တောင်ဇလပ်ပန်း၊ ချယ်ရီပန်းနှင့် အောက်ချင်းနမ်းတဲ့ ချင်းတောင်ပေါ်က ကျေးလက်လမ်း(၃)

၂၀ ဇန်နဝါရီ

 

ကလေး-ဖလမ်း-ဟားခါးကားလမ်း။ ဖလမ်း-ဟားခါးအကွာအဝေးက မိုင် ၄၀ ခန့်သာရှိပြီး ဖလမ်းခရိုင်လမ်းဦးစီးဌာနက ၂၆ မိုင်နှင့် ဟားခါးခရိုင်လမ်းဦးစီးဌာနက ၁၄မိုင် ခွဲဝေကာ ၊ တာဝန်ယူဆောင်ရွက်ထားသောကြောင့် ကွန်ကရစ်နှင့် ကတ္တရာလမ်းများ ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်တို့ကို တင်ဆောင်လာသောကားကလေးသည် နှစ်နာရီလောက်သာ မောင်းခဲ့ရပြီး ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ ရောက်သွားသည်။

 

ဟားခါးတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ဆွေ၊ မြို့နယ်အင်ဂျင်နီယာ ဦးခမ်ဆင်းပေါင်၊ အင်ဂျင်နီယာ ဒေါ်ဇုန်ကူးတို့နှင့်တွေ့ပြီး ရေးရမည့် ကျေးလက်လမ်းများအကြောင်း မေးမြန်း ဖြစ်သည်။ ကျေးလက်လမ်းအကြောင်းများ ပြောရင်း ချင်းပြည်နယ်၌ တည်ဆောက်နေသော လေဆိပ်အကြောင်း ပါလာသဖြင့် ကျွန်တော့်အား ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တွေ့ပေးသည်။ ဝန်ကြီးနှင့် တွေ့ဆုံစဉ် ကျွန်တော်က ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်နေသော ကျေးလက်လမ်းများနှင့် လမ်းဦးစီးဌာနမှ လမ်းများအကြောင်း သတင်းနှင့်ဆောင်းပါးများရေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွက် တည်ဆောက်ပေးနေသည့် လေယာဉ်ကွင်းအကြောင်းကိုလည်း ရေးလိုကြောင်း တင်ပြရာ ဝန်ကြီးက ကျွန်တော်သတင်းရေးရန် လေဆိပ်တည်ဆောက်ရေးစီမံကိန်းမှ တည်ဆောက်ရေးစီမံချက် စာအုပ်နှင့် ဓာတ်ပုံစီဒီခွေကို ရရှိအောင်ဆောင်ရွက်ပေးသည်။ ထို့နောက် လေဆိပ်စီမံကိန်းအပြင် ပြည်နယ် မြို့တော်ဟားခါးနှင့် ခရိုင်မြို့ကြီး၌ အေစီလမ်းများခင်းပြီး နေကြောင်းကိုပါ သတင်းရေးသားရန် မှာသည်။

 

နောက်တစ်နေ့ နံနက်တွင် ဟားခါးခရိုင်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကတ္တရာလမ်းအဖြစ် ဆောင် ရွက်ခဲ့သည့် ၃ မိုင် ၇ ဖာလုံရှိသော ဟားခါး နှိရ်လောန် ကျေးလက်လမ်းအား သွားရောက်ကြည့်ကြသည်။ ဟားခါးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အင်ဂျင်နီယာ ဦးခမ်ဆင်းပေါင်နှင့် အင်ဂျင်နီယာ ဒေါ်ဇုန်ကူး လည်းပါသည်။ အဆိုပါလမ်းအဆုံးမှ နီရ်လောန်ကျေးရွာ ကလေးသည် ဟားခါးမြို့နှင့်နီးသဖြင့် မြို့ပေါ်ရပ်ကွက် တစ်ခုအတွင်းသွင်းပေးရန် ချင်းပြည်နယ် အစိုးရအဖွဲ့က စီစဉ်ခဲ့သော်လည်း ရွာလူထုက မြို့ပေါ်မှာ ရပ်ကွက်တစ်ခု အတွင်းမဝင်လိုဘဲ ကျေးရွာအဆင့်တွင်သာ နေလိုကြောင်း ပြန်လည်တင်ပြကြသဖြင့် ထိုရွာကလေးကို ကျေးရွာ အဆင့်သာထားရသည်ဟု သိရသည်။ ကျေးရွာထဲရောက်ပြီး ရွာအုပ်ချုပ်ရေးမှူးဆိုသူအား တွေ့သဖြင့် ထိုအကြောင်းနှင့် ၃ ဖာလုံရှိသည်ဟု သိရကာ ကွန်ကရစ်တံတား၊ သစ်သားတံတား၊ ရေကျော်တံတား၊ ကြိုးတံတား၊ ( ဘေလီတံတား၊ Box Culvert အပါအဝင်တံတား စုစုပေါင်း ၄၀၄ စင်းရှိ သည်ဟု သိရသည်။

