တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအတွက် သီချင်းရွေးချယ် 

တောင်ကြီး ၇ အောက်တိုဘာ   

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲနှင့် မြို့လုံး ကျွတ် မဟာဘုံကထိန် လှည့်လည်ပွဲတော်ကို  တန်ဆောင်မုန်းလဆန်း(၈)ရက် မှ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်ထိ နိုဝင်ဘာ ၄ ရက်နေ့ မှ ၁၂ ရက်နေ့ထိ  ၉ ရက်တိုင်တိုင် ပြုလုပ် ကျင်းပ မည်ပြီး ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီအနေဖြင့်  တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အတွက် သီချင်းပြိုင်ပွဲ၊ စာပေပြိုင်ပွဲ (ဆောင်းပါး၊ ဝတ္ထုတို ၊ ကဗျာ)ပြိုင်ပွဲ ၊ ကာတွန်းပြိုင်ပွဲ ၊ အလွတ်တန်း ဓါတ်ပုံပြိုင်ပွဲများကို ဖိတ်ခေါ် ကျင်းပပေးလျှက်ရှိသည်။

 

a

 

ယနေ့နံနက် ၉ နာရီအချိန်တွင် တောင်ကြီးမြို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ် ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အတွက် သီချင်း ရွေးချယ်ပွဲကို ပြုလုပ်ကျင်းပရာ ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့်ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ၊ ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဦးစိုးညွှန့်ရွှေ က အဖွင့်အမှာစကားပြောကြားပြီး ၊ ဖွင့်ပွဲ/ပိတ်ပွဲ အတွက်သီချင်းရွေးချယ်ရေးဆပ်ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ၊ရှမ်းပြည်နယ်ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန ၊ တာဝန်ခံ ဦးစောဝင်းနိုင် က သီချင်းရွေးချယ်ရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဖွင့်ပွဲ/ပိတ်ပွဲ အတွက် သီချင်းရွေးချယ်ရေး ဒိုင်ချုပ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး  ဦးအေးမောင် က ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်း များကို ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲဝင် သီချင်းများ (၁၁) ပုဒ်ကို နားဆင်အကဲဖြတ်၍ ဆန်ခါတင် (၄)ပုဒ် ရွေးချယ်ခဲ့ကြသည်။

ထို့နောက် ဆန်ခါတင်ရွေးချယ်ထားသည့်တေးသီချင်း(၄)ပုဒ် ကို ပြန်လည်နားဆင်အကဲဖြတ် အမှတ်ပေး ရွေးချယ်ခဲ့ကြရာ ပထမဆုအဖြစ် တေးရေး/တေးဆို ဟိန်းကို၏ “တို့ရဲ့ရှမ်းပြည်နယ် တန်ဆောင်တိုင်ပွဲ”၊ ဒုတိယဆုအဖြစ် တေးရေး/တေးဆို ဝင့်နိုင်ဦး၏ “တန်ဆောင်တိုင်ပွဲနွှဲပျော်မယ်”၊ တတိယဆုအဖြစ်  တေးရေး ဒီနေးရှင်း ၊ တေးဆို ဒီနေးရှင်းနှင့် နန်းနု တို့၏ “မဟောင်းတဲ့ရိုးရာပွဲ” တို့ကို အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

ပထမဆုရ တေးရေး/တေးဆို ဟိန်းကို၏ “တို့ရဲ့ရှမ်းပြည်နယ် တန်ဆောင်တိုင်ပွဲ” သီချင်းကို နိုဝင်ဘာလ ၄ ရက်နေ့ တွင်ပြုလုပ်မည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်း အနားနှင့် နိုဝင်ဘာ ၁၂ ရက်နေ့ တွင် ပြုလုပ်ကျင်းပမည့် ပိတ်ပွဲအခမ်းအနားတို့တွင်  တေးရေး/ တေးဆို ဟိန်းကို ကိုယ်တိုင် တိုင်းရင်းသား ညီအကိုမောင်နှမများနှင့်အတူ သီဆိုကခုန် ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး ဒုတိယဆု၊ တတိယဆုရ တေးသီချင်းများနှင့် ပြိုင်ပွဲဝင် တေးသီချင်းများအားလုံးကို တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကျင်းပရာ အဝေရာကွင်းအတွင်းထားရှိမည့်  LED ကြော်ငြာ ဘုတ်တွင် နေ့စဉ်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်သန်းဦး(ပြန်/ဆက်)