖက်ဝက္ကမူမြေနှင့် ကျောခိုင်း၊ အနောက်ကို နှစ်တိုင်ကျော်ကွာ၊ ကြို့ပင်ညီနောင်၊ မယ်ဇလီပင်ဆိပ်အထိ၊ တစ်ဖက် ကြက်သားမြို့မြေနှင့်ကျောခိုင်း၊ အနောက်ကို သုံးတိုင်ကွာ ချောင်းမကြီး၊ ဇီ၀ကျွဲတဲအထိ၊ တစ်ဖက်ကြက်သား မြို့မြေနှင့် ကျောခိုင်းအနောက်မြောက်ကို သုံးတိုင်ကွာ ရိုးစက်စက်၊ တည်ပင်ကုန်း၊ ငရဲသစ်ငုတ်အထိ တစ်ဖက် လယ်သာမြေနှင့် ကျောခိုင်း မြောက်ကိုနှစ်တိုင်ကွာ ကျောက်ပုံ၊ ကျောက်တန်းလူသွားလမ်း၊ လုလင်ကွမ်း စိုက်အထိ၊ တစ်ဖက်ရွှေမြို့မြေနှင့် ကျောခိုင်း၊ အရှေ့မြောက်ကို နှစ်တိုင်ကွာ ကမ္မဝါဆိပ် ကြက်ဆူအိုင်အထိ၊ တစ်ဖက် တောင်ဝင်းမြေနှင့် ကျောခိုင်း ဤနယ် ၈ ရပ်အတွင်းကင်းမြေ ကင်းရွာဖြစ်၍ အခွန်အတုတ် ရေးမှတ်ရိုးမရှိ၊ အကောက်အစား တရားကွမ်းဘိုး ကောက်စား စီရင်ရသည်ကို အရာတော်တောင်ငူရုံးမှာ ဆက်သွင်းရိုး၊ စစ်ရေးလက်နက်ကိုင် မင်းမှုမင်းခင်းပေါ်ရှိလျှင် တောင်ငူရုံးတော်က ခန့်ထားရာ နာခံဆောင်ရွက်ရကြောင်းထွက် ဆိုပါသည်။