 

ကျွန်တော်သည် ထိုကျေးလက်လမ်းအားလုံးရှိရာ မြို့ရွာအားလုံးနှင့် ချင်းပြည်နယ်တောင်ပိုင်းဖြစ်သော တီးတိန်၊ မတူပီတို့ မသွားနိုင်တော့ကြောင်း၊ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း၊ ဟားခါးခရိုင်တို့မှ ကျေးလက်လမ်းအချို့ကိုသာ သွားနိုင်မည်ဖြစ်ကြောင်းပြောပြရာ ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ဟားခါးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးတို့က ဟားခါး-မှီရ်လောန်ကျေးလက်လမ်းနှင့် ဟန်ခန်းသိကီရ်(ခ) ကျေးလက်လမ်းတို့ကို သွားရန်စီစဉ်ပေးကြသည်။

 

ဟရိန်ခန်း-သိကီရ် (ခ) ကျေးလက်လမ်းသည် အရှည် ( ၁၇ မိုင်ရှိသည်။ ရွာကလေးတွင် အိမ်ခြေပေါင်း ၅၄၆ အိမ်ရှိပြီး လူဦးရေ ၂၈၉၃ ဦး ရှိသည်။ ဟားခါးမှ မိုင် ၈၀ကျော်ကွာဝေးပြီး အိန္ဒိယနယ်စပ်နှင့် ၁၅ မိုင်ခန့်သာ ဝေးသောကျေးရွာကလေးဖြစ်သည်။ အဆိုပါကျေးရွာလေးမှာ ကားလမ်းမရှိဘဲ ဆိုင်ကယ်သာသွား၍ရသော မြေလမ်းကိုသာ အားကိုးနေရသောကြောင့် ကျေးရွာမှ ဟားခါးကို မေးကြည့်ရာ ဟုတ်မှန်ကြောင်း၊ ရွာသူ ရွာသားများက ကျေးရွာအဆင့်မှာပဲ နေလိုကြောင်း ပြောကြသည်ဟု ဆိုသည်။

 

ချင်းပြည်နယ်တွင် ကျေးရွာအုပ်စုပေါင်း ၄၇၀၊ ကျေးရွာပေါင်း ၁၄၁၆ ရွာ၊ ကျေးလက်အိမ်ခြေပေါင်း ၇၂၇၂၃ အိမ်၊ ကျေးလက်လူဦးရေ ၄၈၈၀၀၅ ဦးရှိပြီး ကျေးလက်လမ်းများမှာ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်လမ်း၊ မြေသားလမ်း၊ လူလမ်း၊ ဆိုင်ကယ်သွား လမ်း အပါအဝင် ကျေးလက်လမ်း စုစုပေါင်းမိုင် ၄၇၇၀ ထန်တလန်-စာဆီချောက်ကားလမ်းနှင့် ဆက်သွယ်၍ ရအောင် ၁၇ မိုင် ၂၁ ပေကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ ရန်ပုံငွေများဖြင့် ဟားခါးခရိုင် ကျေးလက်လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကျေးလက်လမ်းပြီးသွားလျှင် သိကီရ်(ခ)ကျေးရွာအပါအဝင် ကွာလ်တောင်ကြာတစ် ဝိုက်ရှိ ကျေးရွာများအတွက် အလွန်အသုံးဝင်သော ကျေးလက်လမ်း တစ်လမ်းဖြစ်တော့မည်ဟု သိရသည်။

 

