တောဆင်ရိုင်းများ၏ သွားလာလှုပ်ရှားမှုလမ်းကြောင်းများကို တည်နေရာပြ လည်ပတ်များ တပ်ဆင်၍ စောင့်ကြည့်လေ့လာလျက်ရှိ

articles_advs

ဘုတ်ပြင်း    ဩဂုတ်

 

တောဆင်ရိုင်းများ၏ သွားလာလှုပ်ရှားမှုလမ်းကြောင်းများ သိရှိနိုင်ရန်နှင့် ၎င်းတို့၏ ကျက်စားဧရိယာအကျယ်ဝန်း (Home Range)များ သိရှိရပြီး ရရှိလာသော လမ်းကြောင်းအချက်အလက်များပေါ်အခြေခံ၍ လူနှင့်ဆင် ပဋိပက္ခ ဖြစ်ရပ်များအား ကူညီဖြေရှင်းနိုင်ရန် တောဆင်ရိုင်းများအား မေ့ဆေးပေး၍ တည်နေရာပြလည်ပတ် (GPS collar) များတပ်ဆင်၍ စောင့်ကြည်လေ့လာမှုများကို တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ လေညာကြိုးဝိုင်းအနီးဝန်းကျင်တွင် ဆောင်ရွက်လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI)(မြန်မာနိုင်ငံအစီအစဉ်)မှ သိရသည်။

 

တည်နေရာပြ လည်ပတ်များ တပ်ဆင်ခြင်းအား တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်းရှိ လေညာကြိုးဝိုင်း အနီးဝန်းကျင်တွင် ကျက်စားလျက်ရှိသော တောဆင်ရိုင်းအုပ်ထဲမှ အသက် ၂၀ မှ ၄၀ အတွင်းရှိ တောဆင်ရိုင်း အထီးလေးကောင်နှင့် အမ တစ်ကောင် စုစုပေါင်း ကောင်အား ၂၀၁၉ အောက်တိုဘာလအတွင်း သစ်တောဦးစီးဌာန မြန်မာ့သစ်လုပ်ငန်းမှ အရေးပေါ်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ဒေသခံပြည်သူများနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(FFI)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တောဆင်ရိုင်း တို့၏ သွားလာလှုပ်ရှားမှုလမ်းကြောင်းများအား ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

 

"အာရှဆင်နဲ့ အာဖရိကဆင် ဆိုပြီး အဓိကဆင်အမျိုးအစား နှစ်မျိုးရှိတဲ့အနက် မြန်မာနိုင်ငံအတွင်း နေထိုင်ကျက်စားကြတာက အာရှဆင်အမျိုးအစား ဖြစ်ပါတယ်။ ဆင်တွေဟာ နိုင်ငံရဲ့ အဖိုးတန်သယံဇာတ ဖြစ်သလို ဂေဟစနစ်အရ သဘာဝပတ်ဝန်းကျင် တောတောင်တွေအတွက် ဥယျာဉ်မှူး (Ecological Engineers)တွေလည်း ဖြစ်ပါတယ်။ လက်ရှိကာလ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင်ရေ ၂၀၀၀ အောက်သာကျန်ရှိပြီး ကောင်ရေကျဆင်း လာရတာကတော့ မုဆိုးတွေရဲ့ သတ်ဖြတ်ခံရခြင်း၊ ဆင်တို့ရဲ့ ကျက်စားနေထိုင်တဲ့ နေရင်းဒေသတွေ ဖျက်ဆီးခံရခြင်း တို့ကြောင့် ဖြစ်ပါတယ်။ ယခင်က တောဆင်ရိုင်းတွေကို အစွယ်ရယူလိုမှုအတွက်သာ ဆင်ထီးတွေကို ရွေးချယ်သတ်ဖြတ်ခဲ့ကြပေမယ့် အခုနောက်ပိုင်း ဆင်စွယ်အပြင် အသား၊ အရေ၊ အရိုး၊ နှာမောင်း စတဲ့ အစိတ်အပိုင်း တွေအားလုံးကိုပါ တရားမဝင် ရောင်းဝယ်မှုပြုလုပ်ဖို့ သတ်ဖြတ်လာခဲ့ကြပါတယ်။ 

 

ဒါ့အပြင် လူတွေက တောထဲမှာနေထိုင်ပြီး တောင်ယာခုတ်ထွင်ခြင်း၊ စိုက်ခင်းများစွာကို လုပ်ကွက်တွေနဲ့ စီးပွားဖြစ် စက်မှုသီးနှံစိုက်ခင်းတွေ ဖော်ဆောင်လာကြသဖြင့် သစ်တောဧရိယာရှားပါးလာကာ တောဆင်တွေအတွက် စားကျက်မြေများ နည်းပါးလာလို့ သူတို့တွေဟာ ဒေသခံတွေစိုက်ပျိုးထားတဲ့ ဥယျာဉ်၊ စိုက်ခင်းတွေကို လာရောက်စားသောက်ရာမှ လူနဲ့ဆင် ပဋိပက္ခဖြစ်ရပ်တွေ ပိုပြီးဖြစ်လာရတယ်။ ဒါကြောင့် တောဆင်ရိုင်းတွေကို မေ့ဆေးပေးပြီး တည်နေရာပြလည်ပတ် (GPS collar)တွေ တပ်ဆင်၍ စောင့်ကြည့်လေ့လာမှုတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်" ဟု အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(FFI) (မြန်မာနိုင်ငံ အစီအစဉ်)မှ တနင်္သာရီ စီမံကိန်းမန်နေဂျာ ဒေါက်တာနေမျိုးရွှေက ပြောသည်။ 

 

ထိုသို့စောင့်ကြည့်လေ့လာမှုမှ ရရှိလာသောအချက်အလက်များကို အခြေခံ၍ လူနှင့်ဆင် ပဋိပက္ခ အများဆုံးရင်ဆိုင် ကြုံတွေ့နေရသော ကျေးရွာများ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ရပ်မိရပ်ဖများ၊ ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် ကြိုတင်ညှိနှိုင်းတိုင်ပင်၍ လူနှင့်ဆင် ပဋိပက္ခဖြစ်စဉ်များအား ကြိုတင်ရှောင်ရှားနိုင်စေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-ပိန်းဇလုပ်သိန်းညွန့်

ဓာတ်ပုံ-FFI