ကြည်တောင်
ကြည်တောင်သည် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ၁၁၄၆-ခုနှစ် စစ်တမ်းတွင် ကြည်တောင်သူကြီးငမြတ်သာဝိုင်းက ထွက်ဆိုရာတွင် ကြည်တောင်ရွာကို ဇေယျရန္တမိတ် ကြီးစိုးစီရင် သည်။ ၎င်းမရှိလျှင် သားသူရဲမိတ် လှ၊ သားငတာ၊ သားလက်ျာခင်မွန်၊ သားငကြွက် သားမဏိသဝန်၊ ၎င်း၏ညီ ငဝင်း၊ ငဝင်းအိုမင်း မစွမ်းလျှင် မြေးကျွန်တော် ငမြတ်သာဝိုင်းက အစဉ်အတိုင်း ဆက်ခံအုပ်ချုပ်ပါသည်။ ကြည်တောင်နယ်သည် အရှေ့ကို ၂ တိုင်ကွာ ဂုံညင်းနွယ်တောင်၊ ကျောက်ပြုတ်တောင်၊ နံချိုတောင်၊ ကျောက်လုံးကြီး တောင်အထိ တစ်ဖက်ဘန်းနုငယ်မြေနှင့် ကျောခိုင်း၊ အရှေ့ တောင်ကို ၃ တိုင်ကွာ တောင်စည်အင်းအထိ တစ်ဖက်ဧလာမြေနှင့် ကျောခိုင်း၊ တောင်ကို ၄ တိုင်ကွာ မအူပင်ဆိပ် မြစ်စို့အင်း၊ သရက် ၉ ပင်၊ နတ်ရေတွင်းအထိတစ်ဖက် ဧလာမြေနှင့် ကျောခိုင်း၊ အနောက်တောင်ကို ၅ တိုင်ကွာ နတ်သူရဲ၊ သံသည်ရွာ ရွှေတွင်းရံတိုင်၊ ဆင်သေချောင်း လှည်းကူးဆိပ်အထိ တစ်ဖက်ဝက္ကမူ မြေနှင့် ကျောခိုင်း၊ အနောက်ကို ၂ တိုင်ကွာ ကြက်ကြီး၊ ကြက်ငယ်သရက်ပင် မောင်နှမ ကောက်ကောက် စင်းစင်းအထိ တစ်ဖက်တောင် ဝင်းမြေနှင့် ကျောခိုင်း၊ အနောက်မြောက်ကို ၅ တိုင်ကွာ ကာမလုဇင်ပြွန်ပင်၊ ဆင်သေ မြောင်း အင်းဝန်းအထိ တစ်ဖက်ရွှေဘေးမြေနှင့် ကျောခိုင်း၊ မြောက်ကို ၅ တိုင်ကွာကျောက်ထရံ ခတက်ချောင်း၊ ကသောင်းကောက်ချောင်း၊ အရာတော်တော ခွေးအင်း၊ ငကြင်းအိုင်အထိ၊ တစ်ဖက်ဖိုခွန်မြေနှင့် ကျောခိုင်း၊ အရှေ့မြောက် ကို ၅ တိုင်ကွာသဲသာကျောက်၊ ထံပတ်ကျောက်၊ ချောင်းလုံးအထိ တစ်ဖက်မည်းပေါက်ကရင် မြေနှင့်ကျောခိုင်း၊ သည်နယ်ရှစ်ရပ်ကို ဇေယျ ရန္တာမိတ်ကသည် မဏိသဝန်တိုင် ရွာစားအရာ နှင့်စား၍ ဤအမှုတော်ကိုထမ်းရွက်ရပါသည်။ ယင်းကသည်ကျွန်တော်တိုင် သူကြီးအရာနှင့် စီရင်ထမ်းရွက်ရသည်။ နယ်အတွင်းငွေခွန် သားတို့ လုပ်ဆောင်သည့် လယ်ယာကိုင်း သစ်ဆေးများကို အခွန်မရ၊ ကျန်အသည် ဝင်နေကပ္ပါးသားတို့ လုပ်ဆောင်သည်မှာ ကျွဲတရှည်းလျှင် အခွန်စပါး(၁၀)တင်း ဝန်စား (၁)တင်း၊ ရေးစား (၂) ပြည်၊ သူကြီးစား(၁)တင်း၊ ကြွက်စား(၁)တင်း အခွန်တော်ကို တောင်ငူကျီတော်မှာ ချင်သွင်းရိုး၊ ကိုင်းလုပ်သူတို့မှာ ဓားမတစ်စင်းခွန်မငွေ ရွက်နီ(၁)ကျပ်၊ သစ်ဆေးခွန် အထက်တိုး(၁)ကျပ်၊ အောက်တိုး (၂)ကျပ်၊ ခွန်မ(၁၀)ကျပ် အခွန်တော်ငွေကို တောင်ငူရုံးတော်မှာ ဆက်သွင်း၊ အကောက် အစားတရားကွမ်းဘိုး စီရင်ကောက်စားသည်များကို အရာတော် ဆက်ကာ ငွေခွန်တော်ကို ငွေခွန်ခေါင်းတို့က ကောက်ခံ၍ ဆိုင်ရာသို့ ဆက်သွင်းသည်။ အသည်အလာဝင်နေကပ္ပါးတို့ကို သူကြီး ကစီရင်၍ တောင်ငူမြို့က ခန့်ထားရာ နာခံထမ်းရွက်ရသည်ဟု ထွက်ဆိုပါသည်။


ရှေးအခါက ကျည်တောင်ကို ပြကောင်း ဟုလည်းခေါ်သည်။ ယခုကျည်တောင်ခေါမ နေရာဖြစ်သည်။ ဤဒေသသည် မင်းကြီးညို လက်ထက်ကတည်းက တောင်ငူမြို့၏အပိုင် နယ်မြေများဖြစ်လာခဲ့သည်။ ကုန်းဘောင် ခေတ် ဘိုးတော်ဘုရားလက်ထက်တွင် ကောက်ယူသောစစ်တမ်းတွင် တောင်ငူ(၅၂)မြို့အဖြစ် ဖော်ပြသည်။ ညောင်ရမ်းခေတ် တွင် ရွှေမြို့ကင်း၊ ညောင်လွန့်၊ ငါးစိမ်းကင်း၊ ကျောက်ချက် စသောမြို့များတွင် လေးသည်တော်များ ကင်းစခန်းများချထားရာ ဒေသ ဖြစ်သည်။ ဤစစ်တမ်းတွင် အလောင်းမင်း တရား လက်ထက်မှစ၍ ဘိုးတော်ဘုရား လက်ထက်တိုင်အောင် ကင်းစခန်းများမရှိသည်ကို သိရသည်။


ကျမ်းကိုး ။ ။ တောင်ငူရာဇဝင် (ဦးပွားတည်းဖြတ် ၁၉၂၄)

တောင်ငူစစ်တမ်း (၁၁၄၆ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၃)ရက်)

စာရေးကြီး လက်ျာကျော်ထင်နှင့် မြို့စာရေး၊ ပုညတေဇ၊ မြင်းခေါင်း ဗလကျော်စွာတို့၏ထွက်ဆိုချက်။