ချင်းပြည်နယ်တွင် ယခင်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက အာရှဖွံ့ဖြိုးရေး ဘဏ်ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်ပေးနေသော ကျေးလက်လမ်းများလည်းရှိသည်။ ထိုလမ်းများမှာ ဟားခါး၌ ဟားခါး-ကျင်ခွာလမ်းဆုံ ၆ မိုင် ၂ ဖာလုံ၊ ထန်တလန်၌ ကြောင်ထီးယား-ဇဲဖိုင်လမ်း ၂၅ မိုင်၊ ဖလမ်း၌ ဖလမ်း-လိုင်းလွန်-ရှာလ်စီ-စွန်လီလမ်း ( ၁၄ မိုင်၊ တီးတိန်၌ ကနေဒီ-တီးဆောက်-ဝိန်းဝိ-ခိုင်ကမ်းလမ်း ၁၀ မိုင်၊ တွန်းဇံ၌ ဇမ်းပီးလမ်းဆုံ-ဇမ်းပီး( လိုင်ထုတ်-ဟိုင်ကျင်း- တီးခန်း လမ်း ၂၇ မိုင်၊ မင်းတပ်၌ ရှစ်-ထီးလီ-ဒုတ်-လှိရိန်း-ထားအိမ်နူး-မကွီ အိမ်နူးလမ်း ၄၆ မိုင်၊ မတူပီ၌ အမ်ဆွေး- မာဒူး-စီးလူးလမ်း ၂၂မိုင်တို့ကို တင်ဒါခေါ်ဆောင်ရွက်ခဲ့ရာ ဟားခါး၊ ကျင်ခွာလမ်း၊ ဖလမ်း-လိုင်းလွန်-ရှာလ်စီ- ခွန်လီလမ်း၊ ကနေဒီ-ထီးဆောက်-ဝိန်းဝိ-ခိုင်ကမ်းလမ်း၊ ဇပ်ပီးလမ်းဆုံမှ တီးမိန်းလမ်း၊ အမ်ဆွေး-မာဒူး-စီးလူး လမ်းတို့မှာ ရာနှုန်းပြည့်ပြီးသွားပြီဖြစ်သော်လည်း ထန်တလန်မှ ကြောင်ထီးယား-စဲဖိုင်လမ်းနှင့် မင်းတပ်မှ ရှစ်-ထီးလီ-ဒုတ်-လှိရိန်း- အိမ်နူး-မကွီအိမ်လမ်း တို့မှာ မပြီးသေးဟု သိရသည်။

 

ကျွန်တော်နှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာ ဦးခမ်ဆင်းပေါင် ပါဝင်သောအဖွဲ့က ထန်တလန် မြို့ကိုကျော်၍ ဟန်ခန်း-သိကီရ်(ခ) ကျေးလက်လမ်းသို့ သွားခဲ့သည်။ အင်ဂျင်နီယာက သိကီရ်(ခ) ကျေးရွာသို့ အရောက်ပို့မည်ဟုဆိုပြီး သွားသောအခါ ကျေးလက်လမ်းပေါ်မှာ ကျောက်များ ချခင်းလျက်ရှိနေသောကြောင့် ကားမောင်း၍ မရတော့သဖြင့် လှည့်ပြန်ခဲ့သည်။

 

ချင်းပြည်နယ်တွင် လမ်းအရှည်မိုင် ၁၃၁၆ မိုင် ၇ ဒသမ ၁၂ ဖာလုံရှိသည်။ ပြည်ထောင်စုအစိုးရက စီမံ ခန့်ခွဲသော လမ်းရှစ်လမ်း မိုင်အားဖြင့် ၄၂၆ မိုင် ၇ ဖာလုံ ရှိပြီး ပြည်နယ်အစိုးရစီမံခန့်ခွဲသောလမ်း ၂၅ လမ်း မိုင် အားဖြင့် ၈၉၀ မိုင် ၀ ဒသမ ၁၂ ဖာလုံ ရှိသည်။ ထို့ပြင် ၃၀-၉-၂၀၁၉ အထိ လမ်းဦးစီးဌာနပိုင် လမ်းပေါင်း မိုင်ပေါင်း ၄၃၇ မိုင် ၇ ဒသမ ၉၃ ဖာလုံရှိသည်ဟုသိရသည်။

 

အဆိုပါလမ်းမိုင်များကို ချင်းပြည်နယ် လမ်းဦးစီးဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ပြည်ထောင်စု အစိုးရခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၈၇၈ ဒသမ ၈၄၆ သန်း၊ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ် ၇၃၉၀ ဒသမ ၂၈၀၁ သန်း ခွင့်ပြုရန်ပုံငွေ နှစ်ရပ်ပေါင်း ကျပ် ၉၁၆၆၉ ဒသမ ၁၂၅၁ သန်း သုံးစွဲ၍ လမ်းများကို ပြုပြင်ခဲ့သည်ဟုသိရပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် သန်း ၁၀၁၁၄ ဒသမ ၇၅၀ နှင့် ပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ ကျပ် ၆၄၈၂၄ ဒသမ ၃၆၅ သန်း ခွင့်ပြုရန်ပုံငွေနှစ်ရပ်ပေါင်း ၇၄၉၃၉ ဒသမ ၁၀၅ သန်းကို ချင်းပြည်နယ်လမ်းဦးစီးဌာနသည် သုံးစွဲ၍ လမ်းများ ပြင်ဦးမည်ဟု သိရသည်။

 

ကျွန်တော်တို့အဖွဲ့ ထန်တလန်က ဟားခါးသို့ပြန် ရောက်ပြီးနောက်တစ်နေ့တွင် ဟားခါးကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက လိုက်ပို့သောကားဖြင့် ဖလမ်းသို့ ပြန်ခဲ့သည်။ ဖလမ်းဧည့်ရိပ်သာအရောက်တွင် ဖလမ်း ခရိုင်ကျေးလက်လမ်း ဦးစီးမှ လက်ထောက်ညွှန်ကြားရေးမှူး အင်ဂျင်နီယာဒေါ်ရွှေကီးနှင့် အင်ဂျင်နီယာ ဦးလာလ် ဟုတ်တန်၊ ဖလမ်းလမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး အင်ဂျင်နီယာ ဦးလှမင်းထန်တို့ကို တွေ့ရသည်။

 

ထိုနေ့ညနေပိုင်းတွင် လမ်းဦးစီးက ဖလမ်းခရိုင်နှင့် ပတ်သက်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တို ဘာလမှ ၂၀၁၉ စက်တင်ဘာလအထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာနှင့် ဓာတ်ပုံမှတ်တမ်းများပါရှိသော အစီရင်ခံစာတို့ကို လာပေးသည်။

 

ခရီးစဉ်အတွင်း ကမ္ဘာကျော် ရိဒ်ရေကန်သို့ တလပ်လွန်-ခင်ကန်-ခေါရွာ-ကျဲရ်ပွန်-ဖလမ်းမှ ရိဒ်ခေါဒါရ် မြို့သို့ သွားရသည့်လမ်းခရီးသည် ကျွန်တော့်အတွက် အပျော်ဆုံးဟု ဆိုရပေမည်။ အနီးကပ် တွေ့ခွင့်၊ ကြည့်ရှုခွင့်ရခဲ့သည့် ချင်းတောင်တန်းကြီးများကြားမှ အသည်းပုံစံ ရိဒ်ရေကန်ကြီး၊ ထို့အပြင် တောင်ဇလပ်ပန်းနှင့် ချယ်ရီပန်းများ၊ ချင်းပြည်နယ်၏ နယ်နိမိတ်တို့ကိုကာရံပေးထားသော တောင်တန်းကြီးများ၊ သဘာဝတရားနှင့် လှပနေသည့် တောတောင်ရေမြေများ၊ တောင်များပေါ်မှ ရစ်ခွေစီးကျလာနေသည့် စမ်းချောင်းကလေးများ၊ နွားနောက်ချိုမှုတ်သံများ၊ ရိုးရာအကများ၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူများ၏ ရိုးသားသော ဖော်ရွေမှုများ၊ ညို့ညို့မှိုင်းမှိုင်း ချင်းတောင် တန်းကြီးပေါ်မှ အောက်ချင်းငှက်နမ်းသည့် ကျေးလက်လမ်းများ စသည်တို့ကို ကျွန်တော်မေ့နိုင်တော့မည် မထင်ပါ။

 

ခရမ်းစိုးမြင့်

 

‌ေ်ိ